ကော်သူးလေတပ်မတော်ဖွဲ့စည်းမှုနဲ့ပတ်သက်လို့ မိတ်ဖက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအကြား အငြင်းပွားမှုရှိလာရင် ညှိနှိုင်းဖြေရှင်းကြဖို့ တနင်္သာရီအခြေစိုက်အဖွဲ့အစည်းတွေတိုက်တွန်း

ကော်သူးလေတပ်မတော်ဖွဲ့စည်းမှုနဲ့ပတ်သက်လို့ မိတ်ဖက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအကြား အငြင်းပွားမှုရှိလာရင် ညှိနှိုင်းဖြေရှင်းကြဖို့ တနင်္သာရီအခြေစိုက်အဖွဲ့အစည်းတွေတိုက်တွန်း

ကော်သူးလေတပ်မတော်ဖွဲ့စည်းမှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာအဖွဲ့တွေရဲ့ မိတ်ဖက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအကြား အငြင်းပွားမှုရှိလာခဲ့ရင် ညှိနှိုင်းဖြေရှင်းကြဖို့ တနင်္သာရီအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကျေးလက်အခြေပြုအဖွဲ့အစည်းတွေက မေတ္တာရပ်ခံတိုက်တွန်းလိုက်ပါတယ်။

KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှုးချုပ် စောနယ်ဒါးမြ ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ကော်သူးလေတပ်မတော်ကို KNU ရဲ့တပ်တွေဖြစ်တဲ့ KNLA/KNDO တို့က အသိမှတ်ပြုမှာမဟုတ်ဘူးလို့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အခုလိုမျိုးအခြေအနေတွေကြောင့် မြေပြင်မှာ စစ်အာဏာသိမ်းမှုကို နည်းလမ်းပေါင်းစုံနဲ့ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေအကြား မလိုလားအပ်တဲ့ စိတ်ဝမ်းကွဲပြားမှုတွေ၊ နောက်ဆက်တွဲပဋိပက္ခတွေကြောင့် ပြည်သူလူထုအခက်အခက်ဖြစ်လာမှာကို အထူးစိုးရိမ်တယ်လို့ တနင်္သာရီအခြေစိုက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

KNLA၊ KNDO တပ်ဖွဲ့တွေရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ PDF တွေနဲ့ ထပ်မံဖွဲ့စည်းလိုက်တဲ့ ကော်သူးလေတပ်မတော်ရဲ့ မိတ်ဖက် PDF တွေအကြား အငြင်းပွားမှုတွေရှိလာရင် ပြည်သူလူထုအကျိုးစီးပွားကိုရှေးရှုပြီး ညှိနှိုင်းဖြေရှင်းကြဖို့လည်းတိုက်တွန်းထားပါတယ်။

“အဓိက ဘုံရန်သူကစစ်ကောင်စီဖြစ်တယ်။ အစကတည်းက တည်ထောင်ခဲ့ကြတဲ့ PDF တွေအနေနဲ့ ကိုယ့်ရဲ့ ဦးတည်ချက်တွေ မဝေဝါးဘဲတစိုက်မတ်မတ်ဆက်သွားဖို့ အဓိကတိုက်တွန်းချင်ပါတယ်။ အခုဖြစ်သွားတဲ့ ဖွဲ့စည်းတည်ထောင်မှုနဲ့ပတ်သက်ပြီးတော့ မြေပြင်မှာ ကိုယ့်အချင်းချင်း တိုက်တာခိုက်တာမျိုး မလုပ်ကြဖို့အထူးမေတ္တာရပ်ခံချင်ပါတယ်” လို့ တနင်္သာရီအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူကပြောပါတယ်။

KNLA၊ KNDO နဲ့ ထပ်မံဖွဲ့စည်းလိုက်တဲ့ ကော်သူးလေတပ်မတော်တို့က ခေါင်းဆောင်တွေအနေနဲ့လည်း မြေပြင်က PDF အဖွဲ့တွေအချင်းချင်း နားလည်မှုလွဲမှားတာတွေရှိလာခဲ့ရင် ပဋိပက္ခတွေဖြစ်မလာစေဖို့အတွက်ထိန်းသိမ်းကြပ်မတ်ပေးစေလိုတယ်လို့ တာဝန်ရှိသူကဆိုပါတယ်။

လူမျိုးကြီးဝါဒ နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းပြီး အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး ခရီးလမ်းကို လျှောက်လှမ်းချိန်မှာ မတူကွဲပြားမှုတွေကို အင်အားအဖြစ်စုစည်းပြီး လက်တွဲညီညီဆောင်ရွက်ကြဖို့ကိုလည်း တနင်္သာရီအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကျေးလက်အခြေပြုအဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။

The Tanintharyi Times