“ တချို့အိမ်ရှင်တွေကျတော့လည်း စစ်ရှောင်တွေဆို မငှားချင်လို့ဈေးတင်ပစ်တာတွေ ရှိတယ်”
“ တချို့အိမ်ရှင်တွေကျတော့လည်း စစ်ရှောင်တွေဆို မငှားချင်လို့ဈေးတင်ပစ်တာတွေ ရှိတယ်”

တော်လှန်ရေး တပ်ဖွဲ့တွေ နဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ပွဲတွေအပြင် စစ်တပ်ရဲ့ အဆင်ခြင်မဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် တနင်္သာရီတိုင်းထဲက ကျေးလက်ဒေသနေ ပြည်သူတွေဟာ နေရပ်စွန့်ခွာပြီး အရပ်ဒေသအမျိုးမျိုးကို တိမ်းရှောင်နေကြရပါတယ်။
အဲ့ဒီထဲကမှ ထားဝယ်ခရိုင် လေးမြို့နယ်၊ ပုလောနဲ့ တနင်္သာရီမြို့နယ်တွေက ကျေးလက်ဒေသခံတွေကတော့ အဓိကစစ်ဘေးရှောင်နေကြရတာပါ။ စစ်ဘေးရှောင်ပြည်သူတွေဟာ တောတောင်တွေမှာ အရေးပေါ်စစ်ရှောင်ကြတာရှိသလို ကာလတစ်ခုကြာ မြင့်ချိန်မှာ ထားဝယ်နဲ့ မြိတ်မြို့ပေါ်တွေမှာ လာရောက် နေထိုင်စစ်ရှောင်ကြတာလည်းရှိပါတယ်။
အခုတပတ်ရဲ့ တောင်ပိုင်းသားတို့အသံ အင်တာဗျူးအစီအစဥ်မှာတော့ ကျေးလက်ဒေသက စစ်ရှောင်တွေအနေနဲ့ မြို့ပေါ်မှာစစ်ဘေးရှောင်းနေချိန် အိမ်ငှားပြီးနေထိုင်ကြရာမှာကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြောင်း မေးမြန်း တင်ဆက်ထားပါတယ်။
(တောင်ပိုင်းသားတို့အသံ)
◉ဒေါ်ယဥ်ပု (အမည်လွှဲ)
(စစ်ဘေးရှောင်အမျိုးသမီး ၊ထားဝယ်အရှေ့တောဒေသ၊ မေတ္တာမြို့၊ တောင်သုံးလုံးရွာ)
မေး – စစ်ဘေးရှောင်ပြီး မြို့ပေါ်မှာ အိမ်ငှားနေရတာကြာပြီလား။
ဖြေ – ကျမတို့အခုဆို မြို့ပေါ်မှာအိမ်ငှားပြီး လာနေတာနှစ်နှစ်နီးပါး ရှိပါပြီ။
မေး – ဘယ်ဒေသကနေ မြို့ပေါ်ကို ရွှေ့ပြောင်းလာတာလဲ။ စစ်ရှောင်နေရတာ အချိန်ကာလဘယ်လောက် ကြာပြီလဲ။
ဖြေ – ကျမတို့ ၂၀၂၄၊ နှစ်လပိုင်းကတည်းက ဒီကိုရွှေ့လာတာ အခုချိန်ထိပါပဲ။ လက်ရှိကတော့ အိမ်ငှားပြီးနေနေတယ်ပေါ့။ ရွာမှာ တိုက်ပွဲတွေ လက်နက်ကြီးတွေ ရှိနေတုန်းက လေယာဥ်မလာခင်ထိတော့ ကိုယ့်အိမ်ထဲမှာပဲ ကိုယ်အဆင်ပြေသလို နေကြတယ်ပေါ့နော်။ လေယာဥ်ဗုံးလာကြဲတဲ့အချိန်မှာ ကျမတို့ နေမရတော့ဘူး။ လေယာဥ်က အပေါ်ကနေ ဗုံးလာကြဲချနေတာ ဆိုတော့ အဲ့လိုပဲ တောတောင်ထဲမှာ နှစ်လ၊ သုံးလလောက် ဟိုပြေး ဒီပုန်း စစ်ရှောင်သေးတယ်။ တောထဲမှာ ကလေးတွေနဲ့ကလည်း အဆင်မပြေတော့ဘူးဆိုတော့ ကျမတို့ ထားဝယ်မြို့ထက်ကို တက်လာပြီးတော့ နေကြတယ်ပေါ့။
မေး – မြို့ပေါ်မှာ အိမ်ငှားနေထိုင်ရတာဘယ်လို အခက်အခဲတွေ ကြုံရလဲ။ စားရိတ်စကရောဘယ်လိုရှိလဲ။
ဖြေ – အခက်အခဲကတော့ ကိုယ့်အိမ်ကိုယ့်ရွာမဟုတ်ဘဲ အိမ်ငှားပြီးနေရတယ်။ စားရေး သောက်ရေးကတော့ အဆင်ပြေသလိုပေါ့။ အိမ်ငှားစာချုပ်ကတော့ ခြောက်လတစ်ခါ စာချုပ်ပြန်လုပ်ရတယ်။ အိမ်စလိုက်ရှာငှားတုန်းကတော့ တော်တော်မျက်နှာငယ်ရတယ်။ နောက်တော့ အဆင်ပြေတဲ့ အိမ်ရှင်တယောက်နဲ့ တွေ့တော့ သူ့အိမ်ကိုပဲ အခုထိ ဆက်တိုက်ငှားဖြစ်နေတယ်။ အိမ်ကတော့ မိသားစုများတော့ လုံးချင်းပဲ ရှာငှားဖြစ်တယ်။ အိမ်ငှားခကတော့ ခြောက်သိန်းပါ။ အခန်းတွေက တစ်သိန်းရှစ်သောင်းတို့၊ နှစ်သိန်းတို့ ရှိပါတယ်။ ကိုယ့်မှာကတော့ မိသားစုလိုက်ကြီး ရှောင်ပြေးလာရတာဆိုတော့ အခန်းကအဆင်မပြေပါဘူး။ ကျောင်းနေတဲ့ကျောင်းသားကလည်း သုံးယောက်ရှိပါတယ်။
မေး – စစ်ရှောင်ကာလ အခြေအနေတွေကြောင့် ပိုပြီးခက်ခဲတာမျိုးရောရှိလား။ အိမ်ရှင်တွေက အိမ်မငှားပေးတာမျိုးရော ကြုံရဖူးလား။
ဖြေ – ကျမတို့ငှားနေတဲ့အိမ်ရှင်က ဈေးတော့ မတက်လာသေးဘူး။ ဒါပေမဲ့ တခြားအိမ်ရှင်တွေက အိမ်တွေ အခန်းတွေ ဈေးတိုးတောင်းနေတယ်ဆိုတော့ ကျမတို့လည်း စိုးရိမ်ပြီးနေနေရတယ်။ ဈေးက ဒီ့ထက်များသွားရင် လုံးချင်းအိမ် ငှားနေနိုင်တော့ မယ်မထင်ဘူး။ တခြားဈေးနည်းပြီး ကျဥ်းတဲ့နေရာပဲ မိသားစုလိုက်ကြီး ပြောင်းနေရတော့မှာ။ အခုဆို ရွာက အသိတွေငှားနေတဲ့ အိမ်တွေ အခန်းတွေဆို အိမ်ရှင်တွေက ခြောက်လ မပြည့်တပြည့်ဖြစ်လာပြီဆို သုံးသိန်းကို သုံးသိန်းခွဲ၊ လေးသိန်းလောက် တိုးတောင်းတာတွေများတယ်။ ဘာလို့လဲဆိုတော့ အခုလက်ရှိ ထားဝယ်လေးမြို့နယ်စလုံးက တိုက်ပွဲတွေ ဖြစ်နေတော့ မြို့ပေါ်ကို ပြောင်းလာရသူတွေလည်း အများကြီးပဲ။ အဲ့တော့ အိမ်ငှားခတွေက ထားဝယ်မှာ ဈေးက တရိပ်ရိပ်တက်လာနေတာ။ အိမ်ငှားရလည်း ပိုပြီး ခက်ခဲလာတယ်။အိမ်ရှင်တွေက အိမ်ငှားရင် မိသားစုဘယ်လောက်လဲ၊ ဘယ်ကလာလဲ မေးတယ်။ နေရာဒေသသူတို့မကြိုက်ရင် မငှားကြတာလည်း ရှိတယ်။ ကျမတို့ အိမ်ရှင်လည်း အမြဲမေးတယ်။ ရွာက လူတွေရောက်လာရင် ဘယ်သူတွေလဲ ဘာလာလုပ်တာလဲတို့ အမြဲမေးပါတယ်။ အခက်ခဲက ဒီကို အိမ်လာငှားနေသူတိုင်းကတော့ ခက်ခဲနေကြတာပဲ။ ဒီလိုပဲ အိမ်ရှင်တွေနဲ့ အဆင် မပြေပြေအောင် လိုက်ညှိကြရတာပဲ။ တချို့လည်း အိမ်ခန်းတွဲလေးတွေမှာ မရ၊အရ နေနေကြရတာပဲ။ စစ်တပ်ကလည်း ရွာကို ပြန်မဝင်ခိုင်းဘူးလေ။ ဒီလိုပဲ အဆင်ပြေသလို နေကြရတာပဲ။
မေး – အိမ်ငှားဖို့အတွက် ရပ်ကွက်ထောက်ခံစာလုပ်ရတာတွေ လုပ်ရတာတွေရောရှိလား။ အဲ့လိုအချိန်တွေမှာရော ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေက မလုပ်ပေးတာမျိုး ရှိလား။
ဖြေ – ကျမတို့ဆီမှာတော့ ၁၅ ရက်တကြိမ် ဧည့်စာရင်းတိုင်ရပါတယ်။ တခြား ထောက်ခံစာလုပ်ရတာကတော့ အိမ်ငှားတဲ့အချိန်မှာ လုပ်ရတာရှိတယ်။ အဲ့ဒါက အိမ်ရှင်လုပ်ပေးလိုက်ပါတယ်။ ရွာကလာတဲ့ ခရီးသွားထောက်ခံစာကတော့ မပါဘူးပေါ့။ ရွာကပျက်သွားပြီကို။ ဧည့်စာရင်းတိုင်တာလည်း အဆင်ပြေသလို တိုင်ရတာပဲ။
မေး – အခုလိုမျိုး အိမ်ငှားနေထိုင်ရတာတွေ ခက်ခဲလာတော့ ရှေ့ဆက် ဘယ်လိုဆက်လုပ်ဖို့စဥ်းစားထားလဲ။
ဖြေ – ကျမတို့ကတော့ ကိုယ့်နေရာ ကိုယ့်ဒေသမှာပဲ အိမ်ကအတည်တကျရှိတာလေ။ အခုမြို့ပေါ်မှာတော့ အလုပ်မရှိဘူးလေ။ ဒါပေမဲ့ ကိုယ့်အသက်တစ်ချောင်းဆိုတော့ ဒီလိုပဲ မြို့ပေါ်မှာ အဆင်ပြေသလို နေကြရတာပဲ။ ရှေ့ဆက်ကတော့ အခြေအနေကောင်းရင်တော့ ရွာပြန်ဖို့ မျှော်လင့်တယ်။
မေး – ရွာကိုပြန်ရင် နေဖို့အိမ်ကရော ရှိသေးလား။ ရွာက အိမ်ကိုရော ပြန်ချင်လား။ ဘယ်လိုခံစားချက်မျိုးရှိနေလဲ။
ဖြေ – ရွာမှာ အိမ်ကရှိပါသေးတယ်။ ခေါင်းမိုးတွေကတော့ ပျက်စီးနေပြီ။ ဗုံးထိတာရယ် လက်နက်ကြီးထိတာရယ် အကောင်းအတိုင်းကြီးတော့ မကျန်တော့ဘူးပေါ့။ ကိုယ့်အိမ် ကိုယ့်ရာကိုတော့ နေ့တိုင်းပြန်ချင်တာပေါ့။ ဒါပေမဲ့ ကျမတို့က သေနတ်ကို ပိုကြောက်ရတယ်လေ။ ရွာထဲမှာလည်း မနေခိုင်းဘူးဆိုတော့ ဒီမှာပဲ နေရတာပေါ့။
မေး – တခြားပြောချင်တာရှိပါသေးသလား။
ဖြေ – မရှိတော့ပါဘူး။
◉မအေးချမ်း (အမည်လွှဲ)
(စစ်ဘေးရှောင်အမျိုးသမီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ)
မေး – စစ်ဘေးရှောင်ပြီး မြို့ပေါ်မှာ အိမ်ငှားနေရတာကြာပြီလား။
ဖြေ – စစ်ဘေးရှောင်ပြီး ထားဝယ်မြို့ပေါ်မှာနေလာတာ (၂) နှစ်ဝန်းကျင်လောက်တောင်ရှိနေပါပြီ။
မေး – ဘယ်ဒေသကနေ မြို့ပေါ်ကို ရွှေ့လာတာလဲ။ စစ်ရှောင်နေရတာ ကာလဘယ်လောက်ကြာပြီလဲ။
ဖြေ – ရေဖြူ၊ ကံပေါက်ဒေက ပြောင်းလာတာပါ။ အခုဆိုရင် စစ်ရှောင်တာ သုံးနှစ်နီးပါဖြစ်နေပါပြီ။
မေး – မြို့ပေါ်မှာ အိမ်ငှားနေထိုင်ရတာဘယ်လို အခက်အခဲတွေ ကြုံရလဲ။ စားရိတ်စက ကရောဘယ်လိုရှိလဲ။
ဖြေ – မြို့ပေါ်မှာအိမ်ငှားနေရတာက စကစအုပ်ချုပ်မှုအောက် ကုန်ဈေးနှုန်းအစ အရာရာဈေးကြီးလာတော့ အရာရာခက်ခဲမှုတွေကြုံလာရပါတယ်။ ဘာတွေခက်ခဲလာတယ်ဆိုတော့ စားဝတ်နေရေးစရိတ်၊ မီတာခ၊ ဆေးရုံဆေးခန်းစရိတ် စစရာရာ ဈေးတွေထိုးတက်လာတော့ ခက်ခဲလာတာပေါ့။
မေး – စစ်ရှောင်ကာလ အခြေအနေတွေကြောင့် ပိုပြီးခက်ခဲတာမျိုးရောရှိလား။ အိမ်ရှင်တွေက အိမ်မငှားပေးတာမျိုးရော ကြုံရဖူးလား။
ဖြေ – စစ်ရှောင်ကာလအခြေအနေတွေမှာပိုမိုခက်ခဲလာပါတယ်။ အိမ်ရှင်၊ အခန်းပိုင်ရှင်တွေက သူတို့ခေါ်တဲ့ဈေးအတိုင်း ပေးပြီးနေထိုင်ကြတော့ နှစ်ဦးနှစ်ဖက်ကြားပြေပြေလည်လည်ပါပဲ။ အရင်ကအခန်းငှားခဈေးတွေကတော့ နှစ်ဆယ်ရာခိုင်နှုန်းလောက်တောင် တက်လာတယ်။ သူတို့ဈေးနှုန်းတက်တဲ့အတိုင်းပေးပြီးနေထိုင်ရတာပေါ့။ စစ်ဘေးရှောင်တွေအားလုံးလည်း ဈေးမဆစ်ဘဲ သူတို့သတ်မှတ်ထားတဲ့ ဈေးအတိုင်းပဲနေရတာပေါ့။
မေး – အိမ်ငှားဖို့အတွက် ရပ်ကွက်ထောက်ခံစာလုပ်ရတာတွေ လုပ်ရတာတွေရောရှိလား။ အဲ့လိုအချိန်တွေမှာရော ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေက မလုပ်ပေးတာမျိုး ရှိလား။
ဖြေ – နေတဲ့ရွာက အုပ်ချုပ်ရေးမှူး၊ ရဲစခန်းထောက်ခံစာယူရပါတယ်။ ပြေပြေလည်လည်ချောချောမွေ့မွေ့ဖြစ်ချင်ရင် လာဘ်ထိုးရပါတယ်။ လာဘ်ဘာကြောင့်ထိုးရသလည်းဆိုတော့ အရာရာပြေပြေလည်လည်ချောချောမွေ့ဖြစ်အောင်ပါ။ လာဘ်မထိုးရင် ဟိုမရ ဒီမရတွေ ပတ်ပြောပြီး အခက်အခဲဖြစ်အောင်လုပ်လို့။ ဘယ်လောက်ပေးရလဲ ဆိုတော့ ငါးသောင်း တစ်သိန်း စာရွက်စာတမ်းလုပ်တဲ့သူပေါ်မူတည်ပြီး မသိမသာပေးရတယ်။
မေး – အခုလိုမျိုး အိမ်ငှားနေထိုင်ရတာတွေ ခက်ခဲလာတော့ ရှေ့ဆက် ဘယ်လိုဆက်လုပ်ဖို့စဥ်းစားထားလဲ။
ဖြေ – အခုလိုအချိန်မှာ အရာရာအဆင်မပြေပေမဲ့ ရသလိုလေး ရုန်းကန်စားသောက်နေထိုင်ရပါတယ်။ ဘာတွေရုန်းကန်စားသောက်ရလည်းဆိုတော့ မုန့်လုပ်တတ်သူကမုန့်လုပ်ရောင်း၊ အပြင်အလုပ်ထွက်လုပ်နိုင်သူက အပြင်ရတဲ့အလုပ်ထွက်လုပ်ပြီး မိသားစုစားဝတ်နေရေးအတွက် ရတဲ့အလုပ်လုပ်ကြပြီး ရုန်းကန်စားသောက်နေထိုင်ကြပါတယ်။
မေး – ရွာကိုပြန်ရင် နေဖို့အိမ်ကရော ရှိသေးလား။ ရွာက အိမ်ကိုရော ပြန်ချင်လား။ ဘယ်လိုခံစားချက်မျိုးရှိနေလဲ။
ဖြေ – ရွာပြန်ရင် နေဖို့အိမ်ရှိသလို၊ မရှိတဲ့သူတွေလည်း ရှိကြပါတယ်။ လက်နက်ကြီးထိပြီး အိမ်တွေပျက်စီးတာရှိတယ်။ လက်နက်ကြီးကျပြီး မပေါက်သေးတာတဲ့ စစ်တပ်ထောင်ထားတဲ့ မိုင်းတွေလည်း ရွာထဲမှာရှိတယ်။ အဲတော့ ပြန်ချင်ပေမဲ့ ပြန်နေလို့ မရတော့တဲ့ အခြေအနေတွေ ဖြစ်ကြကုန်ပါပြီ။
◉ဒေါ်တိုး (အမည်လွှဲ)
(စစ်ဘေးရှောင်အမျိုးသမီး ၊တနင်္သာရီမြို့နယ်၊ ကျေးလက်ဒေသတစ်ခု)
မေး – စစ်ဘေးရှောင်ပြီး မြို့ပေါ်မှာ အိမ်ငှားနေရတာကြာပြီလား။
ဖြေ – စစ်ရှောင်ပြီး မြို့ပေါ်မှာ လာနေနေတာ (၂) နှစ်ကျော်ပါပြီ။ ကျမတို့မြို့နယ်ဘက်က စစ်ရေးအခြေအနေတွေကြောင့် ဟိုရွာ ဒီရွာ တောထဲ တောင်ထဲ ရှောင်ပြီး နေကြသူတွေလည်း အများကြီးပါပဲ။
မေး – ဘယ်ဒေသကနေ မြို့ပေါ်ကို ရွှေ့လာတာလဲ။ စစ်ရှောင်နေရတာ ကာလဘယ်လောက်ကြာပြီလဲ။
ဖြေ – တနင်္သာရီမြို့နယ်ထဲက ရွာဘက်ကနေ ရှောင်လာတာပါ။
မေး – မြို့ပေါ်မှာ အိမ်ငှားနေထိုင်ရတာဘယ်လို အခက်အခဲတွေ ကြုံရလဲ။ စားရိတ်စကရောဘယ်လိုရှိလဲ။
ဖြေ – အိုးပစ်အိမ်ပစ်စစ်ရှောင်လာရတာဆိုတော့ ခက်ခဲပါတယ်။ ရွာမှာဆို ကိုယ့်အိမ်နဲ့ကိုယ် အိမ်ငှားခ ပေးစရာမလိုဘူးလေ။ ရေဖိုးမီးဖိုးလည်း သက်သာတယ်။ ဒီမှာကတော့ ရေခ မီးခ အိမ်ငှားခ အကုန်အကျ အရမ်းများတယ်။ အလုပ်အကိုင်ကလည်း အဆင်မပြေပါဘူး။ ဒီမှာ အိမ်ငှားရ အိမ်ရှာရ အရမ်းတော့မခက်ခဲပါဘူး။ ကျမငှားနေတာကတော့ ချောင်ကျတဲ့ရပ်ကွက်က တိုက်ခန်းလေးပါ။ မိသားစုအားလုံး စုနေကြတာပေါ့။ အိမ်ငှားခကတော့ တစ်လကို ရှစ်သောင်းပါ။ အသုံးစရိတ်တွေလည်း ဈေးကြီးတော့ ထိုင်းကပြန်ပို့သမျှတွေလည်း မစုမိပါဘူး။
မေး – စစ်ရှောင်ကာလ အခြေအနေတွေကြောင့် ပိုပြီးခက်ခဲတာမျိုးရောရှိလား။ အိမ်ရှင်တွေက အိမ်မငှားပေးတာမျိုးရော ကြုံရဖူးလား။
ဖြေ – မြို့ပေါ်မှာ အိမ်ငှားပြီးနေတဲ့သူတွေတော့ ပိုများလာတယ်။ ရွာကလူတွေလည်း အများကြီးပါပဲ။ အဓိကခက်ခဲတာကတော့ အလုပ်အကိုင်နဲ့ ငွေကြေးပါပဲ။ ကောင်းတဲ့ အိမ်ရှင်နဲ့ ကြုံရင်တော့ အဆင်ပြေတာပေါ့။ တချို့အိမ်ရှင်တွေကျတော့လည်း စစ်ရှောင်တွေဆို မငှားချင်လို့ဈေးတင်ပစ်တာတွေရှိတယ်။ အဓိကက အိမ်ရှင်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဆင်ပြေရင် ရပါတယ်။
မေး – အိမ်ငှားဖို့အတွက် ရပ်ကွက်ထောက်ခံစာလုပ်ရတာတွေ လုပ်ရတာတွေရောရှိလား။ အဲ့လိုအချိန်တွေမှာရော ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေက မလုပ်ပေးတာမျိုး ရှိလား။
ဖြေ – ထောက်ခံစာက နေထိုင်ခွင့်ပြုကြောင်းထောက်ခံတယ်ဆိုတဲ့ ထောက်ခံစာလုပ်ထားရတယ်။ ရပ်ကွက်ထောက်ခံစာပါ။ ဧည့်စာရင်းသီးသန့်တိုင်ရတာမျိုးတော့မရှိပါဘူး။ ကျမတို့ရပ်ကွက်က နည်းနည်း နေရတာအဆင်ပြေတဲ့ထဲပါတယ်။ တချို့ရပ်ကွက်တွေဆို တော်တော်ရစ်တယ်ကြားတယ်ဗျ။
မေး – အခုလိုမျိုး အိမ်ငှားနေထိုင်ရတာတွေ ခက်ခဲလာတော့ ရှေ့ဆက် ဘယ်လိုဆက်လုပ်ဖို့စဥ်းစားထားလဲ။
ဖြေ – အိမ်ငှားပြီးနေရတာခက်ခဲပေမဲ့ ဘယ်လိုလုပ်မယ်။ ဒီလိုပဲ ရှေ့ဆက်ရင်ဆိုင်ရဦးမှာပေါ့။ အခုလက်ရှိတော့ အလုပ်ကလည်းမရှိတော့ ရှိတာတွေ ထုခွဲရောင်းချပြီး နေနေတယ်။ ရှေ့ဆက်ဖြစ်လာမဲ့ အခြေအနေကိုကြည့်ပြီးတော့တော့ ရင်ဆိုင်မယ်။ ကျမရဲ့ အမျိုးသားနဲ့ သားက ထိုင်းမှာ အလုပ်သွားလုပ်နေပါတယ်။ သူတို့တဲ့ ပိုက်ဆံနဲ့ပဲ မိသားစုအခက်အခဲကို ဖြေရှင်းရပါတယ်။
မေး – ရွာကိုပြန်ရင် နေဖို့အိမ်ကရော ရှိသေးလား။ ရွာက အိမ်ကိုရော ပြန်ချင်လား။ ဘယ်လိုခံစားချက်မျိုးရှိနေလဲ။
ဖြေ – ရွာမှာက ကိုယ့်အိမ်က ခုလက်ရှိထိတော့ ရှိနေသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ရှိနေပါ့မယ်ဆိုတာကို မသေချာဘူး။ နောက်ကို ဘာတွေကြုံရမလဲ မပြောနိုင်ဘူးလေ။ ရွာကိုတော့ ပြန်ချင်ပေမဲ့ ရွာမှာက ခဏခဏတိုက်ပွဲတွေဖြစ်တာရယ်၊ ကျန်းမာရေးအတွက် ဆေးဝါးအခက်အခဲရှိတာတွေကြောင့် လတ်တလောတော့ မပြန်သေးဘူးလို့ တွေးထားပါတယ်။
မေး – တခြားပြောချင်တာရှိပါသေးသလား။
ဖြေ – တခြားဘာပြောချင်လဲဆိုတော့ အရင်ကတော့ နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ ထင်ခဲ့မိတယ်။ အခုတော့ နိုင်ငံရေးဆိုတာ လူသားအားလုံးနဲ့ဆိုင်တယ်ဆိုတာကို ကျမသိလိုက်ပါပြီ။ နိုင်ငံအေးချမ်းမှ ကျမတို့ အိမ်ပြန်နိုင်မှာလေ။
The Tanintharyi Times