မြို့အဝင်အထွက် ဂိတ်တွေကို စစ်ကောင်စီတပ်က ပိတ်လိုက်လို့ ရန်ကုန်-မြိတ် ခရီးသွားယာဉ်တွေ ပုလောမှာပိတ်မိနေတာ နှစ်ရက်ရှိပြီ
မြို့အဝင်အထွက် ဂိတ်တွေကို စစ်ကောင်စီတပ်က ပိတ်လိုက်လို့ ရန်ကုန်-မြိတ် ခရီးသွားယာဉ်တွေ ပုလောမှာပိတ်မိနေတာ နှစ်ရက်ရှိပြီ

မြို့အဝင်၊ အထွက် စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီတပ်က ပိတ်လိုက်တဲ့အတွက် ရန်ကုန်-မြိတ် ခရီးသွားကားတွေ ပုလောမှာ ပိတ်မိနေတာ နှစ်ရက်ရှိနေပြီလို့ ဒေသခံတွေနဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
အခုလ ၂၀ ရက်နေ့ မနက်ပိုင်းကတည်း ပုလောမြို့နဲ့ ပလမြို့မှာရှိတဲ့စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီတပ်ဘက်က ပိတ်ချထားတာဖြစ်ပြီး ဒီကနေ့ညအထိ ဖြတ်သန်းခွင့်မပေးဘူးလို့ သိရပါတယ်။
ရန်ကုန် – မြိတ် ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတစ်လိုင်းကို ဖုန်းဆက်မေးမြန်းချိန်မှာတော့ “ ရန်ကုန်က ဆင်းတဲ့ကားတွေရော မြိတ်ဘက်ကတက်တဲ့ကားတွေရောအကုန်ပိတ်မိနေတယ်။”လို့ ကားလိုင်းက အမျိုးသမီးတစ်ဦးက အတည်ပြုပြောပါတယ်။
ခရီးသည်တင်ကားတွေ ပိတ်မိနေတဲ့လမ်းတလျှောက်ဟာ တိုက်ပွဲမကြာခဏဖြစ်နေတဲ့နေရာတွေဖြစ်တဲ့အတွက် စားသောက်စရာ ထမင်းဆိုင်တွေ နည်းပါးတဲ့အတွက် ပိတ်မိနေတဲ့ ခရီးသွားတွေ စားရေး၊ သောက်ရေးအခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပလဒေသခံတစ်ဦးက ” ပလမှာထမင်းချက်ပြီး ထမင်းထုပ်လိုက်လှူပေးနေရတယ်။ အခက်ခဲတွေဖြစ်နေတယ်။ တကိုယ်ရေသန့်ရှင်းရေးတွေကအစ။ ကားတန်းအရှည်ကြီးဆို မျက်စိတဆုံးပဲ။” လို့ပြောပါတယ်။
အခုလိုကားလမ်းပိတ်ထားတာဟာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ပွဲဖြစ်ပွါးနေပြီး နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့်ဖြစ်တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။
မနေ့မနက်ပိုင်းကတည်းကနေ ဒီကနေ့ထိ ပဝတ်ကုန်းရွာနဲ့နန်းတောင်ရွာတွေမှာ ပစ်ခတ်မှု နှစ်ရက်ဆက်တိုက်ဖြစ်နေပြီး နှစ်ဖက်ထိခိုက်၊ ကျဆုံးတာတွေရှိနေတယ်လို့လည်း ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
အခုလ ၁၆ ရက်နေ့ကလည်း နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်နေတာကြောင့် ပုလောမြို့နဲ့ ပလမြို့မှာရှိတဲ့စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီတပ်က ၈ နာရီခန့် ဖြတ်သန်းခွင့်ပိတ်ဆို့ခဲ့ပါတယ်။
လက်ရှိအချိန်ထိ ပုလောမြို့နယ်ထဲမှာ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ခရီးသွားပြည်သူတွေ အနေနဲ့ မလိုအပ်ဘဲ ခရီးမသွားဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မေတ္တာရပ်ခံထားပါတယ်။
The Tanintharyi Times