ဇွန်လ ၂၂ ရက် The Tanintharyi Times ရဲ့ မနက်ခင်းသတင်း

ဇွန်လ ၂၂ ရက် The Tanintharyi Times ရဲ့ မနက်ခင်းသတင်း

ထားဝယ်-ထီးခီးလမ်းမှာ စစ်ကောင်စီထုတ်အရက်၊ ဘီယာတွေကို နှစ်ရက်ဆက်ဖျက်ဆီး

ထားဝယ်-ထီးခီးလမ်းပိုင်းမှာ စစ်ကောင်စီထုတ် အရက်ဘီယာတွေကို နှစ်ရက်ဆက်ဖမ်းဆီးပြီးဖျက်ဆီးခဲ့တယ်လို့ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု(DEF-PDF) ကပြောပါတယ်။

ဇွန်လ ၁၉ ရက်နဲ့ ၂၀ ရက်နေ့မှာ ထားဝယ်မြို့ဘက်ကနေ သယ်ဆောင်လာတဲ့ Dagonအမှတ်တံဆိပ် ပါအရက်ပုလင်းတွေ၊ မန်းရမ်အမှတ်တံဆိပ် အရက်ပုလင်းတွေ၊ Goldအမှတ်တံဆိပ် အရက်ပုလင်းတွေ၊ မြန်မာရမ်တွေနဲ့ ဘီယာဘူးတချို့ကို ဖမ်းဆီးပြီးဖျက်ဆီးခဲ့တယ်လို့ DEF-PDF ရဲ့ တာဝန်ရှိသူကပြောပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးထောင့်တိုင်လုပ်ငန်းတွေကနေ ဝင်ငွေမရရှိစေဖို့ရည်ရွယ်ပြီး အခုလိုဖျက်ဆီးတာဖြစ်တယ်လို့ဆိုပါတယ်။

—————-

ထားဝယ်မြို့ခံ ၆ ဦး ဖမ်းဆီးခံရ

ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်က ပြည်သူ ၆ ဦးကို စစ်ကောင်စီတပ်က ဇွန် ၂၀ ရက် ည ၁၀ နာရီအချိန်လောက်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

အဖမ်းဆီးခံရသူတွေဟာ ဘုမ္မော် ၇ လမ်းမှာနေထိုင်တဲ့ အမျိုးသား ၅ ဦး နဲ့ အမျိုးသမီး ၁ ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်မှာလည်း ၅ ရက်အတွင်း ဖမ်းဆီးခံရသူဟာ ၂၆ ဦးအထိရှိနေပြီ ဖြစ်ပါတယ်။

◉ သွေးလွန်တုပ်ကွေး ဆိုရင်…

—————-

တနင်္သာရီမှာ ဇွန်လအတွင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် သုံးဦး အပါအဝင် စစ်ကောင်စီသတင်းပေးဆိုသူ ၁၅ ဦးထက်မနည်း သေဆုံး

တနင်္သာရီတိုင်းမှာ ရက်နှစ်ဆယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့အဝင် သုံးဦးအပါအဝင် စစ်ကောင်စီသတင်းပေးဆိုသူ ၁၅ ဦးထက်မနည်း အသတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

ဒီစာရင်းဟာ ဇွန်လ ၁ ရက်ကနေ ၂၀ ရက်အထိ အသတ်ခံရသူတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ ဒေသခံတွေရဲ့ပြောဆိုချက်တွေအပေါ်မူတည်ပြီးပြုစုထားတဲ့စာရင်းဖြစ်ပါတယ်။

အဲဒီရက်နှစ်ဆယ်အတွင်းမှာပဲ စစ်ကောင်စီတပ်တွေနဲ့ သွေးသောက်အဖွဲ့တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းနဲ့ တနင်္သာရီမြို့နယ်တွေက ပြည်သူ ၁၀ ဦးကျော်သေဆုံးခဲ့ပါတယ်။

—————-

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသူ စုစုပေါင်း ၁၉၉၃ ဦး ရှိပြီ

နွေဦးတော်လှန်ရေးကာလမှာ ကျဆုံးခဲ့သူ စုစုပေါင်းဟာ ၁၉၉၃ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက သိရပါတယ်။

အာဏာသိမ်းမှုအစ ၂၀၂၁၊ ဖေဖော်ဝါရီလ ၁ရက်ကနေ ဒီနေ့ ဇွန်လ ၂၀ရက်နေ့အထိ ရက်ပေါင်း ၅၀၅ရက် အထိရရှိထားတဲ့စာရင်းတွေ ဖြစ်တယ်လို့သိရပါတယ်။

ဒီအရေအတွက်ဟာ AAPP က ကောက်ယူရရှိထားတဲ့ အရေအတွက်သာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူဟာ အဲဒီအရေအတွက်ထက် ပိုများနေနိုင်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

◉ မျှော်လင့်ချက်ကို ပြန်လည်ဖမ်းဆုပ်ခြင်း

—————-

ဒစ်ဂျစ်တယ် မြန်မာကျပ် အသုံးပြုနိုင်မဲ့ NUGPay ကို ယခုလကုန်ပိုင်းမှာ စသုံးနိုင်မယ်

ယခုလကုန်ပိုင်းမှာ NUGPay ကို စတင်အသုံးပြုနိုင်မယ်လို့ NUGရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံ့မှု ဝန်ကြီးဌာန ဒုဝန်ကြီးက မီဒီယာတွေကို ပြောပါတယ်။

NUGPay ကို Android စနစ်သုံးဖုန်းတွေမှာ စတင်သုံးခွင့်ရမယ်လို့ ဒုဝန်ကြီး ဦးမင်းဇေယျာဦးက ပြောထားပါတယ်။

ဝန်ဆောင်မှုစတင်ချိန်မှာ ပြည်တွင်းမှာသာမက UK ၊ US နဲ့ ဥရောပနိုင်ငံတွေအပါအဝင်ပြည်ပနိုင်ငံတွေမှာပါ စတင်အသုံးပြုနိုင်မယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

အသုံးပြုနိုင်မယ့် နိုင်ငံတွေက မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ UK၊ US နဲ့ ဥရောပနိုင်ငံတွေမှာ စတင် အသုံးပြုနိုင်မှာ ဖြစ်ပြီး ဆက်လက် တိုးချဲ့ဖို့လည်း အစီအစဉ်ရှိတယ်လို့ဆိုပါတယ်။

The Tanintharyi Times