“ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ “ တာဝန်ခံနဲ့ အင်တာဗျူး
“ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ “ တာဝန်ခံနဲ့ အင်တာဗျူး

မြန်မာနိုင်ငံတောင်ပိုင်းကို အနောက်တောင်မုတ်သုံလေ ဝင်ရောက်ပြီလို့ မိုးဇလဌာနအသီးသီးက ထုတ်ပြန်အသိပေးထားပါတယ်။ နှစ်စဉ်မိုးရွာသွန်းမှုများတဲ့ တနင်္သာရီဒေသမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ထွန်းလာတဲ့ စစ်ရှောင်တွေကလည်း သုံးသောင်းလောက်ရှိနေပါပြီ။ ဒီအခြေအနေမှာ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့အဖွဲ့တွေက ဘာတွေ ကြိုတင်ပြင်ဆင်နေကြပါပြီလဲ။ သူတို့ လိုအပ်နေတဲ့ အကြောင်းအရာတွေက ဘာတွေ ရှိနေမလဲဆိုတာတွေကို သိနိုင်ဖို့ “ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ “ တာဝန်ခံနဲ့ မေးမြန်းထားတာတွေကို တနင်္သာရီတိုင်းမ်ရဲ့ “တောင်ပိုင်းသားတို့အသံ” ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
မေး – အခုလာမဲ့ မိုးရာသီအတွက် စစ်ရှောင်တွေနဲ့ပတ်သက်ပြီး ဘာတွေပြင်ဆင်နေတာရှိလဲ။
ဖြေ – ကျနော်တို့စစ်ရှောင်ကူပေးနေတဲ့သူတွေအနေနဲ့ အရေးပေါ်ရိက္ခာပြင်ဆင်နေတာမျိုး လုပ်နေတာရှိတယ်။ နောက်တစ်ခုက မိုးရာသီမှာ အရေးတကြီး လိုအပ်နိုင်တဲ့ ဆေးဝါးပေါ့။ အဓိကက ငှက်ဖျားလိုမျိုးရောဂါတွေအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ ဆေးဝါးတွေစုဆောင်းတာမျိုး ကျနော်တို့လုပ်နေတာရှိပါတယ်ခင်ဗျ။
မေး – အရင်နှစ်မိုးရာသီတုန်းကရော တနင်္သာရီတိုင်းထဲက စစ်ဘေးရှောင်တွေမှာ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ။ ဒီနှစ်ရောဘယ်လိုအခက်အခဲတွေကြုံရနိုင်တယ်လို့ခန့်မှန်းထားတာရှိလဲ။
ဖြေ – ကျနော်တို့တိုင်းက မိုးများတဲ့ ဒေသဖြစ်တယ်။ မိုးများတဲ့ အတွက်ကြောင့်မို့ ရေကြီးရေလျှံတာတွေ ချောင်းတွေမှာ ရေကျော်တဲ့ဟာတွေ အဲလိုမျိုးတွေရှိပါတယ်။ စစ်ရှောင်တွေနေတဲ့ တချို့နေရာတွေဆို ရေကြီးတာမျိုးတွေကြုံခဲ့ရတယ်။ ဆိုတော့ အဲလိုမျိုးအနေအထားမှာ စစ်ရှောင်တွေအနေနဲ့ ရေဘေးကင်းတဲ့ နေရာတွေမှာ လိုက်နေရတာမျိုးတွေရှိခဲ့ပါတယ်။
နောက်တစ်ခုက ရိက္ခာတွေပါ။ စစ်ရှောင်တွေလိုအပ်တဲ့ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့အတွက် လိုအပ်တဲ့လမ်းခရီး ကြပ်တည်းတာတွေ၊ ရေကြီးတာတွေကြောင့် ဖောင်တွေနဲ့သွားရတဲ့အထိ ကျနော်တို့မှာရှိခဲ့ပါတယ်။ အဲလိုမျိုး အခက်အခဲတွေ ပုံမှန်အားဖြင့် နှစ်တိုင်းလိုလို ကြုံရနိုင်တဲ့ အနေအထားရှိတယ်ခင်ဗျ။ ဒါကြောင့် တချို့နေရာတွေမှာ ကြိုတင်ပြီးတော့ ရိက္ခာစုဆောင်းတဲ့ အပိုင်းတွေကို ကျနော်တို့လုပ်ဆောင်နေပါတယ်။ ဒီအခက်အခဲတွေအပြင် ဒီနှစ်မိုးရာသီမှာ နောက်ထပ်ကြုံရနိုင်တာက တိုက်ပွဲတွေလည်း ပိုပြီးများလာနိုင်တဲ့ အနေအထားမှာ ရှိနိုင်တယ်ပေါ့နော်။ ဒါကြောင့် စစ်ရှောင်အရေအတွက်လည်းများလာနိုင်တယ်။ ခုနကပြောတဲ့ အရာတွေကလည်း စစ်ရှောင်အရေအတွက် များလာတာနဲ့ အတူ ပိုပြီးတော့ခက်ခဲလာနိုင်တယ်လို့ ကျနော်တို့ ခန့်မှန်းထားပါတယ်။
မေး – ဒီအခက်အခဲတွေကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ဖို့ပြင်ဆင်ထားလဲ။
ဖြေ – အဲဒီအခက်ခဲတွေကို ရင်ဆိုင်ဖို့ဆိုရင် ကျနော်တို့ပုံမှန်အသုံးပြုနေတဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေအပြင် တခြားလမ်းကြောင်းတွေကို သေချာလေးကြိုတင်ရှာဖွေထားဖို့လိုတယ်။ ရေကြီးရေလျှံလာရင် ဘယ်လိုသယ်ယူကြမလဲ ဆိုတာမျိုးတွေ ကြိုတင်လုပ်ထားလို့ရတယ်။ နောက်တစ်ခုက ရေကြီးရေလျှံနိုင်တဲ့ အနေအထားနဲ့ ကြုံရတဲ့ စစ်ရှောင်တွေအတွက်ကို လုံခြုံတဲ့နေရာတွေမှာ ကြိုရွှေ့ထားတာမျိုးပေါ့နော်။ အဲဒါမျိုးတွေ ကျနော်တို့လုပ်လို့ရတဲ့ အနေအထားရှိတယ်။
နောက်တစ်ခုက ကျတော့ အရေးပေါ်စစ်ရှောင်ခဲ့ရသည်ရှိသော် အဲဒီစစ်ရှောင်တွေအတွက်ကို ဘယ်လိုလမ်းကြောင်းတွေက နေပြီးတော့ လုံခြုံတဲ့နေရာကို ပို့ကြမလဲဆိုတာမျိုး ကျနော်တို့ စစ်ရှောင်အရေးကိုကူညီနေတဲ့ သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်လို့ရတဲ့ အနေအထားမှာ ရှိပါတယ်။
မေး – တနင်္သာရီဒေသမှာ အခုနှစ်မိုးရာသီ အခက်ခဲဆုံးဖြစ်နိုင်တဲ့ စစ်ရှောင်တွေက ဘယ်ဒေသက စစ်ရှောင်တွေဖြစ်မလဲ။ ဘာကြောင့်လဲ။
ဖြေ – တနင်္သာရီဒေသက မိုးများတဲ့ဒေသဖြစ်တယ်။ ဆိုတော့ မိုးရွာသီဆိုရင် ဒေသမှာရှိတဲ့ နေရာတော်တော်များများမှာက မိုးကြီးကြတယ်ပေါ့နော်။ အဲလိုမျိုးအနေအထားမှာ ဘယ်ဒေသက စစ်ရှောင်တွေက ပိုပြီးတော့ အခက်အခဲဖြစ်တယ်ဆိုတာမျိုးက ပြောရတော့ ခက်တယ်ခင်ဗျ။ အခုအနေအထားအရဆိုရင် တနင်္သာရီရယ်၊ ပုလောရယ် အဲဒီမြို့နယ်တွေမှာကျတော့ စစ်ရှောင်တွေက များနေဆဲပေါ့နော်။ ဆိုတော့ အဲဒီဒေသတွေမှာပဲ အခက်အခဲပိုဖြစ်နိုင်တယ်လို့ ကျနော်တို့အနေနဲ့ ထင်ပါတယ်။ လက်ရှိအနေထားအရ ဘယ်နေရာမှာမိုးများမလဲဆိုတာမျိုး ပြောရတော့နဲနဲခက်တယ်။ အဓိကက စစ်ရှောင်တွေရှိတဲ့နေရာမှာပဲ အခက်အခဲ ပိုဖြစ်လိမ့်မယ်လို့ ကျနော်တို့အနေနဲ့ ယူဆထားပါတယ်။
မေး – မနှစ်က ထက်စာရင် ဒီနှစ်က စစ်ရှောင်ဦးရေပိုများလာတာကိုတွေ့ရတယ်။ စစ်ရှောင်တွေများလာတာနဲ့ ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာတွေ လိုအပ်ချက်မြင့်လာတာဆိုတော့ ဒီဟာကိုရော စစ်ရှောင်စခန်းတွေအနေနဲ့ ဘယ်လိုဖြေရှင်းနေကြရပါသလဲ။
ဖြေ – မနှစ်ကထက် ဒီနှစ်မိုးရာသီမှာက စစ်ရှောင်အရေအတွက် ပိုများတယ်။ ဒီအတွက် လိုအပ်တဲ့အပိုင်းတွေလည်း ပိုပြီးတော့များလာတယ်။ အနည်းဆုံး အမိုးအကာလိုအပ်ချက်တွေကတော့ ရှိလာနိုင်တယ်။ အဲဒီလို ပိုပြီးတော့ လိုအပ်ချက်များလာတာတွေအတွက်ကို စစ်ရှောင်အရေးကူညီပေးနေတဲ့ သူတွေရယ် ပြီးတော့ စစ်ရှောင်စခန်းမှာစီမံခန့်ခွဲမှု လုပ်နေတဲ့ သူတွေကနေပြီးတော့ပဲ ဖြေရှင်းရမယ်လို့ မြင်တယ်။ ခုနကပြောတဲ့အခက်ခဲတွေသည် မနှစ်ကလည်းပဲ ကျနော်တို့ကြုံရတယ်။ အဲဒီအခက်အခဲတွေကို သာဓက ယူပြီး ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အပိုင်းကို အဓိကထားဆွေးနွေးပြီးတော့ တချို့စစ်ဘေးရှောင်စခန်းတွေမှာ ကြိုတင်ပြင်ဆင်နေတာမျိုးတွေရှိပါတယ်။
မေး – စစ်ရှောင်တွေအတွက် ရန်ပုံငွေရရှိမှုအခြေအနေက ဘယ်လိုရှိလဲ။
ဖြေ – ရန်ပုံငွေလို့ပြောရမယ်ဆိုလို့ရှိရင် အခုချိန်မှာ ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အကူအညီတွေနဲ့ ကူညီပေးနေရတာရှိတယ်။ နောက်တစ်ခုက ပြည်သူလူထုဆီကနေ အလှူခံပြီးတော့ ကျနော်တို့ စစ်ရှောင်တွေကို ကူပေးတယ်ပေါ့နော်။ အနေအထားက ဘယ်လိုဖြစ်နေလဲဆိုတော့ လိုအပ်ချက်က အမြဲရှိနေတယ်။ ကျနော်တို့လိုအပ်နေတဲ့ ပမာဏ ပြည့်မီတဲ့ အနေအထားမှာတော့ မရှိဘူးပေါ့နော်။ တချို့ နေရာတွေမှာဆိုလို့ရှိရင် စစ်ရှောင်စခန်းနဲ့ နေရတာဖြစ်တဲ့ အတွက် သိန်းရာဂဏန်းကုန်တဲ့ စခန်းတွေရှိတယ်ပေါ့နော်။ အဲဒီရန်ပုံငွေတွေကို ဖြည့်တင်းနိုင်ဖို့ကကျတော့ မရှိနေသေးဘူး။ လိုအပ်ချက်ကတော့ အမြဲရှိနေတယ်လို့ ပြောလို့ရပါတယ်။
မေး – ဒီနှစ်ထဲမှာဆိုရင် စစ်ဘေးရှောင်စခန်းတွေနားမှာတိုက်ပွဲဖြစ်လို့ စစ်ရှောင်တွေထွက်ပြေးခဲ့ရတာရှိတယ်။ မိုးရာသီမှာ အဲဒီလိုမျိုးရွှေ့ရ၊ ပြောင်းရမဖြစ်အောင်ဘယ်လိုတွေပြင်ဆင်ထားသလဲ။
ဖြေ – စစ်ရှောင်စခန်းတွေအနေနဲ့က ပြီးခဲ့တဲ့ ဒီနှစ်ထဲမှာပဲပေါ့နော် အနီးအနားမှာတိုက်ပွဲတွေဖြစ်လို့ရွှေ့ခဲ့ရတာမျိုးရှိခဲ့ပါတယ်။ ဒါသည် ပုလောမြို့နယ်မှာရှိတဲ့ ကျနော်တို့စစ်ဘေးရှောင်စခန်းထဲက တစ်ခုဖြစ်တယ်၊ ဆိုတော့ အဲလိုမျိုးမဖြစ်အောင် ကျနော်တို့စစ်ဘေးရှောင်ကူညီပေးနေတဲ့သူတွေအနေနဲ့က ဒီထက်ပိုလုံခြုံတဲ့ နေရာတွေကိုကြိုတင်ရှာဖွေပြီးတော့ပဲ ပြင်ဆင်ထားတာမျိုး တွေ့ရတယ်။ အဲဒီရွှေ့ခဲ့ရတဲ့ စခန်းဆိုတာကလည်းပဲ လုံခြုံရေးအရ လုံခြုံမှုနည်းပါးတဲ့ အခြေနေဖြစ်တယ်။ နောက်ပိုင်းကျတော့ အဲလိုမျိုးမဖြစ်ရအောင် စစ်ဘေးရှောင်စီမံခန့်ခွဲနေတဲ့ သူတွေနေနဲ့ကလည်း ပိုပြီးလုံခြုံတဲ့ နေရာတွေကို ရှာဖွေပြီးတော့ စစ်ရှောင်တွေကိုထားလို့ရအောင် ပြင်ဆင်နေတာမျိုးရှိပါတယ် ခင်ဗျ။
မေး – တနင်္သာရီစစ်ဘေးရှောင်အရေးနဲ့ပတ်သက်ပြီး ပြည်သူတွေကို ဘာတွေများပြောချင်တာရှိပါသလဲ။
ဖြေ – မကြာခင်မိုးရာသီလည်းရောက်လာတော့မယ်။ ခုနကပြောသလိုပဲ တနင်္သာရီဒေသသည် မိုးများတဲ့ ဒေသဖြစ်တယ်။ အဲဒီနည်းတူပဲ တိုက်ပွဲတွေပိုပြီးတော့ ဖော်ဆောင်လာဖို့ ရှိတယ်ဆိုပြီးလည်း ကျနော်တို့ယူဆတယ်။ ဆိုတော့ အဲလိုအနေအထားမှာ တိုက်ပွဲဧရိယာနဲ့ နီးကပ်တဲ့ ပြည်သူတွေအနေနဲ့ မိုးရာသီအတွက်ကို ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ ကျနော်တို့တိုက်တွန်းပါတယ်။ တဖက်မှာလည်း စစ်ရှောင်ကူညီပေးနေတဲ့ သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားတာရှိပေမဲ့လည်း ကိုယ့်မိသားစု ကိုယ့်ရဲ့ရပ်ရွာအတွက် ကိုယ့်ဟာကိုယ်ပြင်ဆင်ရမဲ့ အပိုင်းလည်းပဲ အရေးကြီးတယ်လို့ ကျနော်တို့ အနေနဲ့ မြင်တယ်။
နောက်တစ်ခုကကျတော့ တိုက်ပွဲဧရိယာနဲ့လှမ်းတဲ့ ပြည်သူတွေအနေနဲ့က ခုနကပြောတဲ့ ရံပုံငွေလုံလောက်မှုမရှိတာ တခြားလိုအပ်ချက်တွေလည်းရှိနေတဲ့အနေအထားမှာ ပြည်သူတွေရဲ့ ထောက်ပံ့ကူညီမှုအင်အားတွေ လူသားချင်းစာနာတဲ့စိတ်ထားတွေနဲ့ ကူညီပေးတဲ့ သူတွေကို လည်း ကျနော်တို့ အများကြီး လိုအပ်တယ်ပေါ့နော်။ ကူညီပေးဖို့အတွက်ကိုလည်း ကျနော်တို့အနေနဲ့ တိုက်တွန်းချင်ပါတယ်။
The Tanintharyi Times