အငြိုးနဲ့ရှို့တဲ့မီးတောက်

အငြိုးနဲ့ရှို့တဲ့မီးတောက်

နိုဝင်ဘာလ ၁ ရက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုဝေယံစိုးရဲ့ မိသားစုနေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြတာကို ပြည်တွင်း သတင်းဌာနအသီးသီးက ဖော်ပြခဲ့ပြီးဖြစ်သလို တနင်္သာရီတိုင်းမ်ကလည်း ဖော်ပြခဲ့ပါတယ်။

သတင်းဌာနတော်တော်များများမှာ ဖော်ပြချက်တွေဟာ နေအိမ်မီးရှို့ဖျက်ဆီးခံရတယ်ဆိုတဲ့ အချက်အလက်တစ်ခုကို အဓိကထားဖော်ပြကြတာကို တွေ့ရပါတယ်။
အဲဒီဖြစ်ပျက်ဟာ မီးရှို့ဖျက်ဆီးခံရတယ်ဆိုတဲ့အချက်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပါ လုပ်ဆောင်ခဲ့တယ်လို့ အဲဒီဖြစ်စဉ် မျက်မြင်တွေ့ခဲ့တဲ့သူတွေ၊ မီးလောင်ခံရတဲ့ မိသားစုဝင်ရဲ့ ဆွေမျိုးတော်စပ်တဲ့သူတွေက ပြောဆိုကြပါတယ်။

ဥပမာတစ်ခုအနေနဲ့ မီးရှို့ခံရတဲ့နေအိမ်က ပရိဘောဂပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကားတွေနဲ့ သယ်သွားပြီးမှ နေအိမ်ကိုမီးရှို့ခဲ့တာမျိုးဖြစ်ပါတယ်။
နေအိမ်ကိုမီးရှို့ခဲ့တာဟာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပဲဆိုတာကို မျက်မြင်တွေ့တဲ့သူရှိပါတယ်။ အဲဒီ မျက်မြင်သက်သေတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်ကိုမီးရှို့နေတဲ့ဖြစ်စဉ်ကို ပုန်းအောင်းနေရာကနေ မြင်နေခဲ့တာလို့ဆိုပါတယ်။

နေအိမ်ကိုမီးရှို့တဲ့ဖြစ်စဉ်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနဲ့အ​ငြိုးနဲ့လုပ်ဆောင်ခဲ့လေသလားလို့ မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် မီးရှို့ခံရတဲ့နေ့က ရဲတပ်ဖွဲ့ဝင်တစ်ဦး စစ်ပြဲ လောင်းလုံးသွားလမ်းတစ်နေရာဖြစ်တဲ့ တောင်ဇင်းလမ်းမှာ ပစ်အသတ်ခံခဲ့ရပါတယ်။
အဲဒီနေ့မတိုင်ခင် အောက်တိုဘာလ ၃၁ ရက်ကလည်း အောက်ရေဖြူကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနေအိမ်မီးရှိူ့ခံရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသေးတယ်။ အောက်ရေဖြူကျေးရွာဟာ စစ်ပြဲကျေးရွာနဲ့ တစ်ရွာကျော်လောက်ပဲဝေးပါတယ်။နောက်တစ်ခုက သကျက်တော၊ ညင်းမော်၊ စစ်ပြဲ၊ သဗျာ၊ အင်းဇောက် စတဲ့လောင်းလုံးမြို့နယ်ထဲက ရွာငါးရွာက မိုင်တဲတာဝါတိုင်တွေ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။

အဲဒီဖြစ်စဉ်တွေကိုလုပ်ဆောင်တဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ဖော်ထုတ်ဖမ်းဆီးမနိုင်တာကြောင့် အထက်အရာရှိတွေရဲ့ ဖိအားပေးခံရပြီး လောင်းလုံးနယ်တ‌ကြော ပြည်သူတွေ ကြောက်အောင် အကြမ်းဖက် မီးရှို့ပြလိုက်တာဖြစ်မယ်လို့ ဒေသခံတွေက ယုံကြည်နေကြပါတယ်။
လောင်းလုံး – စစ်ပြဲသွားလမ်းဖြစ်တဲ့ တောင်ဇင်းလမ်းမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး အသတ်ခံရပြီးတဲ့နောက်မှာ စစ်ပြဲရွာနဲ့ အနီးနားကျေးရွာဖြစ်တဲ့ ပြင်းထိန်ရွာနဲ့ လောင်းလုံးမြို့ပေါ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက နေအိမ်တွေထဲ လိုက်လံရှာဖွေဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုမင်းလွင်ဦးရဲ့မိခင်ကိုလည်း ရဲတပ်ဖွဲ့ဝင် အသတ်ခံရတဲ့နေ့က ပြင်းထိန်ရွာမှာ ဖမ်းဆီးခဲ့ပြီးတော့ နေအိမ်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပဲ ဖျက်ဆီးသွားခဲ့ပါတယ်။ သူတို့ဖမ်းချင်တဲ့ ကိုမင်းလွင်ဦးကို မမိတာကြောင့် သူ့မိခင်ကို ဓားစာခံအ​ဖြစ်ဖမ်းသွားတာပါ။
ကိုမင်းလွင်းဦးနဲ့ ကိုဝေယံစိုးတို့ဟာ လောင်းလုံးမြို့နယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းရဲ့ တပ်ဦးမှာ စက်တင်ဘာလအထိ ပေါ်ပေါ်တင်တင်ပါဝင်လှုပ်ရှားနေသူတွေဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးကို ပုဒ်မအမျိုးမျိုးတပ်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ ဖမ်းဆီးဖို့ကြိုးစားပေမယ့် အဖမ်းမခံခဲ့ရအောင် တိမ်းရှောင်နိုင်ခဲ့ကြပါတယ်။

အဲဒီအချက်ကလည်း ‌လောင်းလုံးမြို့နယ်ကို ထိန်းချုပ်ချင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် ဖိအားတစ်ခုဖြစ်နိုင်ပါတယ်။
မြေပြင်မှာ စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ အထက်အရာရှိအဆင့်ဆင့်ရဲ့ ဖိအားပေး စေခိုင်းချက်တွေကြောင့်လို့ သုံးသပ်နိုင်ပါတယ်။
အထက်ကဖိလေ အောက်ခြေမှာ အကြမ်းဖက်မှုပိုဖြစ်လေလေဖြစ်လာမှာပါ။

ကိုဝေယံစိုးရဲ့နေအိမ် မီးရှို့ခံရချိန်ဟာ နိုဝင်ဘာလ ၁ ရက် ည ၁၂ နာရီ သန်းခေါင်ချိန်မှာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီချိန်မတိုင်မီ ည ၈ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ပြဲရွာထဲ လိုက်လံရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
မီးရှို့ခံရတဲ့အိမ်အပါအဝင် ကိုဝေယံစိုးရဲ့ ဆွေမျိုးအိမ် သုံးအိမ်လောက် ရှာဖွေဖျက်ဆီးခံခဲ့ရပါသေးတယ်။ ဆိုင်ကယ် ၂ စီးနဲ့ အခြားအိပ်ထောင် ပရိဘောဂပစ္စည်းတွေကို အဓမ္မသိမ်းဆည်းသွားပါတယ်။ နောက်တစ်ကြိမ်ထပ်လာပြီး သူတို့ဖမ်းချင်တဲ့သူကို မမိရင် နေအိမ်မီးရှို့မယ်လို့ ပြောဆိုသွားပါတယ်လို့ဆိုကြပါတယ်။
ည ၁၂ နာရီ နေအိမ်မီးမရှို့ခင် ည ၈ နာရီလောက်မှာ မီးရှို့မယ့်အိမ်မှာရှိတဲ့ ပရိဘောဂပစ္စည်းတွေကို ကားတွေနဲ့သယ်သွားပါတယ်။ ကုန်ပြီဆိုမှ မီးတင်ရှို့ကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

မိသားသာစုဝင်တွေဟာ ညမအိပ်ရဲတော့တာကြောင့် ကြိုတင်တိမ်းရှောင်နိုင်ခဲ့လို လွတ်မြောက်သွား‌ခဲ့တာပါ။ မဟုတ်ရင် အသက်အန္တရာယ်နဲ့ပါကြုံရနိုင်တယ်လို့ ဒေသခံတွေက မချိတင်ကဲပြောဆိုကြပါတယ်။
စစ်တပ်ဟာ ပြည်သူပိုင်ပစ္စည်းတွေ အဓမ္မသိမ်းဆည်းတဲ့အဖွဲ့အစည်းမျိုး၊ ဖျက်ဆီးတဲ့အဖွဲ့အစည်းမျိုးဆိုတာကို နိုင်ငံရဲ့နေရာတိုင်းမှာ မြင်တွေ့နိုင်ပါတယ်။
နေအိမ်မီးလောင်နေတဲ့နေရာကို မီးသတ်ကားတွေ ရောက်လာခဲ့ပေမယ့် အချိန်မမီခဲ့ပါဘူး။ ဟန်ပြသက်သက်ရောက်လာခဲ့တာလို့ ဒေသခံတွေက ဝေဖန်ပါတယ်။
မီးလောင်တဲ့နေရာကို မြို့နယ်မီးသတ်တပ်ဖွဲ့က မီးသတ်ကားတွေ လာမယ်ဆိုရင် ခန့်မှန်းခြေအားဖြင့် အများဆုံး မီနစ် ၃၀ အတွင်းရောက်နိုင်ပါတယ်။
လူသူလေးပါး ကင်းရှင်းနေတဲ့ ညဘက်ကြီးမောင်းလာမယ်ဆို အဲအချိန်ထက်ပိုစောနိုင်ပါသေးတယ်။ ဒါပေမယ့် မီးသတ်ကားတွေ ရောက်လာတဲ့အချိန် နေအိမ်ဟာ ပြာပုံထဲရောက်နေပြီလို့ ဒေသခံတွေက ဆိုပါတယ်။

မလေးရှားနိုင်ငံကနေ ပြန်လာတာ ရက်ပိုင်းပဲရှိသေးတဲ့ စစ်ပြဲရွာသားတစ်ယောက်မှာလည်း သိန်းချီတန်တဲ့ လက်ကိုင်ဖုန်း ‌၆ လုံးကို သိမ်းဆည်းသွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီဖုန်းတွေဟာ မလေးရှားကနေ ရွာမှာရှိတဲ့ ဆွေမျိုးတွေကို လက်ဆောင်ပေးလိုက်တဲ့ ဖုန်းတွေလို့သိရပါတယ်။

အဲဒီအပြင်မှာ နိုဝင်ဘာလ ၃ ရက်မှာ ကထိန်ခင်းဖို့လုပ်နေတဲ့ စစ်ပြဲကျေးရွာအုပ်စု ရှေ့ဖက်ကားကျေးရွာက အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းသွားပါသေးတယ်။
တဆက်တည်းမှာ လောင်းလုံးမြို့ပေါ်မှာလည်း နေအိမ်တွေထဲ ဝင်ဖမ်းတာတွေလုပ်ခဲ့တာကြောင့် မြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ CDM ဝန်ထမ်းတစ်ဦးရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးသွားခဲ့ပါတယ်။

တောင်ဇင်းလမ်းရဲတပ်ဖွဲ့ဝင် ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ မိုင်တဲတာဝါတိုင် ၅ တိုင်ဖောက်ခွဲခဲ့တဲ့ ဖြစ်ရပ်ဟာ ကျေးရွာနေပြည်သူတွေနဲ့ မပတ်သတ်ဘဲ သူတို့လုပ်ဆောင်တာဖြစ်တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကြွက်မနိုင် ကျီမီးနဲ့ရှို့ဆိုသလို လက်နက်မဲ့၊ အပြစ်မဲ့ ပြည်သူတွေကိုသာ အနိုင်ကျင့်နေတာပါ။

သူတို့ အငြိုးထားတဲ့ရွာဆိုရင် ရက်အတော်ကြာ တပ်စွဲပြီး ရွာထဲမွှေနှောက်ဖမ်းဆီးပါတော့တယ်။ အခုဖြစ်စဉ်မှာလည်း စစ်ပြဲအရှေ့ပိုင်း စာသင်ကျောင်းနဲ့ ပြင်းထိန်ရွာမှာ စစ်တပ်က တပ်စွဲခဲ့ပါတယ်။ စစ်ပြဲမှာတော့ နိုဝင်ဘာလ ၂ ရက် မနက်ပိုင်းမှာပဲ တပ်စွဲတာပြန်ရုပ်သွားပေမယ့် ပြင်းထိန်မှာတော့ စွဲထားဆဲဖြစ်ပါတယ်။

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်ရဲ့ မိခင်ဖြစ်သူကို ဓားစာခံလုပ်ဖမ်းဆီးတာ၊ နေအိမ်မီးရှို့တာတွေဟာ သူတို့အထိနာခဲ့တာကြောင့် ပြည်သူတွေကို အငြိုးနဲ့ လုပ်ဆောင်တာတွေဖြစ်တယ်ဆိုတာ အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်အလက်တွေကို ဆက်စပ်မယ်ဆိုရင် မြင်သာထင်သာရှိနေတာပဲဖြစ်ပါတယ်။
(ဒီထက်ပိုတဲ့အချက်အလက်တွေရှိသေးတယ်ဆိုတာကို သိရပေမယ့် ဆက်သွယ်ရေးအခက်အခဲနဲ့ ဖြေဆိုသူတွေရဲ့ လုံခြုံရေး အခက်အခဲတွေကြောင့် မဖော်ပြနိုင်ခဲ့ပါ။)