ရှေ့နေမဲ့ တရားရုံး၊ ရုံးချိန်းနဲ့ အမိန့်များ
ရှေ့နေမဲ့ တရားရုံး၊ ရုံးချိန်းနဲ့ အမိန့်များ
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ၊ကျောင်းသားတွေ၊ CDMဝန်ထမ်းတွေနဲ့ သာမန်ပြည်သူ အများအပြားဟာ ဖမ်းဆီးအကျဥ်းချခံခဲ့ရပါတယ်။ ထားဝယ်အကျဥ်းထောင်မှာတော့ အာဏာသိမ်းဖြစ်စဥ်နောက်ပိုင်း နိုင်ငံရေးအကျဥ်းသားအားလုံးကို ထောင်ထဲမှာတရားရုံးအသစ်တစ်ခုပြုလုပ်ပြီး တရားရင်ဆိုင်စေခဲ့ပါတယ်။
ထောင်တွင်းတရားရုံးမှာ အမှုစစ်ဆေးတဲ့အချိန် အစပိုင်းမှာ နိုင်ငံရေးအမှုတွေကိုရှေ့နေများကွန်ရက်က ငွေကြေးမယူဘဲ ရှေ့နေလိုက်ပါဆောင်ရွက်ပေးခဲ့ပါတယ်။
ဒါပေမယ့်လည်း ဇူလိုင်လလောက်ကနေစပြီး နိုင်ကျဥ်းတွေကိုလိုက်ပါကူညီဆောင်ရွက်ပေးတဲ့ရှေ့နေတွေကိုပါ အရေးယူမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ဒါကြောင့် တချို့ရှေ့နေတွေ အမှုလိုက်ပါဆောင်ရွက်နိုင်ခြင်းမရှိဘဲ တိမ်းရှောင်ခဲ့ကြရပါတယ်။
အဲဒီအချိန်ကစပြီးငွေကြေးမတတ်နိုင်တဲ့ နိုင်ငံရေးအကျဥ်းသားတွေဟာ ရှေ့နေမပါဘဲ ဆက်လက်တရားရင်ဆိုင်ရပါတော့တယ်။
ငွေကြေးတတ်နိုင်တဲ့သူဆိုရင်တောင် လိုက်ပါဆောင်ရွက်တဲ့ရှေ့နေက အနည်းစုပဲရှိပါတယ်။
အောက်တိုဘာလမှာတော့ ၅၀၅အမှုတွေကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဒေါ်စန္ဒာချိုအဖမ်းခံခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ ရှေ့နေတွေအားလုံးနီးပါးဟာ အမှုလိုက်ပါဆောင်ရွက်နိုင်ခြင်းမရှိတော့ဘဲ သူတို့ရဲ့ရှေ့နေပါဝါတွေကိုပြန်အပ်လိုက်ကြရပါတယ်။
“နိုင်ငံရေးအမှုကိုလိုက်ပါဆောင်ရွက်ပေးရင်ပဲ အားပေးကူညီမှုနဲ့ဖမ်းမယ်ဆိုတာတွေပါ ကြားလာရတော့ ကျွန်မတို့လည်းမလုံခြုံတော့ဘူးလေ။ ရှေ့နေပါဝါတွေပြန်အပ်လိုက်ရတာပါပဲ “လို့နိုင်ငံရေးအမှုတွေကိုလိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ရှေ့နေတစ်ဦးကပြောပါတယ်။
ရှေ့နေရှိလို့အမှုကကွင်းလုံးကျွတ် လွတ်မြောက်တာမရှိပေမယ့်လည်း ရှေ့နေတွေရဲ့ချေပမှုကြောင့်တချို့ပုဒ်မတွေကိုဆက်လက်တရားစွဲဆိုလို့မရတော့ဘဲပယ်ဖျက်ပေးလိုက်ရတာမျိုးတွေရှိပါတယ်။
အဲဒီအခြေနေနဲ့ပတ်သက်လို့ အကျဥ်းသားတဦးရဲ့မိသားစုဝင်က အခုလိုပြောပါတယ်။
“မိသားစုနဲ့တွေ့ခွင့်မရတဲ့အတွက် လိုအပ်တဲ့ ဆေးဝါး ၊အစားအသောက်၊ အသုံးအဆောင်တွေကို ရှေ့နေတွေကတဆင့်မှာကြရတယ်။ ရှေ့နေမရှိတော့ တော်တော်အဆင်မပြဖြစ်ရတယ်။ တရားရုံးထဲမှာလည်း သူတို့သဘောဖြစ်သွားတာပေါ့။ စောင့်ကြည့်တဲ့သူမရှိဘူး လုပ်ချင်ရာလုပ်ပဲ။ စစ်ခုံရုံးနဲ့ဘာမှမခြားဘူး” လို့သူကပြောပါတယ်။
အခုဆိုရင်မိသားစုဝင်တွေဘက်က ရုံးချိန်းဘယ်နှရက်လဲဆိုတာတွေ ဘယ်လိုတွေစစ်ဆေးနေသလဲဆိုတာတွေကိုမသိရတော့ပါဘူး။
တချို့ဆိုရင် ကိုယ့်မိသားစုဝင် ဘယ်နှနှစ်အမိန့်ချခံလိုက်ရတယ်ဆိုတာကိုတောင် တစ်လလောက်နေမှသိခွင့်ရခဲ့ပါတယ်။
ရှေ့နေတွေမရှိကြတော့ မိသားစုနဲ့အဆက်သွယ်ပြတ်တောက်ကုန်ကြပါတယ်။
လိုအပ်တာတွေကို စာရေးဆက်သွယ်ပြီး မှာလို့ရတယ်ဆိုပေမယ့်ထောင်ကပို့ပေးတဲ့စာက တစ်ပတ်ကြာချင်ကြာတတ်ပြီး ၂ပတ်၊ ၃ပတ်အထိ ကြာပီးမှ မိသားစုကိုခေါ်ပေးတာတွေအထိရှိတယ်လို့ သိရပါတယ်။
နယ်ကလူတွေဆိုရင်သွားရေးလာရေးခက်ခဲတဲ့အခုလိုအခြေနေမှာ စာလာမယူနိုင်ရင်လို့အဆက်သွယ်ပြတ်ကုန်ကြပါတယ်။
ထားဝယ်အကျဥ်းထောင်မှာ အမိန့်ချမှတ်ခံထားရသူ နှစ်ရာနီးပါးအထိရှိလာပြီး အများစုသော နိုင်ငံရေးအကျဥ်းသားတွေဟာ ရှေ့နေမပါဘဲ အမိန့်ချမှတ်ခံခဲ့ရတာပါ။
လက်ရှိတရားရင်ဆိုင်နေဆဲ နိုင်ငံရေးအကျဥ်းသားတွေဟာလည်း အားလုံးနီးပါး ရှေ့နေတွေမရှိကြတော့ပါဘူး။
“အကျဥ်းသားတွေဘက်က ဘာမှမရှိတော့တာပေါ့။ဘာအခွင့်အရေးမှမရှိတော့ဘူး။ ရဲတွေပတ်လည်ဝိုင်းနေတဲ့တရားရုံးမှာ သူတို့ပြောသမျှကို ပြန်ချေပလို့မတတ်တဲ့သူတွေဆိုရင် သူ့တို့စိတ်ကြိုက်ပုဒ်မတပ်မယ် ထောင်ချမယ်။ ဒါကို ဘာတရားစီရင်ရေးလို့ခေါ်ရမှန်းတောင်မသိတော့ဘူး”လို့ DPPNက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
