ညောင်ပင်ကွင်းရွာက စစ်ရှောင်တစ်ဆယ်ကျော် ဒရုန်းဗုံးကြောင့် ထိခိုက်ဒဏ်ရာရ
ညောင်ပင်ကွင်းရွာက စစ်ရှောင်တစ်ဆယ်ကျော် ဒရုန်းဗုံးကြောင့် ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်တာတွေကြောင့် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာခံတွေ နေရပ်စွန့်ခွာထွက်ပြေးလာချိန်မှာ ဒရုန်းဗုံးကြောင့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ပနပ်ငယ်ရွာဆိုင်းဘုတ်အနီးက ကွမ်းသီးဂိုဒေါင်ထဲမှာ စစ်ရှောင်တွေရှိနေတဲ့အချိန် ဂိုဒောင်အဆောက်အအုံပေါ်ကို ဒရုန်းဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့ကြတာလို့ ရွာခံတွေက ပြောပါတယ်။
ဒရုန်းဗုံးကြောင့် ကလေးနဲ့ အမျိုးသမီး ၁၃ ဦးထိခိုက်ဒဏ်ရာရခဲ့ကြပြီး အဲဒီအထဲက အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးနဲ့ အသက်ငါးနှစ်အရွယ်မိန်းကလေးတို့ကတော့ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သူတို့ကို ကူညီခဲ့သူတွေနဲ့ စစ်ရှောင်မိသားစုဝင်တွေဆီက သိရပါတယ်။
“အမျိုးသမီးကြီးကတော့ ခွဲခန်းဝင်ပြီးအဆင်ပြေသွားပြီ။ ကလေးမလေးမှာက ခါးမှာ အပေါက်တစ်ပေါက်ဖြစ်ပြီး ဒဏ်ရာများတယ်။” လို့ ဒဏ်ရာရစစ်ရှောင်တွေကိုကူညီပေးခဲ့သူက ပြောပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရထားတဲ့ ညောင်ပင်ကွင်းရွာခံစစ်ရှောင်တွေအကုန်လုံးဟာ မြိတ်မြို့ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
ညောင်ပင်ကွင်းရွာက စစ်ရှောင်ကလေးနဲ့အမျိုးသမီးတွေလိုက်ပါလာတဲ့ ကားဟာ ပနပ်ငယ်ရွာဆိုင်းဘုတ်အနီးက ကွမ်းသီးဂိုထောင်အနီးမှာ အခုလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်မှာ မိုင်းစထိမှန်ပြီး ပျက်စီးခဲ့တယ်လို့ စစ်ရှောင်မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
မိုင်းထိမှန်တဲ့အချိန် ယာဉ်မောင်းရဲ့ပေါင်မှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကားပေါ်မှာပါလာတဲ့ စစ်ရှောင်တွေရဲ့ မိသားစုဝင်နဲ့ ဒေသခံတွေက ပြောပါတယ်။
ကားမိုင်းထိပြီးခဏအကြာမှာပဲ စစ်ကောင်စီတပ်သားတွေရောက်လာပြီး ကားပေါ်မှာပါလာတဲ့ စစ်ရှောင်တွေကို အနီးအနားမှာရှိတဲ့ ကွမ်းသီးဂိုဒေါင်ထဲ ခေါ်ထည့်ထားတယ်လို့ သိရပါတယ်။
အဲဒီဂိုဒေါင်ထဲမှာရှိနေတဲ့အချိန် ဂိုထောင်အဆောက်အအုံပေါ်ကို ဒရုန်းဗုံးကျပြီး ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ဝန်းကျင်အချိန်မှာပဲ စစ်ရှောင်တွေပါလာတဲ့ကား မိုင်းထိတဲ့နေရာနဲ့မလှမ်းမကမ်းမှာ အင်အား ၃၀ ခန့်ရှိတဲ့ စစ်ကောင်စီခြေလျင်စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ကဒဲလိပ်ရွာဘက်ကနေ ဘန်းလမွတ်ရွာဘက်ကို ကားလမ်းမအတိုင်း ခြေလျင်ချီတက်လာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
မိုင်းဆွဲခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ နာရီဝက်ခန့် ပြည်သူ့ကာကွယ်ရေးတပ်တွေရှိနိုင်တဲ့နေရာတွေကို ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ရှောင်တွေလိုက်ပါလာတဲ့ကားဟာ မိုင်းကြောင့်ပျက်စီးခဲ့တယ်လို့ စစ်ရှောင်မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောပေမယ့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာမှာပါဝင်တဲ့ တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ မိုင်းကြောင့်ထိတာ လုံးဝမဟုတ်ဘူးလို့ ဆိုပါတယ်။
“ကျနော်တို့မိုင်းဆွဲတဲ့အချိန် အဲဒီနားမှာ ဘာကားမှမရှိနေဘူးဗျ။ တကယ်သာ မိုင်းကြောင့်ဆိုရင် ကားက ဒီအနေအထားအတိုင်းရှိနေလို့မရဘူး။ ပက်လက်လှန်သွားနိုင်တဲ့ မိုင်းတွေကိုပဲ ကျနော်တို့သုံးထားတာ။” လို့ တောဗုံးကြီးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
ကွမ်းသီးဂိုဒေါင်ပေါ်ကို ဒရုန်းဗုံးချတာဟာလည်း စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်တာဖြစ်ပြီး ဂိုဒေါင်ထဲမှာ စစ်ရှောင်ပြည်သူတွေရှိနေတယ်ဆိုတာကို မသိခဲ့ဘူးလို့ တောဗုံးကြီးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ စစ်ရှောင်တွေကို ကွမ်းသီး ဂိုဒေါင်ထဲခေါ်ပြီးလူသားဒိုင်းလုပ်ထားတယ်လို့ တော်လှန်ရေးတပ်တွေဘက်ကပြောဆိုကြပါတယ်။
စစ်ရှောင်မိသားစုဝင်နဲ့ ကူညီခဲ့သူတွေကတော့ လူသားဒိုင်းလုပ်တာမျိုးမဟုတ်ဘဲ ကားထိခိုက်ပျက်စီးပြီး ယာဉ်မောင်းဒဏ်ရာရခဲ့တဲ့အတွက် ဂိုဒေါင်ထဲကို ခေါ်ထည့်ထားတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်သားရှစ်ဦးသေဆုံးခဲ့တယ်လို့ တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံနဲ့ ရွာခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့လ နောက်ဆုံးအပတ်ကလည်း တနင်္သာရီ-မြိတ်ကားလမ်းပေါ်က ဘန်းလမွတ်ရွာအနီးမှာ ကျောက်တင်ကားတစ်စီးမိုင်းဆွဲခံရပြီး ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
(စစ်ရှောင် တစ်ဆယ်ကျော်ဒဏ်ရာရခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး တနင်္သာရီတိုင်းမ်သတင်းဌာန အခုလ ၁၈ ရက်နေ့မှာ သတင်းဖော်ပြခဲ့ပါတယ်။ အဲဒီသတင်းမှာ စစ်ရှာင်တွေပါလာတဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ကနဦးဖော်ပြခဲ့ပြီး ထပ်မံစိစစ်ချက်တွေအရ မြေပြင်အခြေအနေနဲ့ကွဲလွဲချက်တချို့ရှိခဲ့တဲ့အတွက် သတင်းကို ပြန်လည်ဖြုတ်ချထားခဲ့ပါတယ်)
The Tanintharyi Times