ဧပြီလ ၆ ရက် မနက်ခင်းသတင်း
ဧပြီလ ၆ ရက် မနက်ခင်းသတင်း
နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ကြိုးစားခဲ့ကြသူတွေထဲမှာ NLD ပါတီရဲ့ တနင်္သာရီတိုင်းအလုပ်မှုဆောင်အဖွဲ့ဥက္ကဌဟောင်းဦးအောင်စိုးလည်း ပါဝင်ပါတယ်။
ဦးအောင်စိုးနဲ့ ဒီပဲယင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်အောင်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းချထားတဲ့ နေပြည်တော်အချုပ်ထောင်ကို မတ်လ ၂၅ ရက်က သွားတွေ့ဖို့ကြိုးပမ်းခဲ့တာပါ။
မှတ်ပုံမတင်တဲ့ နိုင်ငံရေးပါတီတွေကို စစ်ကောင်စီက မဖျက်သိမ်းခင် အခုလိုသွားရောက်တွေ့ဆုံခဲ့တာဖြစ်ပြီး ပါတီဆက်လက်ရှင်သန်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့လမ်းညွှန်ချက်ကိုတောင်းခံဖို့ သွားခဲ့တာဖြစ်တယ်လို့ ဦးဝင်းမြင့်အောင်က ဧရာဝတီသတင်းဌာနကို ပြောဆိုထားပါတယ်။
စစ်ကောင်စီကတွေ့ဆုံခွင့်ပေးခဲ့တဲ့ ဦးအောင်စိုးနဲ့ ဦးဝင်းမြင့်အောင်တို့ကို ဒေါ်အောင်ဆန်းစုကြည်ကတော့ ထွက်မတွေ့ခဲ့ပါဘူး။
တနင်္သာရီမြို့နယ်မှာ ၈ရက်အတွင်း ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲဖြစ်စဥ် စုစည်းမှု
စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ တနင်္သာရီမြို့နယ်က တနင်္သာရီ-မောတောင်လမ်းပိုင်းမှာ ပြီးခဲ့တဲ့ ၈ရက်အတွင်း တိုက်ပွဲ ၁၃ ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့ပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေဟာ စစ်ကောင်စီတပ်ရဲ့စစ်ကြောင်း မြို့နယ်ထဲစဝင်လာတဲ့ ပြီးခဲ့တဲ့လ ၂၈ ရက်က စတင်ခဲ့တာပါ။ မတ် ၃၀ ရက်ကလွဲပြီး ဧပြီလ ၄ ရက်အထိ တိုက်ပွဲတွေနဲ့ မိုင်းဆွဲတိုက်ခိုက်မှု ဆက်တိုက်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။
တိုက်ပွဲအများစုဟာ တနင်္သာရီ-မောတောင်လမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့တဲ ဖြစ်စဉ်တွေ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ ၂၈ ရက်နေ့ကစပြီး ခလရ (၄၃၁)၊ ခလရ (၁၇)၊ ခလရ (၁၀၁)၊ ခမရ (၅၅၈)တို့ပူးပေါင်းကာ အင်အား ၉၀ ဦး ဝန်းကျင်နဲ့ တနင်္သာရီ-မောတောင်လမ်းကို ဝင်ရောက်လာတာပါ။
အဲဒီနောက်ပိုင်းမှာ အင်အားဖြည့်တင်းတာတွေထပ်မံလုပ်ဆောင်ခဲ့တာကြောင့် လက်ရှိမှာ အင်အား ၂၀၀ ကျော် ၃၀၀ ဝန်းကျင်လောက်အထိရှိနေပြီလို့ သိရပါတယ်။
ထားဝယ်မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ရဲ့ တိုက်ခိုက်ရေးသုံး ဒရုန်းကို ထိုင်းနိုင်ငံကနေ ထားဝယ်ကိုပို့ဆောင်ချိန်မှာ သယ်ယူပို့ဆောင်သူတွေရဲ့ သတင်းပေးမှုကြောင့် ထားဝယ်မြို့ပြ ပြောက်ကျားအဖွဲ့ဝင် ၃ ဦး အဖမ်းခံခဲ့ရတယ်လို့ ပကဖနဲ့ Guerrilla Dawei အဖွဲ့တို့က မနေ့က သတင်းထုတ်ပြန်ပါတယ်။
မနှစ်၊ နိုဝင်ဘာလက ထားဝယ်-ပကဖရဲ့ ဒရုန်းတစ်စီးကို မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Guerrilla Dawei အဖွဲ့က ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မခင်ခင်မှူး(ခ)မယ်မှူးဆိုသူနဲ့ ချိတ်ဆက်ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်စာမှာ ရေးသားထားပါတယ်။
ဒရုန်းကို ပို့ဆောင်ချိန်မှာ မြိတ်မြို့က ကျွဲကူးတံတားစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရပြီး ခရီးသည်တင်ကားရဲ့ ကားသမားအပါအဝင် မိသားစုဝင်တချို့ပါ ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါ ဖမ်းဆီးမှုနဲ့ ဆက်စပ်ပြီး ထားဝယ်မြို့မှာရှိတဲ့ မြို့ပြပြောက်ကျားအဖွဲ့ဖြစ်တဲ့ Guerrilla Dawei ရဲ့ ရဲဘော် ၃ ဦး၊ တပ်ဖွဲ့ရဲ့ လက်နက်နဲ့ ကာကွယ်ရေးပစ္စည်းသိုလှောင်ခန်းပါ သိမ်းဆည်းခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒရုန်းကိုချိတ်ဆက်ပို့ဆောင်ပေးခဲ့တဲ့ မခင်ခင်မှူးကို တနင်္သာရီတိုင်းမ်က ဆက်သွယ်မေးမြန်းရာမှာတော့ သူ့အနေနဲ့ စစ်ကောင်စီကို သတင်းပေးတာမျိုးလုံးဝမလုပ်ခဲ့ဘူးလို့ တုံ့ပြန်ပါတယ်။
မြိတ်-တနင်္သာရီကားလမ်းပေါ် ဘန်းလမွတ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ တနင်္သာရီ(ပကဖ) အဖွဲ့ကထုတ်ပြန်ပါတယ်။
ဧပြီလ ၄ ရက် ညနေ ၄ နာရီလောက်မှာ မြိတ်ဘက်ကနေ တနင်္သာရီဘက်ကိုဆင်းလာချိန် ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားပေါ်မှာ စစ်ကောင်စီတပ်သား ၄၀ ကျော်လိုက်ပါလာတယ်လို့သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဒဏ်ရာရရှိတဲ့သူတွေကိုတော့ တနင်္သာရီအခြေစိုက် ခမရ (၅၅၇)တပ်ရင်းမှာသွားရောက်ချထားခဲ့တယ်လို့လည်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
ထားဝယ်ဒေသခံ စစ်ကောင်စီတပ်သားတစ်ဦး လောင်းလုံးမှာ ပစ်သတ်ခံရ
လောင်းလုံးမြို့နယ်မှာ ထောက်လှမ်းရေးလုပ်နေတဲ့ ထားဝယ်ဒေသခံ စစ်ကောင်စီတပ်သားတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။
ပစ်သတ်ခံရသူကတော့ အမှတ်(၇)အလုပ်ရုံတပ်စု (လျှပ်/စက်)က တပ်သား စိုးပိုင်ဖြစ်ပြီး ပြီးခဲ့တဲ့လ ၂၂ ရက်နေ့ ညနေ ၆ နာရီခွဲလောက်က လောင်းလုံးမြို့နယ်အောက်ပိုင်းမှာ ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။
အဆိုပါစစ်ကောင်စီတပ်သားကို တွေ့ရှိခဲ့တဲ့အချိန်ဟာ ညောပြင်ရွာနဲ့ အောက်ကျောက်ဝပ်ရွာက နေအိမ်အများအပြားကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး နောက်တစ်ရက်မှာဖြစ်ပါတယ်။
လက်နောက်ပြန်ကြိုးတုပ်ပြီး စစ်ကြောင်းတလျှောက်ဖမ်းခေါ်သွားတဲ့ ရှပ်ပုံရွာသားတွေထဲက သုံးဦးပြန်လွတ်လာ
ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စုမှာ စစ်ကြောင်းတစ်လျှောက်ဖမ်းခေါ်ခံခဲ့ရတဲ့ အရပ်သားတွေထဲက ၃ ဦးပြန်လွတ်လာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ ရှပ်ပုံကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး သက်လတ်ပိုင်း အမျိုးသား ၇ ဦးကို ဖမ်းဆီးခဲ့ကာ ၎င်းတို့ရဲ့လက်တွေကို နောက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။
နောက်တစ်နေ့မှာ ၇ ဦးထဲက ၃ ဦးပြန်လွတ်လာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ကခေါ်သွားတဲ့ အမျိုးသား ၄ ဦးကတော့ ပုလောမြို့ပေါ်ကို ခေါ်ဆောင်ခံရတာ သိရပေမဲ့ ဖမ်းခေါ်ထားတဲ့ နေရာအတိအကျကိုတော့ မသိရသေးပါဘူး။
ဘုရားသုံးဆူနယ်စပ် ကန်ချန်နပူရီမှာ မြန်မာ ၁၉ ဦး ဖမ်းဆီးခံရ
ထိုင်းကို ဘုရားသုံးဆူနယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကို ကန်ချန်နပူရီခရိုင် ဆိုင်ယို့မြို့၊ ထာစောင့်ကျေးရွာမှာ ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရတ်သတင်းစာမှာ ဖော်ပြထားပါတယ်။
တရားမဝင် ဝင်ရောက်လာသူတွေရှိတယ်လို့ ကြိုတင်သတင်းရရှိထားတဲ့အတွက် ပြီးခဲ့တဲ့ ၃ရက်နေ့က စစ်ဆေးတဲ့အခါမှာ ကားတစ်စီးက ကားမောင်းသူ ထွက်ပြေးလွတ်မြောက်သွားပြီး ကားပေါ်ပါလာသူတွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ထိုင်းတာဝန်ရှိသူတွေကပြောပါတယ်။
ကားထဲမှာ ၁၅ ဦးကိုတွေ့ရှိခဲ့ပြီး ကားနောက်ခန်းမှာ ၄ဦးက အိပ်လျက်လိုက်ပါလာတာကို တွေ့ရှိခဲ့တာပါ။
အဖမ်းဆီးခံရသူတွေဟာ ထိုင်းနိုင်ငံထဲကို တောလမ်းကနေတစ်ဆင့် ဝင်ရောက်လာသူတွေဖြစ်ပြီး ထိုင်းနိုင်ငံသား လမ်းပြတစ်ဦးက ခေါ်ဆောင်လာခဲ့တာလို့ ထိုင်းသတင်းမှဖော်ပြထားပါတယ်။
လောင်းလုံးက ကျေးရွာဈေး နှစ်ဈေးမှာ လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှု ပြုလုပ်
လောင်းလုံးမြို့နယ်အတွင်းက ကျေးရွာဈေး နှစ်ဈေးမှာ လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှုကို ယမန်နေ့ မနက်က ပြုလုပ်ခဲ့တယ်လို့ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီ၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ထုတ်ပြန်ပါတယ်။
ဖက်ဒရယ်စနစ်ရဲ့ အခြေခံသဘောတရားတွေကို ပြည်သူလူထု သိရှိယုံကြည်လာစေဖို့ ရည်ရွယ်ပြီး “ဖက်ဒရယ်စနစ်၏ အခြေခံသဘောတရား” လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ကြသလို စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။
သပိတ်ကော်မတီ (DDMSC) အနေနဲ့ လောင်းလုံးမြို့နယ်အတွင်းက ကျေးရွာတွေမှာ လူထုစည်းရုံးရေး အသိပညာပေးလှုပ်ရှားမှုတွေကို အစဉ်တစိုက်လုပ်ဆောင်နေတာပါ။
စစ်အာဏာသိမ်းခဲ့တဲ့ ၂ နှစ်အတွင်း KNU ရဲ့ကော်သူးလေအုပ်ချုပ်နယ်မြေမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၇၀၀၀ ကျော်ဖြစ်ပွါးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အတွင်း တိုက်ပွဲ ၇,၅၈၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူပေါင်း ၃၆၅၁၈၇ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ထုတ်ပြန်ချက် အစီရင်ခံစာမှာ ရေးသားထားပါတယ်။
မြေပြင်တိုက်ပွဲတွေအပြင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၃၀ ပြုလုပ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၈၃ လုံးပျက်စီးခဲ့ကာ အရပ်သား ၂၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်နက်ကြီးနဲ့ပစ်ခတ်မှု ၇၅၈ ကြိမ်အထိရှိခဲ့ပြီး အဲဒီပစ်ခတ်မှုကြောင့် လူနေအိမ် ၂၂၇ လုံး ပျက်စီးခဲ့ကာ အရပ်သား ၁၂၀ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်အစီရင်ခံထားပါတယ်။
ကမ္ဘောဇဘဏ် အွန်လိုင်းဝန်ဆောင်မှုတွေ ၅ ရက်ခန့် ရပ်နားမယ်
Core Banking စနစ် အဆင့်မြှင့်တင်မှာမို့ အွန်လိုင်း ဝန်ဆောင်မှုတွေကို ၅ ရက်ခန့် ရပ်နားမဲ့အကြောင်း သုံးစွဲသူတွေကို အသိပေးတဲ့ အကြောင်းကြားစာ ကမ္ဘောဇဘဏ်က ပေးပို့ထားပါတယ်။
အွန်လိုင်းဝန်ဆောင်မှု ရပ်နားမဲ့ အချိန်တွေက အခုလ ၇ ရက်နေ့ (သောကြာနေ့)ည ၁၁နာရီ ၄၅ မိနစ်ကနေ ၁၂ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မနက် ၁၁ နာရီအထိ ဖြစ်ပါတယ်။
အဆင့်မြှင့်တင်နေစဉ်ကာလအတွင်း ကမ္ဘောဇဘဏ်ရဲ့ အွန်လိုင်းဘဏ်ဝန်ဆောင်မှုတွေဖြစ်တဲ့ (iBanking နဲ့ mBanking)၊ Debit နဲ့ Credit Card ဝန်ဆောင်မှုတွေအပြင် ATM စက်အချို့နဲ့ KBZPay (QuickPay) ကတစ်ဆင့် ငွေပေးချေတဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်မှာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။
KBZPay ကနေ ဖုန်းဘေလ်ဖြည့်တာ၊ KBZPay အကောင့်အချင်းချင်းငွေလွှဲတာ၊ KBZPay Market၊ QR နဲ့ငွေပေးချေတာ၊ လက်ဆောင်ကဒ်ဝယ်ယူတာ၊ KBZPay ကို (အခြားဘဏ်မှ MPU ကတ်နဲ့ ငွေသွင်းတာ)၊ အကြွေး၀ယ်ကတ် (POS တွင် ငွေပေးချေမှု၊ E-commerce ငွေပေးချေမှု)တွေ ဆက်လက်အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။
ဘဏ်ဝန်ထမ်းတွေအနေနဲ့ ယခု Core Banking စနစ် အဆင့်မြှင့်တင်တာနဲ့ ပတ်သက်ပြီး သုံးစွဲသူ တွေရဲ့ အချက်အလက်တွေကို ဆက်သွယ်တောင်းဆိုသွားမှာ မဟုတ်ဘူးလို့လည်း အသိပေးထားပါတယ်။
The Tanintharyi Times
