တရုတ်နဲ့ စစ်အုပ်စုရဲ့ လုံခြုံရေးကုမ္ပဏီ အစီအစဉ် အလုံးစုံပျက်သုဉ်းခြင်းဆီဦးတည်
တရုတ်နဲ့ စစ်အုပ်စုရဲ့ လုံခြုံရေးကုမ္ပဏီ အစီအစဉ် အလုံးစုံပျက်သုဉ်းခြင်းဆီဦးတည်

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ပြည်တွင်းစစ်ဖြစ်တဲ့အချိန်ကစလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ ပထမအကြိမ် တွေ့ဆုံမှုတစ်ရပ်အဖြစ် မြန်မာပြည်ကို သြဂုတ်လတုန်းက လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ လတုန်း မင်းအောင်လှိုင်ဟာ စစ်ခေါင်းဆောင်အနေနဲ့ တရုတ်ကို ပထမဆုံးအကြိမ် သွားခဲ့ပြန်ပါတယ်။
လက်တလော သတင်းတွေမှာတော့ တရုတ်အစိုးရနဲ့ မြန်မာစစ်တပ်ခေါင်းဆောင်ဟာ ပြည်တွင်းစစ်ကနေ တရုတ်စီမံကိန်းတွေနဲ့ တရုတ်အရာရှိတွေကို ပြည်တွင်းစစ်ကနေ ကာကွယ်ဖို့အတွက် လုံခြုံရေးတပ်- ကုမ္ပဏီကို ပူးပေါင်းတည်ထောင်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။
ဒီလိုဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းတွေဟာ အလွန်စိုးရိမ်စရာဖွယ်ကောင်းပြီးတော့ ပါဝင်တဲ့ လက်သည်တွေဟာ ကောင်းကျိုးခံစားရဖွယ် မရှိပါဘူး။ ပြီးခဲ့နှစ် ညီနောင်မဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအပါအဝင် တော်လှန်ရေးအင်အားစုရဲ့အောင်ပွဲတွေရှိလာခဲ့တဲ့နောက် အခုလို အပြောင်းအလဲအရွေ့တစ်ခု ဖြစ်လာတာပါ။ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဟာ တရုတ်-မြန်မာနယ်စပ်က နယ်မြေအများအပြားကို ထိန်းချုပ်ထားနိုင်ခဲ့တာကို ကြည့်ရင် တရုတ်ရဲ့နောက်ကွယ်က ကူညီမှုတချို့လည်း ပါဝင်နိုင်ပါတယ်။
မြန်မာပြည်ကို ဝင်လာမယ့် တရုတ်ပုဂ္ဂလိက လုံခြုံရေးတပ်တွေဟာ အင်အားဘယ်လောက်အထိ ချထားမယ်ဆိုတာမျိုး သေချာမရှင်းလင်းသေးပေမယ့် သေချာတဲ့ အရာတစ်ခုကတော့ တရုတ်ဟာ စစ်ကောင်စီကို ထောက်ခံဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာပါပဲ။
မြန်မာစစ်ခေါင်းဆောင်ကို တရားဥပဒေဘောင်အတွင်းကနေ ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က ရှေ့နေချုပ်ရဲ့တောင်းဆိုမှုအပြီးမှာ တရုတ်အစိုးရအနေနဲ့ စစ်အာဏာရှင်ကို တိုက်ရိုက်အားပေးထောက်ခံလိုက်သလို ဖြစ်နေပါတယ်။
သြဇာကြီးမားတဲ့ အစိုးရတွေဟာ သူတို့ရဲ့လွှမ်းမိုးမှုနဲ့ အာဏာကို ပြဖို့အတွက် နိုင်ငံငယ်တွေက ပုဂ္ဂလိကဆိုင်ရာ လုံခြုံရေးလုပ်ငန်းနဲ့ စစ်ရေးကဏ္ဍတွေမှာ အစဥ်အလာစစ်တပ်တွေကို တပ်ဖြန့်တာမျိုးမလုပ်တော့ဘဲ နည်းလမ်းသစ်တစ်မျိုး သုံးလာကြပါတယ်။ ပုဂ္ဂလိကဆိုင်ရာ လုံခြုံရေးပိုင်းမှာတော့ နိုင်ငံ့ဝန်ထမ်းနဲ့ နိုင်ငံပိုင်ပစ္စည်းတွေအတွက် အခြေခံအားဖြင့် အကာအကွယ်ပေးကြရပါတယ်။ ပုဂ္ဂလိကဆိုင်ရာ စစ်ဖက်ရေးရာမှာတော့ အစိုးရ ဒါမှမဟုတ် တခြားသက်ဆိုင်ရာအဖွဲ့တွေအတွက် စစ်ရေးဝန်ဆောင်မှုကို အလေးပေး ဆောင်ရွက်ကြပါတယ်။
ဒီစစ်ရေးပိုင်းမှာတော့ တိုက်ခိုက်နှိမ်နင်းတာတွေ၊ စစ်ရေးလှုပ်ရှားတာတွေနဲ့ စစ်သင်တန်းပေးတာမျိုးတွေ ပါဝင်နိုင်ပါတယ်။ တရုတ်ဟာ နိုင်ငံရပ်ခြားက ပုဂ္ဂလိကဆိုင်ရာ အကျိုးစီးပွားတွေမှာ ဝင်ပါတာဟာ နောက်ကျနေပေမယ့် ရုရှားက Wagner Groupနဲ့ အမေရိကန်က Blackwater company တွေရဲ့ နည်းနာတွေနောက်ကို လိုက်လာပါပြီ။
တရုတ်ပုဂ္ဂလိကပိုင်လုပ်ငန်းတွေ တိုးချဲ့ရေးနဲ့ပတ်သက်လို့ ပုဂ္ဂလိကပိုင်လုပ်ငန်းတွေရဲ့လုံခြုံရေးအတွက် ၂၀၀၉ ခုနှစ်က တရုတ်နိုင်ငံဟာ ဥပဒေပိုင်းဆိုင်ရာအပြောင်းအလဲပြုလုပ်ခဲ့ပြီး အခုမှာတော့ တရုတ်ပြည်တွင်းအပြင် အရှေ့အလည်ပိုင်းကနေ အာဖရိကထိ ဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။
တရုတ်ရဲ့ပုဂ္ဂလိကလုံခြုံရေးလုပ်ငန်းဟာ အခြေခံအားဖြင့် တိုက်ခိုက်ရေးလုပ်ငန်းတွေကို ရှောင်ရှားပြီး ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်း (Belt and Road Iniative – BRI)နဲ့ ဆက်စပ်တဲ့ ရင်းနှီးမြှပ်နှံမှုတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ကာကွယ်ဖို့ပါ။ တရုတ်ရဲ့ပုဂ္ဂလိကလုပ်ငန်းဆိုင်ရာလုံခြုံရေးကို မြန်မာပြည်က နေရာ ၄ နေရာလောက် လည်ပတ်နေခဲ့တယ်လို့ သိရပေမယ့် မြန်မာ-တရုတ် ပူးပေါင်းလုံခြုံရေးကုမ္ပဏီသစ်ကတော့ တရုတ်ပုဂ္ဂလိကလုပ်ငန်းတွေရဲ့နယ်ပယ်နဲ့ အရေအတွက်တွေကို တိုးချဲ့ဖို့ ဖြစ်နိုင်ပါတယ်။
တရုတ်ရဲ့ကာကွယ်ရေး၊ လုံခြုံရေးဆိုတာ ဘာအတွက်လဲ။ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံလမ်းဟာ တရုတ်ရဲ့အဓိကကျတဲ့ မဟာဗျူဟာစီမံကိန်းဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကနေ မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းက ရခိုင်ပြည်နယ် ကျောက်ဖြူကို ဆက်သွယ်ပေးမယ့် ရထားလမ်းအပြင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း နှစ်ခုပါဝင်ပါတယ်။ လက်ရှိမှာတော့ တရုတ်ဟာ ဆိပ်ကမ်းတစ်ခု ဆောက်နေတာပါ။
ရှမ်းပြည်နယ်၊ မန္တလေးတိုင်းကို ဖြတ်သွားတဲ့ ဒီပိုက်လိုင်းတွေရဲ့ လမ်းကြောင်းတစ်လျှောက်မှာတော့ လက်နက်ကိုင်တော်လှန်ရေးအသီးသီးရှိနေပြီး ကျောက်ဖြူအနီးတစ်ဝိုက်ကိုတော့ အင်အားကောင်းနေတဲ့ ရက္ခိုင့်တပ်မတော် (AA)က ထိန်းချုပ်ထားပါတယ်။ စစ်ကိုင်းတိုင်းက တရုတ်ပိုင် နီကယ် သန့်စင်ရေးစက်ရုံနဲ့ မန္တလေးတိုင်းက တရုတ်ကျောထောက်နောက်ခံရှိတဲ့ ဘိလပ်မြေစက်ရုံတစ်ခုကို တော်လှန်ရေးအဖွဲ့တွေဟာ သိမ်းယူထားပါတယ်။
ပုဂ္ဂလိကလုံခြုံရေးကော်ပိုရေးရှင်းတွေဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)အောက်မှာ တရားဝင်ကင်းကွာနေတယ်ဆိုပေမယ့် PLAဟာ ဒီအဖွဲ့အစည်းတွေကို လွှမ်းမိုးမှုရှိပါတယ်။ PLAရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ပါဝင်ဆောင်ရွက်မှုကို ဟန့်တားနိုင်တဲ့သူလည်း မရှိပါဘူး။ မြန်မာနိုင်ငံတွင်းမှာ တရုတ်ပုဂ္ဂလိကစီမံကိန်းတွေ ရှိနေပေမယ့် မြေပြင်အခြေအနေအရ တရုတ်နိုင်ငံသားတွေဟာ ဖမ်းမိတာ၊ သေဆုံးတာမျိုးတွေကို ပိုပြီး ရင်ဆိုင်ရဖွယ် ရှိပါတယ်။
ဆီးရီးယားမှာ အာဆတ်အစိုးရရဲ့ ကျဆုံးခန်းမျိုးကို ဖြစ်လာတဲ့နောက် အာဏာရှင်ဆန်တဲ့ အစိုးရတွေဟာ လက်နက်ကိုင်အတိုက်အခံတွေအောက်ကို လျင်လျင်မြန်မြန် ပြိုလဲလာနေတာပါ။ ပြည်သူတွေ ထောက်ခံတဲ့ အတိုက်အခံအဖွဲ့အပေါ် ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရတွေဟာ စစ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ပိုင်ဆိုင်မှုတွေကို အချိန်ခဏအတွင်းမှာ ချက်ချင်းလက်လွှတ်ဆုံးရှုံးသွားနိုင်တယ်လို့ ရုရှားနဲ့ အီရန်တို့ နားလည်လာကြပါပြီ။ တရုတ်အနေနဲ့ ဒီလိုအကျိုးဆက်တွေကို အလေးထား စဥ်းစားသင့်ပါတယ်။
မြန်မာမှာ မဟာမိတ်တရုတ်နိုင်ငံရဲ့ စီးပွားရေးစီမံကိန်းနဲ့ ဗျူဟာမြောက်အကျိုးစီးပွားတွေကို လုံလောက်တဲ့ ကာကွယ်မှုမပေးနိုင်တာကြောင့် တရုတ်လုံခြုံရေးတပ်တွေ ပါဝင်လာရတာပါ။ မြန်မာပြည်က စစ်အာဏာရှင်အတွက်တော့ အသိအမှတ်ပြုရမယ့် ရှက်ဖွယ်ကိစ္စ ဖြစ်ပါတယ်။
ဒါကြောင့် တရုတ်ကို အရင်က မှီခိုအားကိုးတာထက် ပိုပြီး အားကိုးနေရတာပါ။ အာဏာသိမ်းပြီးနောက်ပိုင်း ပြန်ကြည့်ရင် စစ်ခေါင်းဆောင်အတွက် ရုရှားဟာ လက်နက်တွေကို အဓိက ထောက်ပံ့နေတာဖြစ်ပြီး တရုတ်ဟာ စစ်ရေး၊ စီးပွားရေးအကျိုးအတွက် အခရာ ကျနေပါတယ်။ တရုတ်ရဲ့လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးဟာ စီးပွားရေးနဲ့ လူဦးရေအရ အချက်အချာကျတဲ့ နေရာတွေကို ထိန်းချုပ်ဖို့ ကြိုးစားလာတာလို့ တော်လှန်ရေးအင်အားစုတွေက ယူဆကြပါတယ်။
တရုတ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်တွေရဲ့ထိုးစစ်တွေကို ဟန့်တားဖို့အတွက် ကြိုးပမ်းလာနိုင်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီလို လက်နက်ကိုင်အဖွဲ့တွေကို တရုတ်နိုင်ငံက သူ့ရဲ့ထောက်ခံမှုကို ကန့်သတ်မယ်ဆိုတဲ့ သဘောမျိုးပါ။ ဒါဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ပြည်တွင်းလက်နက်ငယ်ထုတ်လုပ်ရေးတွေအပေါ် ဖိအားသက်ရောက်နိုင်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ တရုတ်ပြည်ရဲ့စီးပွားရေးလုပ်ငန်းတွေက မှောင်ခိုနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေအပေါ် အမှီအခိုနည်းမှသာ ရေရှည်ခရီးမှာ တရုတ်ရဲ့ လွှမ်းမိုးမှုကို လျော့ချနိုင်မှာပါ။
တရုတ်လုံခြုံရေးကုမ္ပဏီကြောင့် နိုင်ငံအနှံ တရုတ်ဆန့်ကျင်တာ၊ ရှုတ်ချတာတွေ ပိုများလာနိုင်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမှာဆိုရင် မန္တလေးက တရုတ်ကောင်စစ်ဝန်ရုံးကို ဗုံးခွဲတိုက်ခိုက်တာမျိုး ရှိခဲ့ပါတယ်။ အိန္ဒိယဟာ ဒီလိုဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကို သတိထား စောင့်ကြည့်နေမှာ ကျိန်းသေပါတယ်။
အခုလို အစီအစဥ်အတိုင်းသာ သွားနေရင်တော့ တရုတ်လုံခြုံရေးတပ်တွေဟာ ရခိုင်မှာ တိုးလာဖို့ ရှိပြီး အိန္ဒိယဟာလည်း သူတို့ရဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကို မြန်မာနိုင်ငံအတွင်း ဝင်လာဖို့ ရှိနေပါတယ်။ မြန်မာပြည်ရဲ့အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းဟာ သူတို့ရဲ့ခြံစည်းရိုးတံခါးဝမှာ တရုတ်လုံခြုံရေးတပ်တွေ ရှိနေမှာကို စိုးရိမ်ကြမှာဖြစ်ပြီး မြန်မာအစိုးရနဲ့ ဆွေးနွေးမှုတွေ ရှိလာနိုင်ပါတယ်။
တရုတ်ရဲ့ အားပေးထောက်ပံ့မှုအသစ်ဟာ စစ်ခေါင်းဆောင်အတွက် အသက်သွေးကြောပမာ ဖြစ်နေပြီး မြန်မာပြည်တွင်းပဋိပက္ခမှာ အာဆီယံဟာ နိုင်ငံရေးဖြေရှင်းချက်နည်းလမ်းတစ်ခုကို ဆက်လက်တောင်းဆိုဖို့ ရှိနေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကတော့ မြန်မာပြည်မှာ ဝင်ရောက်အခြေချမယ့် တရုတ်လုံခြုံရေးတပ်ဖွဲ့အရေးကို အလိုမရှိဟန် များနေပါတယ်။
(အင်ဒိုနီးရှား သတင်းစာ The Jakarta Post ဆောင်းပါးရှင် Adam Simpson ရေးသားထားတဲ့ Chinese guards on the ground in Myanmar could go disastrously wrong ဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်ဆိုထားပါတယ်။ ဆောင်းပါးရှင် Adam Simpson ဟာ South Australia တက္ကသိုလ် ကနိုင်ငံတကာဆက်ဆံရေး ပညာဌာနက ကထိက တစ်ဦးဖြစ်ပါတယ်။)
The Tanintharyi Times