လစ်ဘရယ် ပညာရေးနိဒါန်း
လစ်ဘရယ် ပညာရေးနိဒါန်း

ပညာရေးအတွေး၊ ဒဿနအမြင်(၉)
ပညာရေးစနစ်တိုင်းတွင် ပုံစံအမျိုးမျိုးသော ဦးတည်ချက်များ ရှိတတ် ကြပါသည်။ ဘာသာရေး၊ ကိုယ်ကျင့်တရား၊ ဉာဏ်ပညာ၊ လက်တွေ့ပညာ၊ နိုင်ငံသားကောင်းစသည့် အယူအဆများကို အခြေခံပြီး ပညာရေးစနစ်များကို တည်ဆောက်လာကြပါသည်။ ထိုအခြေခံဦးတည်ချက်များအလိုက် သဘာဝ အဓိက ပညာရေး၊ စိတ်ဖွံ့ဖြိုးမှုအဓိက ပညာရေး၊ လက်တွေ့အသုံးကျမှု အဓိကပညာရေး၊ ဘာသာတရားအဓိက ပညာရေးဖွံ့ဖြိုးစေသည့် ပညာရေး စနစ်များ ပေါ်ပေါက်လာခဲ့ပါသည်။ သည့်အပြင် လူသားကို လူသားဆန်စေ သည့် လစ်ဘရယ်ပညာရေးသည်လည်း နှောင်းပိုင်း ပညာရေးဒဿနသမိုင်းတွင် ထင်ရှားစွာ ပေါ်ထွန်းလာခဲ့ပါသည်။
ဤနေရာတွင် လစ်ဘရယ်ပညာရေးအကြောင်းကို ဦးတည် တင်ပြ သွားမည်ဖြစ်ပါသည်။ စစ်မှန်သည့် ပညာရေးစနစ်တစ်ခုအတွင်းတွင် လူသား အားလုံးသည် မိမိတို့၏ ပင်ကိုစွမ်းရည်များ၊ ကြိုးစားအားထုတ်မှုများအလိုက် အောင်မြင်မှု အခွင့်အလမ်းများကို ရရှိမည်ဖြစ်ပါသည်။ . ဘာသာတရား ကွဲပြားမှု၊ လူမှုရေး ခွဲခြားမှု၊ လူနေမှုအဆင့်အတန်း ကွာဟမှုများအပေါ် မူ မတည်ဘဲ လူသားအားလုံး၏ ဘဝနှင့်သက်ဆိုင်သော လိုအပ်ချက်များကို ပညာရေးစနစ်က ဖြည့်ဆည်း ပေးရပါမည်။ ဤစွမ်းဆောင်ချက်များကို လစ် ဘရယ်ပညာရေးအစီအစဉ်က ဖြည့်ဆည်းပေးနိုင်၊ မပေးနိုင်ဆိုသည်ကို ကျွန်တော်တို့ စစ်ဆေးကြရပါမည်။
လစ်ဘရယ်ဆိုသည့် ဝေါဟာရကို နိုင်ငံရေးနှင့်သက်ဆိုင်သော အဓိပ္ပာယ် ဖွင့်ဆိုရမည်ဆိုလျှင် လက်ဝဲ၊ လက်ယာမကျသည့် အလယ်လမ်း လိုက်သော နိုင်ငံရေးအယူအဆ၊ အများပြည်သူတို့၏ အသိအမြင် နှံ့စပ်ကျယ် ပြန့်မှုအတွက် ပြုပြင်ပြောင်းလဲရေး အယူအဆဟု သတ်မှတ်ကြသည်။ ထိုနည်း တူစွာ လစ်ဘရယ်ပညာရေး အစီအစဉ်ကိုလည်း လွတ်လပ်စွာ မွေးဖွားပေးသူ တို့နှင့် ထိုက်တန် စပ်အပ်လျော်ညီသော ပညာရေးဟု ဖွင့်ဆိုကြပါသည်။
လူသားသည် လွတ်လပ်စွာ မွေးဖွားလာသူဖြစ်သည်။ လွတ်လပ်မှု သည် တစ်ပါးသူတစ်ဦးဦး နှစ်သက်လက်ခံစေရန် ပြုလုပ်ခြင်းကို မဆိုလို။ မိမိ၏ ကိုယ်ပိုင်ရွေးချယ်မှုအရ မိမိဘဝကို ဖန်တီးနိုင်ခြင်းဖြစ်ပါသည်။ ထို့ ကြောင့် လူသား၏လွတ်လပ်သော ရွေးချယ်ချက်များကို အကန့်အသတ် တစ် မျိုးမျိုးဖြင့် ကျဉ်းမြောင်းသွားစေရန် ဘောင်ခတ်၍မရပေ။ လစ်ဘရယ်ပညာ ရေးသည် လူသားတစ်ဦးချင်းစီ၏ ဖြစ်ရပ်၊ ဖြစ်ခြေများကို အသိအမှတ်ပြုပါ သည်။
ပညာရေးကို အဓိကအားဖြင့် နှစ်ပိုင်းခွဲခြားပြပါမည်။ ယင်းတို့မှာ အထူးပြုပညာရေးနှင့် အထွေထွေပညာရေးတို့ ဖြစ်ပါသည်။ အက်ဒလာ (Motimer J.Adler)၏ အလိုအားဖြင့် အထူးပြုပညာရေးကို သက်မွေးဝမ်း ကျောင်း အလုပ်အကိုင်နှင့်ဆိုင်သော ပညာရေးဖြင့် နှိုင်းယှဉ်ပြပါသည်။ ယင်းသည် အမျိုးမျိုးကွဲပြားသော အလုပ်အကိုင်များကို ရည်ရွယ်ပါသည်။
အထွေထွေပညာရေးကို လစ်ဘရယ်ပညာရေးနှင့် နှိုင်းယှဉ်ပါသည်။ ထိုပညာရေး၏ ဆောင်ရွက်ချက်အရ လစ်ဘရယ်သင်ကြားချက်များသည် တိုက်ရိုက်အားဖြင့် လူသားအား အပြည့်အဝ လူသားဆန်စေပါသည်။
လူသား၏ ဘဝဖြစ်စဉ်သည် အသက်ရှင်နေထိုင်လိုမှု တစ်ခုအတွက် ဖြင့် ပြီးပြည့်စုံလိမ့်မည် မဟုတ်ပေ။ လွတ်လပ်လိုစိတ်၊ ဂုဏ်သိက္ခာ၊ ကိုယ်ကျင့် တရား၊ ဉာဏ်ပညာစသည့် သူနှင့်ဆက်နွှယ်သော တန်ဖိုးအလုံးစုံ ပါဝင်မှသာ လျှင် ပြီးပြည့်စုံလိမ့်မည်။
လူသည် မိမိအဆင့်အတန်းကို မိမိဖန်တီးနိုင်စွမ်းရှိလေသည်။ ထိုဖန် တီးချက်တို့ကို လစ်ဘရယ်ပညာရေးက ခွင့်ပြုလေသည်။ လစ်ဘရယ်ပညာရေး စနစ်အတွင်း အနိမ့်ဆုံးအဆင့်အနေဖြင့် လူသားသည် မိမိနှင့်သင့်လျော်သော အလုပ်အကိုင်ကောင်းကောင်းရရှိရန် ကြိုးပမ်းနိုင်သည်။ ထိုမှတစ်ဆင့် အသံ တိတ် လေယာဉ်ပျံစသည် တိုးတက်သော တီထွင်ထုတ်လုပ်မှုများကိုလည်း ခွင့်ပြုသည်။ အတွေးအခေါ်၊ နိုင်ငံရေး၊ ယဉ်ကျေးမှုစသည့် လေးမြတ်သည့် အယူအဆများအပေါ်တွင်လည်း ဆွေးနွေးခွင့်၊ ငြင်းခုံနှိုင်းယှဉ်ခွင့်များကိုလည်း ပေးအပ် ထားပါသည်။ ဤအချက်များသည် လစ်ဘရယ်ပညာရေး၏ လွတ် လပ်သော အယူအဆပင်ဖြစ်ပါသည်။
လစ်ဘရယ်ပညာရေးသည် တစ်ယူသန်ပညာရေးနှင့် ကွဲပြားကြောင်း ရှင်းပါဦးမည်။ တစ်ယူသန်ပညာရေးဆိုသည်မှာ ပညာရေးအစီအစဉ် ရေးဆွဲ သူတို့၏ အလိုကျ ဦးတည်ဆောင်ရွက်ရသော စနစ်ကို ဆိုလိုပါသည်။ ထိုစနစ် အတွင်း လူသားသည် ချမှတ်ထားသော ပုံစံမှအပ အခြားရွေးချယ်စရာ လမ်း မရှိပေ။ ဥဒါဟရုဏ်ဆောင်ရလျှင် ထိုပညာရေးစနစ်ဖြင့် အမှောင်ခေတ် ပုပ် ရဟန်းတို့သည် တရားဓမ္မ၊ ပညတ်ချက်များဖြင့် လူသား၏ လွတ်လပ်မှုကို ချည် နှောင် လိုက်ကြသည်။ ဘစ်စမတ် (Bismarck)သည် ဂျာမန်လူငယ်လူရွယ်များ ကို စစ်သားများ ဖြစ်စေခဲ့သည်။ ဘော်ရှီဗစ်ဝါဒီတို့သည် လူသားများအား ရုပ် ယန္တရား အယူအဆများကို သွတ်သွင်းခဲ့ကြသည်။ ဂျပန်သူရဲကောင်းမျိုးတို့သည် ၎င်းတို့ ပြည်သူများ၏ ဦးနှောက်အတွင်းသို့ သိပ္ပံဆိုင်ရာ စက်ကိရိယာများအား တပ်ဆင်ပေးခဲ့လေသည်။
တစ်ယူသန်ပညာရေးစနစ်အတွင်း လူသားသည် လေ့လာဆည်းပူခွင့် မရှိပေ။ လေ့ကျင့်ကျက်မှတ်ရန်သာ အရေးကြီးပေသည်။ အသိဉာဏ်ပညာ အဆင့်အတန်း မြင့်မားမှု၊ ကိုယ်ကျင့်တရား ကောင်းမြတ်မှု၊ လွတ်လပ်သော စိတ်ကူးစိတ်သန်းနှင့် လူမှုရေးတန်းတူညီမျှဖြစ်မှုတို့သည် ထိုပညာရေးစနစ် အတွင်း၌ ရှာဖွေမတွေ့နိုင်သော အရာများဖြစ်လေသည်။ လူသားသည်လည်း ပုံသေသတ်မှတ်ပြဋ္ဌာန်းပြီးသား ဖြစ်သွားသည်။ ထို့ကြောင့် တစ်ယူသန်ပညာရေး စနစ်သည် မည်သည့်လူသားနှင့်မျှ မသင့်လျော်သော ပညာရေးဖြစ်သည်။
လစ်ဘရယ်ပညာရေးသည် ဤအချက်အလက်များနှင့် တိုက်ရိုက် ဆန့်ကျင်ပါသည်။ (ဒီမိုကရက်တစ် အမြင်အရ ကြည့်မည်ဆိုလျှင်လည်း) မည် သည့် လူအတန်းအစားကိုမဆို ညီမျှသော အခွင့်အရေးများကို ပေးအပ်ထား လေသည်။ လစ်ဘရယ်ပညာရေးက သင်ကြားပေးလိုက်သော လုပ်ငန်းအတတ် သည် လူသားအား ကျွန်ဘဝမှ လွတ်မြောက်စေပြီး ဖူလုံသော သက်မွေးမှု အတွက် အထောက်အပံ့ပေးပါသည်။ သမိုင်းပညာရပ်ကို လေ့လာခြင်းကလည်း အောင်မြင်ပြီးမြောက်သူများ၊ ကျရှုံးသူများ၏ အကြောင်းအခြင်းအရာများကို သိရှိခြင်းအားဖြင့် အနာဂတ် လူ့အဖွဲ့ အစည်းအတွက် သင်ခန်းစာယူစရာများ၊ ဆောင်ရွက်စရာများကို တွေ့ ရမည်ဖြစ်ပါသည်။
စာပေ အနုပညာအတွင်း လူသား၏ မြင့်မားသည့် စိတ်ကူးတွေ၊ နက်နဲသည့် ခံစားနိုင်မှုများကို တွေ့ ရပါမည်။ ဒဿနပညာကို လေ့လာခြင်းအား ဖြင့်လည်း (တွေးခေါ်မြော်မြင်မှုများဖြင့် ပြည့်ဝနေသည့် ခေတ်အတွင်းများ) လူ့ဘဝဆိုင်ရာ ရုန်းကန်လှုပ်ရှားမှု ပြဿနာတွေကို မည်သို့ဖြေရှင်းနိုင်မည်နည်း။ ဘာသာရေး၊ လူမှုရေး၊ သိပ္ပံပညာစသည့် လူမှုဘဝနှင့် ဆက်စပ်နေသော သဘောတရား ပညာရပ်တွေကို ဘယ်၍ ဘယ်ပုံ ဟန်ချက်ညီညီ ပေါင်းစည်းပေး နိုင်မလဲဆိုတာကို အဖြေရှာနိုင်ပါသည်။ ထို့ကြောင့်လည်း ဟွန်း (Francis H.Horn)က လစ်ဘရယ် ပညာရေးစနစ်အတွင်း လူသားသည် သင်ကြားမှု၊ လေ့လာမှု၊ တုံ့ပြန်နိုင်မှု ရှိမှုတို့ဖြင့် ပြည့်ဝသော ဘဝအခြေအနေကို ပိုင်ဆိုင်ရ မည်ဟု ဆိုပါသည်။

လစ်ဘရယ်ပညာရေးသည် ပုဂ္ဂလလူသား၏ ဖွံ့ဖြိုးတိုးတက်မှု အခွင့် အရေးကို ထောက်ပံ့ပေးရုံသာမက လူ့အဖွဲ့အစည်းတစ်ရပ်၏ အဖွဲ့ဝင်အဖြစ် တင်ရှိနေသည့် တာဝန်များကို သိမြင်နားလည်စေပါသည်။ အားလုံး၏ တူညီ သော ပြဿနာများအတွက်လည်း တတ်နိုင်စွမ်းသလောက် ရင်ဆိုင် ဖြေရှင်း စေခဲ့ပါသည်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုဘဝ အခြေအနေအရပ်ရပ်၏ အမှိုက်သရိုက်များကို ဖယ်ရှားပြီး ပိုမိုကောင်းမွန်သည့် အခြေအနေသစ်များကို လည်း တည်ဆောက်စေပါသည်။ သည့်အတွက်ကြောင့်ပင်လျှင် လစ်ဘရယ် ပညာရေးကို အထွေထွေပညာရေးဟု သတ်မှတ်ခေါ်ဆိုထားခြင်း ဖြစ်ပါသည်။
လစ်ဘရယ်ပညာရေးသည် လူသား၏ ပျော်ရွှင်သုခနှင့် ကောင်းမွန် သော ဘဝဖြင့် နေထိုင်နိုင်ရန်အတွက် အကြွင်းမဲ့လိုအပ်ချက်တစ်ရပ် ဖြစ်ပါ သည်ဟု အက်ဒလာ (Adler)က ဆိုပါသည်။ ကျွန်တော်တို့သည်လည်း လူကို လူပီသစေသော လစ်ဘရယ်ပညာရေးကို ကြိုဆိုအပ်ပါသည်။
Ref;
– Toward the liberally Educated Executive Edited by Robert A. Goldwin and Charles A.Nelson.
– Groundwork Educational Theory James S.Ross
– The Aims and Objective of Education. The Present Time Pretime Bowes (The open Mind Vol.3 No.11. 1962)
(ဆောင်းပါးရှင် သူရိန်ထက်လင်း ရေးသားထားပြီး ရန်ကုန်လမ်းမများစာပေက ထုတ်ဝေထားတဲ့ “ပညာရေးအတွေး၊ ဒဿနအမြင်” စာအုပ်ပါ အကြောင်းအရာတွေကို တနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် ပြန်လည်ဖော်ပြထားတာ ဖြစ်ပါတယ်။)
သူရိန်ထက်လင်း
The Tanintharyi Times