လောင်းလုံးမှာ လူငယ်နှစ်ဦး အကြောင်းမဲ့ ဖမ်းဆီးခံရ

လောင်းလုံးမှာ လူငယ်နှစ်ဦး အကြောင်းမဲ့ ဖမ်းဆီးခံရ

ဓာတ်ပုံ - လောင်းလုံးမြို့ပေါ် အကြမ်းဖက်ဖမ်းဆီးမှုတစ်ခု ပုံဟောင်းဖြစ်ပါတယ်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်က လူငယ်အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို စစ်ကောင်စီတပ်နဲ့ရဲတွေက ဒီကနေ့ညနေပိုင်းမှာ အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေထံကနေသိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ညနေပိုင်းမှာ ကားနှစ်စီးနဲ့ လောင်းလုံးမြို့ပေါ်မှာ စစ်ဆေးမှုအချို့ပြုလုပ်ပြီး ညနေ ၄ နာရီလောက်မှာ သူတို့ကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသားကတော့ အအေးဆိုင်တစ်ခုမှာထိုင်နေချိန် အင်္ကျီအနက်ရောင်ဝတ်ဆင်ထားတာကြောင့်လိုအကြောင်းပြကာ ဖုန်းကိုစစ်ဆေးပြီး ဖမ်းခေါ်သွားတာဖြစ်တယ်လို့သိရပါတယ်။ အဲဒီအမျိုးသားဟာစမ်းလှမ်းကျေးရွာကလို့သိရပြီး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

ဖမ်းဆီးခံရတဲ့ အမျိုးသမီးကတော့ အသက် ၂၆ နှစ်အရွယ် မခင်လေးနွယ်ဆိုသူဖြစ်ပြီး သူ့ရဲ့နေအိမ်မှာပဲဖမ်းဆီး ခံလိုက်ရတာဖြစ်ပါတယ်။

” အဖမ်းခံရတဲ့ကောင်မလေးက မြို့ပေါ်ကပါပဲ။ ဘာမှမလုပ်တဲ့ သာမာန်မိန်းကလေးပါ။ အကြောင်းမရှိအကြောင်းရှာဖမ်းတာပါ။ သပိတ်လှုပ်ရှားတဲ့သူတွေကိုမမိတော့ နီးတဲ့သူဖမ်းတာလို့ထင်တယ်။ အမျိုးမျိုးလည်းခေါင်းစဥ်တပ်ခံရနိုင်ပါတယ်” လို့လောင်းလုံးမြို့ခံတစ်ဦးကပြောပါတယ်။

ဖမ်းဆီးခံရသူနှစ်ဦးကို လောင်းလုံးရဲစခန်းမှာ အခုထိ ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။

အင်အား ၁၅ ဦးဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကားနှစ်စီးနဲ့ မြို့ပေါ်လမ်းမကြီးတလျှောက်မှာတားဆီးစစ်ဆေးတာတွေကို လွန်ခဲ့တဲ့ ၂ ရက်လောက်ကစပြီးပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့ကစပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားတဲ့သူတွေဟာ လောင်းလုံးမြို့ပေါ်လမ်းမကြီး နဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာအနီးအနားထိ လာရောက်ပြီး ချီတက်ကြွေးကြော်တာနဲ့ ဘန်နာချိတ်ဆွဲတာတွေကိုပြုလုပ်လာနေပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း သပိတ်လှုပ်ရှားသူအချို့ လောင်းလုံးရဲစခန်းအနီးက လောင်းလုံး (အထက) ကျောင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဘန်နာလာရောက်ချိတ်ဆွဲချိန် စစ်ကောင်စီလက်ပါးစေတစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

The Tanintharyi Times