ရက်ရှည်တိုက်ပွဲဖြစ်နေတဲ့ ပုလောမြို့ကို စစ်ကောင်စီတပ်အင်အားဖြည့်

ရက်ရှည်တိုက်ပွဲဖြစ်နေတဲ့ ပုလောမြို့ကို စစ်ကောင်စီတပ်အင်အားဖြည့်

ရက်ရှည်တိုက်ပွဲဖြစ်ပွားနေတဲ့ ပုလောမြို့နယ်၊ “ပလ” မြို့ကို စစ်ကောင်စီတပ်က တပ်အင်အားရာချီဖြည့်ထားတယ် လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အခုလ ၁၅ရက်၊ ၁၇ရက်၊ ၁၉ရက်နေ့တွေမှာ ရေလမ်းကနေ ဝင်လာပြီး ပလမြို့ရဲစခန်းအနီးက စစ်ကောင်စီစစ်ဆေးရေးဂိတ်၊ တိုတောင်ပေါ်မှာအထိုင်ချထားတဲ့စစ်ကောင်စီစခန်း၊ တိုရွာစာသင်ကျောင်း၊ ပလမြို့က ဆားဖောင်းလှေဆိပ်တွေမှာ အင်အားဖြန့်ကျက်ထားတယ်လို့ ဆိုပါတယ်။

“အများဆုံးဝင်တာက ၁၉ ရက်နေ့ကပါ။ ဝါလတ်လှေလေးစီးနဲ့ တပ်သားတစ်ရာလောက်ရှိတယ်။ ကျန်တဲ့နေ့တွေကတော့ လှေတစ်စီး၊ နှစ်စီးလောက်ဝင်တာလည်းရှိတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ကြဲရွာဘက်ကို စစ်ကောင်စီတပ်တပ်တွေအင်အားအလုံးအရင်းနဲ့ တိုးရင် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ပလမြို့ကိုဝင်မှာစိုးလို့ မြို့ကိုကြိုကာတဲ့ သဘောဖြစ်နိုင်တယ်လို့ အဲဒီအမျိုးသားက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ပလမြို့ထဲ ဖြန့်ကျက်ထားတာကြောင့် ဒေသခံတချို့ဆိုရင် စစ်ဘေးကြိုရှောင်နေကြပြီလို့ သိရပါတယ်။

“ပလစခန်းအနီးစာသင်ကျောင်းဝန်းကျင်စခန်းချနေ၊အနီးဝန်းကျင်တပ်ဖြန့်ထားလို့ ပလအနီးဝန်းကျင်ပြည်သူတွေကတော့စစ်ရှောင်နေရတယ်။” လို့ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပလမြို့နဲ့ ၅ မိုင်ကျော်ဝေးတဲ့ ကြဲရွာအနီးတဝိုက်မှာ အခုလ ၁၄ ရက်နေ့ကတည်းက ဒီကနေ့အထိ စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေကြားနှစ်ဖက်စစ်ဆိုင်ထားပြီး စစ်ရေးတင်းမာနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ကြဲရွာအနီးတဝိုက်က တိုက်ပွဲတွေကြောင့် ရွာခြောက်ရွာက ပြည်သူ ၃၀၀၀ ထက်မနည်းထွက်ပြေးနေရတယ်လို့ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ပုလော-မြိတ်ကားလမ်းပိုင်းကို အသုံးပြုမရဘဲ ခရီးသွားယာဉ် ရာချီပိတ်မိနေတယ်လို့လည်း သိရပါတယ်။

ပုလောမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းကတော့ စစ်ရေးတင်းမာနေတာကြောင့် မြိတ်-ထားဝယ်-ပုလော လမ်းပိုင်းကိုအသုံးပြုပြီး ခရီးသွားလာတာမျိုးမလုပ်ဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

The Tanintharyi Times