ထားဝယ်အထူးစီးပွားရေးဇုန်အနီးက နေအိမ် အများအပြားကို စစ်ကောင်စီစစ်ကြောင်း မီးရှို့နေ

ထားဝယ်အထူးစီးပွားရေးဇုန်အနီးက နေအိမ် အများအပြားကို စစ်ကောင်စီစစ်ကြောင်း မီးရှို့နေ

ပုံစာ - မူးဒူးရွာထဲလမ်းတနေရာ (ပုံဟောင်း)

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အနီးမှာရှိတဲ့ မူးဒူးအရှေ့ရွာက နေအိမ်အများအပြားကို စစ်ကောင်စီတပ်သားတွေ ဒီနေ့မနက်ပိုင်းမှာမီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“၇ နာရီလောက်မှာ မီးခိုးတွေအများကြီးထွက်လာတယ်။ နေရာတည်းကတောင် မဟုတ်ဘူး။ ဟိုတတစ်ခုဒီတစုထွက်နေတာ” လို့အနီးအနားရွာမှာ နေထိုင်တဲ့ မျက်မြင်ဒေသခံကပြောပါတယ်။

လက်ရှိအချိန်ထိနေအိမ်တချို့မီးလောင်နေပြီး မီးရှို့ခံထားရတဲ့နေအိမ် အရေအတွက် ၁၀ အိမ်ကျော်လောက်အထိ ရှိနိုင်တယ်လို့ ဒေသခံအမျိုးသားက ခန့်မှန်းပါတယ်။

နေအိမ်တွေကိုမီးမရှို့ခင်ကလည်း မူးဒူးအနောက်ရွာက ဒေသခံ ၆ ဦးထက်မနည်းကိုဖမ်းဆီးခဲ့ကာ အခုနေ့လည်ပိုင်းမှာတော့ တချို့ကိုပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံရဲ့ပြောပြချက်အရ သိရပါတယ်။

ဒီနေ့မနက်စောစော ၅ နာရီခွဲဝန်းကျင်လောက်မှာ မူးဒူးနောက်ရွာဘက်က နှစ်ဖက်တိုက်ပွဲပုံစံပစ်ခတ်သံတွေကိုကြားရပြီး နေအိမ်တွေကိုမီးရှို့နေချိန်မှာလည်း လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေကို ကြားနေရတယ်လို့ ​ဒေသခံ​တွေက ပြောပြပါတယ်။

အိမ်တွေမီးရှို့နေတဲ့ စစ်ကြောင်းဟာ ပန်းတင် အင်းကျေးရွာဘက်ကနေ မနေ့ကမနက်အစောပိုင်းကတည်းက ဝင်လာတာဖြစ်ပြီး သူတို့နဲ့အတူလာတဲ့နောက်ထပ်စစ်ကြောင်းတစ်ခုကတော့ ပိန်းရှောင်ရွာတဝိုက်ကို ဒီကနေ့ မနက်ပိုင်းမှာ ရောက်ရှိလာတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ရေဖြူမြို့နယ် ထဲကို ဝင်ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းက အဲ့နှစ်ကြောင်းတည်းမကပါဘူး။ အနောက်ဖက်ကမ်းကိုလည်း စစ်ကြောင်းတစ်ကြောင်း မနေ့ကမနက်စောစောပိုင်းမှာပဲဝင်ရောက်လာတာရှိပါတယ်။

အဲဒီစစ်ကြောင်းကိုတော့ လမ်းတလျှောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ နှစ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်ခံရတဲ့စစ်ကြောင်းက စစ်ကောင်စီတပ်သားတချို့ကတော့ ဧကနိရွာတဝိုက်ကိုရောက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

အခုလို စစ်ကြောင်းတွေဝင်လာလို့ ရေဖြူမြို့နယ်အတွင်းက မူးဒူး၊ ရလိုင်၊ ပုဂေါဇွန်း၊ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ရငဲ၊ ဝဇွမ်းတော၊ ပိန်းရှောင်၊ ဒေါင်းရှောင်နဲ့ ဆင်ပုနစ်ရွာတွေက ဒေသခံအများအပြား စစ်ဘေးရှောင်နေရပါတယ်။

The Tanintharyi Times

The Tanintharyi Times