အနောက်ကမ္ဘာ က ပေးပို့လိုက်တဲ့ ရွှေပြည်သာ ရောက် အဆိပ်သင့်လက်ဆောင်
အနောက်ကမ္ဘာ က ပေးပို့လိုက်တဲ့ ရွှေပြည်သာ ရောက် အဆိပ်သင့်လက်ဆောင်
ရန်ကုန်မြို့ဟာ အနောက်နိုင်ငံတွေ ရဲ့ ပလက်စတစ် အမှိုက်ပုံကြီးဖြစ်နေပြီလား
ရန်ကုန်မြို့က အလုပ်သမားလူထု အများစုနေထိုင်ရာ ရပ်ကွက်တစ်ခုမှာ ပလက်စတစ် အမှိုက်တွေ တောင်လိုပုံနေပြီး အမှိုက်ပုံတွေ ဟာ တစ်မီတာ အမြင့်နီးပါးလောက်ရှိနေပါတယ်။ မကြာသေးမီက ထွက်ပေါ်လာတဲ့ စုံစမ်းစစ်ဆေးမှု တွေအရ ဒီအဆိပ်သင့် စွန်ပစ် ပလက်စတစ် အမှိုက်တွေဟာ အနောက်နိုင်ငံတွေ ကတဆင့် ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ်တဝိုက်မှာ လွန်ခဲ့တဲ့ နှစ်အတော်ကြာက စိမ်းလန်းတဲ့ လယ်ကွင်းပြင်တွေ မြင်တွေ့ နိုင်သော်လည်း ဒီဘက်နှစ်ပိုင်းတွေမှာ တော့ ထိုလယ်ကွင်းတွေကို ညစ်နွမ်းစေတဲ့ ပလက်စတစ် စွန့်ပစ်အမှိုက်ပုံတွေ နဲ့သာပြည့်နှက်လို့ လာပါတော့တယ်။
အဲ့ဒီ ပလက်စလတစ် အမှိုက်တွေ ဟာ လယ်ကွင်းတွေကိုညစ်နွမ်းစေရုံမျှမက မိုတ်သုံရာသီမှာ မြို့နယ်ဝန်းကျင်တစ်ခုလုံး ရဲ့ ရေစီးရေလာစနစ်ကို ဖျက်ဆီးလိုက်ပြီး ရေကြီးရေလျှံ ဖြစ်ကာ နွေအခါမှာတော့ မီးဘေး အန္တရာယ် ကျရောက်စေတဲ့ အဓိက တရားခံလည်းဖြစ်နေပြန်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ပလက်စတစ် ထုတ်လုပ်မှုတိုးမြင့်လာခြင်းကြောင့် စွန့်ပစ်အမှိုက်ပြဿနာ လည်းတနေ့တခြားဆိုးရွားလာပြီး ပလက်စတစ် ထုတ်လုပ်မှုဟလည်း ယခု ရာစုနှစ်အစပိုင်းမှစပြီး တစ်နှစ်လျှင် တန်ချိန် သန်း ၄၆၀ အထိ နှစ်ဆတိုးထုတ်လုပ်လာကြတာဖြစ်ပါတယ်။
“အရင်တုန်းကတော့ မိုးရာသီမှာဆို ဒီလယ်ကွင်းထဲမှာ အလေ့ကျပေါက်နေတဲ့ ရေမုန်ညှင်း တွေကို အသင့်ခူးစားလို့ရတယ်။ အခုတော့ ဒီအမှိုက်ပုံတွေကြောင့် လယ်ကွင်းထဲပေါက်တဲ့ ဘယ်အပင်ကို မှစား လို့ မရတော့ဘူး။ အပင်တွေမှာပါ အမှိုက်နံ့ကရနေတယ်” လို့ လုံခြုံရေးအကြောင်းပြချက်ကြောင့် အမည်မဖော်လိုတဲ့ ရွှေပြည်သာမြို့ခံတစ်ဦးက AFP ကိုဖြေကြားထားပါတယ်။
AFP သတင်းဌာန နဲ့အတူ သတင်းမီဒီယာ ၆ ခု ပူးပေါင်းလုပ်ဆောင်တဲ့ Lighthouse Reports အဖွဲ့ တို့ရဲ့ ကွင်းဆင်း စုံစမ်းမှုတွေအရ ရွှေပြည်သာ အမှိုက်ပုံကြီးတွေက စွန့်ပစ် ပလက်စတစ် အမှိုက်တွေဟာ အနောက်နိုင်ငံ တွေဆီက ရောက်ရှိလာတာဖြစ်တယ်လို့ သိရှိရပါတယ်။
အဲ့ဒီမှိုက်ပုံကြီးတွေဆီမှာ ရှိနေတဲ့ စွန့်စ် ပစ္စည်းတွေထဲမှာ ပြင်သစ်အခြေစိုက် ကမ္ဘာလုံးချီ နို့ထွက်ပစ္စည်း နဲ့ စားသောက်ကုန်ဖြန့်ဖြူးရေး ကုမ္ပဏီ Danone S.A. ကထုတ်တဲ့ ဒိန်ချဉ်တွေ နဲ့ ပိုလန်ကုမ္ပဏီ Spomlek က ထုတ်လုပ်တဲ့ ဒိန်ခဲတွေ ကို ကွန်တိန်နာ အလိုက်ထုပ်ပိုးပြီး စွန့်ပစ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် UKမှာအခြေစိုက်တဲ့ ဂျာမန် ပိုင် စူပါမားကတ် Lidl ရဲ့ စွန့်ပစ်အမှိုက်တွေ နဲ့ ကနေဒါ နိုင်ငံက Unico ကုမ္ပဏီ ထုတ် ပါစတာ ခေါက်ဆွဲ အထုပ် အများအပြား ကို စွန့်ပစ်အမှိုက်တွေ အဖြစ်တွေ့မြင်ရပါတယ်။
ဒီပစ္စည်းတွေ အကုန်လုံးဟာ မြန်မာ နိုင်ငံက ထုတ်လုပ်တာမဟုတ်သလို ၊တင်သွင်းရောင်းချမှုလည်း ဘယ်တုန်း ကမှမရှိခဲ့ဘူးလို့သိရှိရပါတယ်။
သို့သော်လည်း ဒီ အဆိပ်သင့်စေတဲ့ စွန့်ပစ်အမှိုက်တွေ မြန်မာနိုင်ငံအတွင်း ပလက်စတစ် Recycle အဖြစ် ပြန်လည် ထုတ်လုပ်ဖို့ ပစ္စည်းတွေ ဖြစ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရန်ကုန်ကိုရောက်ရှိလာတာ ဖြစ်ပါတယ်။
မြန်မာ နိုင်ငံဟာ စွန့်ပစ် ပလက်စတစ် ပစ္စည်းတွေ တင်သွင်းမှုနဲ့ Recycle ပြန်လည်ထုတ်လုပ်မှု လုပ်ငန်းတွေ ကို ဥပဒေအရတားမြစ်ထားပါတယ်။ သို့သော်လည်း အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီ အစိုးရ လက်ထက်မှာ ဒီဥပဒေ ဟာ အသက်မဝင်ဖြစ်နေပါတယ်။
တရုတ်နိုင်ငံက ၂၀၁၁၈ ခုနှစ်မှာ စွန့်ပစ်အမှိုက် နဲ့ ပလက်စတစ် Recycle ထုတ်လုပ်မှု လုပ်ငန်းတွေပိတ် ပင်လိုက်တဲ့ အခါမှာတော့ ဒီလုပ်ငန်းတွေ ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာပါတော့တယ်။
မြန်မာ နိုင်ငံမှာရှိနေတဲ့ ပလက်စတစ် Recycle ထုတ်လုပ်တဲ့ လုပ်ငန်းတချို့က တော့ ပြန်လည် အသုံးပြုလို့ မရနိုင်တော့တဲ့ ပလက်စတစ် အမှိုက်တွေ ကို မီးရှို့ဖျက်ဆီး တာစွန့်ပစ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ Lighthouse Report ကိုဝန်ခံထားပါတယ်။
အနောက်နိုင်ငံ တွေရဲ့ အစွန်းအထင်းကို ကွယ်ဝှက်ရာနေရာ
အနောက်ကမ္ဘာ က စွန့်ပစ် ပလက်စတစ် အမှိုက်တွေ ဟာ မြန်မာပြည်ထဲကို မည်သို့မည်ပုံရောက်လာတယ် ဆိုတာကိုတော့ ရှင်းရှင်းမသိရသေးပါဘူး။
AFP သတင်းဌာနရဲ့ စုံစမ်းမှုတွေ အရတော့ ထိုင်းနိုင်ငံဟာ တရားမဝင် စွန့်ပစ်အမှိုက် တွေရောက်ရှိလာ စေတဲ့ အဓိကလမ်းကြောင်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။
ကလသမဂ္ဂရဲ့ ကုန်သွယ်ရေးဆိုင်ရာ အချက်အလက်စုဆောင်းရာ UN Comtrade က ထုတ်ပြန်တဲ့ အချက်အလက်တွေ အရတော့ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ စွန့်ပစ်ပလက်စတစ် အများစု ဟာ ထိုင်းနိုင်ငံကတဆင့် တင်သွင်းလာတာဖြစ်တယ်လို့ဆိုပါတယ်။
ဒီစာရင်းတွေ အရ ၂၀၂၁ ခုနှစ် တစ်နှစ်တည်းမှာတောင် တန်ချိန် ၇၅၀၀ နီးပါး ထိုင်းနိုင်ငံတဆင့် မြန်မာနိုင်ငံကိုရောက်ရှိလာတာဖြစ်တယ်လို့ UN Comtrade ရဲ့ ကိန်းဂဏန်း အချက်အလက်တွေ က ဖော်ပြနေပါတယ်။
အကြမ်းဖျင်း အားဖြင့် ကီလိုမီတာပေါင်း ၂၄၀၀ ကျော် ၊ ၁၄၉၀ မိုင် ရှည်လျားတဲ့ နှစ်နိုင်ငံနယ်နိမိတ် ထိစပ်မှုမှာတော့ လူကုန်ကူးဂိုဏ်းတွေ နဲ့ နယ်စပ်ဖြတ်ကျော် မှောင်ခို လုပ်ငန်း လုပ်ကိုင်သူတွေ ကျင်လည်ရာနေရာ လည်း ဖြစ်နေပြနပါတယ်။
ထိုင်း - မြန်မာ နိုင်ငံလုံးက အာဏာပိုင်တွေက ရောက်ရှိလာတဲ့ စွန့်ပစ် ပလက်စတစ် အမှိုက်တွေကို စစ်ဆေးမှု အနည်းငယ်သာပြုလုပ်ပြီး အလွယ်တကူ နယ်စပ်ဝင်ရောက်လာတာဖြစ်တယ်လို့ Lighthouse Reports က ဆိုပါတယ်။
“ဒီ အချက်အလက်တွေက ဟောင်းနွမ်း နောက်ကျနေပါတယ် ။ အဲ့ဒီကုန်သွယ်မှု အချက်အလက်တွေကို ဘယ်သူကမှသေချာစိစစ်တာမျိုးလည်းမရှိပါဘူး” လို့ အင်တာပိုလ်ရဲ့ ပတ်ဝန်းကျင်ညစ်ညမ်းစေမှု ပြစ်မှုဆိုင်ရာ အလုပ်အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဝီလီဝီလ်ဆင်က Comtrade နဲ့ ကုန်သွယ်မှု အချက်အလက်တွေ စုဆောင်းတဲ့ အဖွဲ့အစည်းတွေကို ရည်ညွန်းပြောဆိုခဲ့ပါတယ်။
“ ဒီအချက်အလက်အမှန်တွေ ဖုံးကွယ်ထားတာဟာ အနောက်နိုင်ငံ တွေရဲ့ အစွန်းအထင်းကို ကွယ်ဝှက်ထားရာနေရာတွေလိုဖြစ်နေတယ်” လို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ မှာ မြန်မာ စစ်ကောင်စီ ရဲ့ ထုတ်ပြန်ချက်တွေထိုင် ထိုင်း နိုင်ငံကြေညာတဲ့ ပို့ကုန် မဏာနဲ့ မြန်မာနိုင်ငံက တင်သွင်းတဲ့ သွင်းကုန်တန်းဖိုးဟာ ကွာဟချက် ဒေါ်လာ ၁.၆၃၉ ဘီလီယံ တန်ဖိုးထိ ရှိနေတယ် လို့ထုတ်ပြန်ထားပါတယ်။
“ကုန်သွယ်မှု ပမာဏ ကွာဟချက်ဟာ တရားမဝင်ကုန်သွယ်မှုကြောင့် ဖြစ်နိုင်တယ်” လို့ စစ်ကောင်စီရဲ့ တရားမ၀င်ကုန်သွယ်မှုပပျောက်ရေး ဦးဆောင်ကော်မတီက ပြောကြားခဲ့ပါတယ်။
AFP သတင်းဌာန အနေနဲ့ မြန်မာနိုင်ငံအတွင်း ကို အနောက်နိုင်ငံတွေက ပလက်စတစ် အမှိုက်တွေ ကို ဘယ်လို နည်းလမ်းနဲ့တင်သွင်းခဲ့သလဲဆိုတာကို Recycle ပလက်စတစ် ထုတ်လုပ်ရေး ကုမ္ပဏီတွေကို မေးမြန်းခဲ့ပေမယ့် ချက်ချင်း အကြောင်းမပြန်ကြဘူးလို့ဆိုပါတယ်။
ရွှေပြည်သာ မြို့နယ်ထဲ က ဒေသခံတွေကတော့ လူနေရပ်ကွက်တွေထဲအထိ ရောက်ရှိလာတဲ့ ပလက်စတစ် အမှိုက် တွေဟာ အနီးနားစက်မှုဇုန် မှာရှိနေတဲ့ Recycle ပလက်စတစ် ထုတ်လုပ်ရေး စက်ရုံတွေက ဖြစ်တယ်လို့ အခိုင်အမာပြောဆိုပါတယ်။
သို့သော်လည်း ဒီလိုလုပ်ရပ်တွေကို ကန့်ကွက်ဖို့ရာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရက အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ အလွန်းအမင်း အန္တရာယ်များတာကြောင့် ဒေသခံတွေဟာ လက်ပိုက်ကြည့်နေရပါတယ်။
“ရွှေပြည်သာ မြို့နယ် ဘောလုံးကွင်း အတွက် လျာထားတဲ့ မြေနေရာ ဟာ ပလတ်စတစ်အမှိုက်ပုံကြီး အဖြစ်ပြောင်း လဲသွားပြီ” လို့ မြို့ခံတစ်ဦးကပြောပါတယ်။
“ဒီပုံစံအတိုင်း ဆို ရေရှည်အတွက် မကောင်းဘူးဆိုတာ ကျွန်တော်သိပါတယ်” လို့ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးကဆိုပါတယ်။
“ကျွန်တော် တို့ဆီမှာ ဒါတွေလာပုံထားတာ လုံးဝမကြိုက်ဘူး” လို့ မြန်မာနိုင်ငံရဲ့ အကတ်ဆတ်တဲ့ အခြေအနေတွေကြောင့် အမည်ဖော်ပြလို့ မရတဲ့ ရွှေပြည်သာမြို့ခံနောက်တစ်ဦးကပြောပါတယ်။
“ဒါပေမယ့် ငါတို့ ဘာမှလုပ်လို့မရဘူး။”
ကိုးကား - AFP ၊ Lighthouse Reports
(AFP သတင်းဌာန နဲ့ Lighthouse Reports အဖွဲ့ ကရေးသားထားတဲ့ဆောင်းပါး ကို Connect Burma က ဘာသာပြန်ဖော်ပြလိုက်ပါတယ်။)
The Tanintharyi Times
