တစ်ပတ်တာ မြန်မာ
တစ်ပတ်တာ မြန်မာ

နိုင်ငံတဝှမ်းမှာ ဇူလိုင် ၁၃ ရက်ကနေ ၁၉ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ် ၁၀ ခု ကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
၁။ နောင်ချိုမြို့ကို စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်
ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ကို စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်း၊ လေကြာင်း၊ လက်နက်ကြီး၊ ဒရုန်းတွေ အမြောက်အများအသုံးပြုပြီး လနဲ့ချီထိုးစစ်ဆင်ပြီးနောက် ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြန်လည် ထိန်းချုပ်ခဲ့ပါတယ်။ မေလကစလို့ နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာပြီး စစ်ကောင်စီရဲ့ မြေပြင်၊ ဝေဟင်ထိုးစစ်တွေကြောင့် ဇူလိုင်လ ၁၅ရက်နေ့မှာတော့ အုပ်ချုပ်ရေးလုပ်ငန်းတွေအားလုံးရပ်ဆိုင်းပြီး နောင်ချိုမြို့ပေါ်ကနေ ဆုတ်ခွာခဲ့ရတယ်လို့ တအာင်းတပ် TNLA က ဇူလိုင် ၁၆ရက်မှာ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံရေးဂရုစိုက်ဖို့နဲ့ လေကြောင်းအန္တရာယ်လမ်းညွှန်ချက်တွေကို လိုက်နာကြလို့လည်း TNLA က တိုက်တွန်းထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလမှာ မြောက်ပိုင်းမဟာမိတ်တွေ သိမ်းပိုက်ခဲ့တဲ့ မြို့တွေထဲက နောင်ချိုမြို့ဟာ စစ်ကောင်စီလက်ထဲ ပြန်ရောက်သွားတဲ့ ဒုတိယမြို့ ဖြစ်ပါတယ်။ ပထမမြိုု့ကတော့ လာရှိုးမြို့ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် ရှမ်းမြောက်ရဲ့ မြို့တော်ဖြစ်တဲ့ လားရှိုးကနေ ကိုးကန့်တပ်က ၂၀၂၅ ဧပြီလမှာ ဆုတ်ခွာခဲ့ရပါတယ်။

၂။ ဥကရစ်ထစစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်
စစ်ကောင်စီက သက်ရှိစည်းရိုးလို့တင်စားပြီး ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ ဥကရစ်ထ စခန်းကို ကရင်အမျိုးသား အစည်းအရုံး KNU နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေက ဇူလိုင်လ ၁၂ ရက်နေ့မှာသိမ်းပိုက်ခဲ့ပါတယ်။ ဥကရစ်ထ စခန်းဟာ ကရင်အမျိုးသားအစည်းအရုံးKNU ရဲ့ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ် မြို့နယ် ဥကရစ်ထ ကျေးရွာအနီးမှာ စစ်ကောင်စီက ကျူးကျော်တပ်စွဲထားတာလို့ KNU က ဆိုပါတယ်။ အဲဒီစခန်း စခန်းသိမ်းပိုက်စဉ် လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့ပြီး ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ဓာတ်ပုံတွေနဲ့တကွ KNU က ထုတ်ပြန်ခဲ့ပါတယ်။ ဥကရစ်ထ စခန်းဟာ စစ်ကောင်စီတပ်သား ရာနဲ့ချီ တပ်စွဲထားတဲ့ စခန်းဖြစ်ပြီး အဆိုပါ စခန်းက စစ်သား ၁၀၀ နီးပါး ဟာ ထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတယ်လို့လည်း သိရပါတယ်။
၃။ စစ်ကောင်စီပစ်ခတ်မှုကြောင့် ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ ဆေးခန်းတာဝန်ခံ ကျဆုံး
စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ – Karenni Mobile Health Committee(KnMHC)၊ ဆေးခန်းတာဝန်ခံ (Clinic In-Charge) တစ်ဦးဖြစ်သူ စိုးရယ် ကျဆုံးခဲ့ပါတယ်။ ကရင်နီပြည်မှာ ဒေသခံပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ကွင်းဆင်းဆောင်ရွက်နေချိန် ဇူလိုင်လ ၁၄ရက်က စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျန်းမာရေးတာဝန်ခံ စိုးရယ် ကျဆုံးခဲ့တာပါ။ ကျန်းမာရေးတာဝန်ခံစိုးရယ်ကို အာဇာနည်သူရဲကောင်းတစ်ဦး အဖြစ် အသိအမှတ်ပြုအပ်ပြီး မိသားစု နဲ့ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကျဆုံးသွားတဲ့ ကျန်းမာရေးတာဝန်ခံဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လက ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ – Karenni Mobile Health Committee(KnMHC)ရဲ့ Medic ဆေးသင်တန်း တစ်နှစ်ကို တက်ရောက်အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

၄။ လှတောရွာမှာ ဒေသကာကွယ်ရေးအဖွဲ့တွေ ဓားပြတိုက်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရွာထဲက နေအိမ်တစ်အိမ်ကို ဝက်လက်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တချို့ က ဓားပြတိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး ပြည်တွင်းသတင်းဌာနတချို့မှာ ဖော်ပြပါတယ်။ ဇူလိုင်လ ၁၃ ရက်၊ ည ၁၂ နာရီလောက်မှာ ကျေးရွာပကဖအဖွဲ့ဝင်တွေအပါအဝင် လူငယ် ၁၁ ဦးက လှတောရွာက မိသားစုတစ်စုကို ဓားပြဝင်တိုက်ခဲ့ပြီး နေအိမ်က အမျိုးသားတစ်ဦးဓားထိုးခံရပြီးသေဆုံးခဲ့ပါတယ်။ ဓားပြတိုက်ပြီးနောက်တစ်ရက်မှာ ဓားပြတိုက်မှုကျူးလွန်သူတွေကို ဝက်လက်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
၅။ ဖားကန့်မြို့နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ထောင်ချီရှိလာပြီး စားဝတ်နေရေးအခက်ကြုံနေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာစစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်-KIAပူးပေါင်းတပ်ဖွဲ့တွေအကြား လနဲ့ချီတိုက်ပွဲပြင်းထန်နေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ထောင်ချီရှိလာနေပြီး စားဝတ်နေရေးအခက်ကြုံနေကြရပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဖားကန့်မြို့နယ် တိုက်ပွဲဧရိယာအတွင်းနေထိုင်တဲ့ ကျေးရွာ ၁၀ ရွာခန့်က ရှိတယ်လို့ သိရပါတယ်။ ရှရော်ခ၊ ဆွတ်ရာ(ကျောက်ဖြူ) ၊ မှော်ဝမ်းကလေး၊ မော်မောလယန်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ) ၊ ဆိုင်းကြိုင်၊ မှော်ဝမ်းကလေး၊ ဆွတ်ငိုင်ယန်၊ အင်းမိုင်းယန်၊ ရတာမြေစာပုံ စတဲ့ ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။ စစ်ဘေးဒုက္ခသည်စခန်းတွေကို အစောပိုင်းကာလက ကူညီထောက်ပံ့သူတွေ အများအပြားရှိပေမယ့် အချိန်ကြာလာတာနဲ့အမျှကူညီသူတွေ နည်းပါးလာနေတယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းဗုံးကြဲတာတွေ လက်နက်ကြီးတွေနဲ့ဖားကန့်မြို့ပြင် နှစ်မိုင်လောက်အကွာမှာရှိတဲ့ မှော်ဝန်းကြီး မှော်ဝန်းလေး ရတနာ မြေစာပုံ၊ လုံးခင်းနဲ့ နေရာအနှံ့မှာတိုက်ပွဲတွေ နေ့တိုင်းပြင်းထန်နေတယ်လို့သိရပါတယ်။

၆။ မြန်မာပိုင်နက်ထဲကို ဗုံးကြဲပြီးနောက် အိန္ဒိယထောက်လှမ်းရေးညွန်ချုပ် စစ်ကောင်စီနဲ့လာတွေ့
အိန္ဒိယ-မြန်မာနယ်စပ်မြန်မာပိုင်နက်ထဲကို ဝင်ရာအတွင်းဝင်ရောက်ပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက်မှာ အိန္ဒိယထောက်လှမ်းရေးညွှန်ချုပ်နေပြည်တော်ကိုလာရောက်ပြီး စစ်ကောင်စီနဲ့တွေ့ဆုံခဲ့ပါတယ်။ ဇူလိုင်လ ၁၃ရက် နံနက်ကစစ်ကိုင်းတိုင်း၊ နာဂဒေသ၊ နန်းယွန်းမြို့နယ်ထဲက ကျေးရွာအချို့ကိုအိန္ဒိယစစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့တာပါ။ အိန္ဒိယဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ အာသံလွတ်မြောက်ရေး တပ်ဦး (ULFA-I) စခန်းရှိတယ်လို့ ဆိုပြီးဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လ ၁၆ရက်မှာ အိန္ဒိယတပ်မတော် ကာကွယ်ရေးဆိုင်ရာထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်နဲ့ ဒုတိယစစ်ဦးစီးချုပ်(ထောက်လှမ်းရေး) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်သို့လာရောက်ပြီး အာဏာငိမ်းဒုတိယခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့တွေ့ဆုံခဲ့တာပါ။ တွေ့ဆုံချိန်မှာ နှစ်နီုင်ငံဆက်ဆံရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီကထုတ်ပြန်ခဲ့ပေမယ့် မြန်မာနယ်စပ်ကို ကျူးကျော်ဗုံးကြဲတာနဲ့ပတ်သက်ပြီးတော့ ထုတ်ပြန်တာမျိုးမရှိပါဘူး။
၇။ အင်အားဖြည့်ဖို့ ၁ လနီးပါးကြာပြင်ဆင်ခဲ့တဲ့ စစ်သင်္ဘော ၁၂ စီး ဗန်းမော်မြို့ကိုထွက်ခွာ
တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်မှုအားကြောင့် စစ်ကောင်စီတပ်က ၁ နှစ်နီးပါးအကြာအသုံးမပြုခဲ့တဲ့ မန္တလေး-ဗန်းမော် ဧရာဝတီမြစ်ကြောင်းကနေ လူ၊ လက်နက်ခဲယမ်း၊ ရိက္ခာအပြည့်တင်ဆောင်ထားတဲ့ သင်္ဘော ၁၂ စီး ဇူလိုင် ၁၇ ရက် မနက်မှာ စတင်ထွက်ခွာသွားတယ် သိရပါတယ်။သင်္ဘော ၁၂ စီးမှာ စစ်သင်္ဘော ၅ စီး၊ တွဲဖလက် ၇ စီး၊ တိုက်ခိုက်ရေးသင်္ဘော ၁ စီး ပါဝင်ပြီး အင်အားဖြည့်တင်းဖို့အတွက် ဇွန်လကစတင်ကာ မန္တလေးဂေါဝိန်ဆိပ်ကမ်းမှာ ၁ လနီးပါးအကြာပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။ သင်္ဘောတွေပေါ်မှာ လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ ဆေးဝါးတွေပါဝင်ပြီး စစ်အင်အားအများစုဟာ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေ ခမရ ၄ ထဲမှာ စစ်သင်တန်းပေးထားသူတွေ ရာနဲ့ချီပါဝင်သလို အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်(လပခ)အတွင်းက တပ်တချို့လည်းပါဝင်ကာ ဗန်းမော်မြို့ကို ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

၈။ မန္တလေးနဲ့ မိတ္ထီလာမှာ ငလျင်တွေ ထပ်လှုပ်
မန္တလေးမြို့နဲ့ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့တွေမှာ ဇူလိုင်လ ၁၆ ရက်နေ့က ငလျင် နှစ်ကြိမ် လှုပ်ခတ်ခဲ့ပါတယ်။ ဇူလိုင် ၁၆ ရက် မြန်မာစံတော်ချိန် မနက် ၃နာရီခွဲဝန်းကျင်အချိန် မန္တလေးမြို့ရဲ့ အနောက်ဘက် တစ်ကီလိုမီတာအကွာ၊ မြေအောက်အနက် ၃၂ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ ဒဿမ ၇ အဆင့်၊ အင်အား အသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သလိုတာပါ။ မနက် ၈နာရီဝန်းကျင် အချိန်မှာလည်း မိတ္ထီလာမြို့ရဲ့ အရှေ့နဲ့ အရှေ့မြောက်ဘက် ၄၅ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုကာ ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့်န အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ NUG က ဆိုပါတယ်။မနက် ၃နာရီခွဲဝန်းကျင် လှုပ်ခတ်တဲ့ ငလျင်ကြောင့် ဆက်မအိပ်ရဲတော့ဘဲ အိမ်အောက်ကို ဆင်းပြေး ကြရတယ်လို့ မန္တလေးမြို့ခံတချို့က ပြောပါတယ်။
၉။ ဒေါ်အောင်ဆန်းစုကြည်ကို လူငယ်တွေရဲ့ ယုံကြည်မှု အမြင့်ဆုံးရထားတယ်လို့ စစ်တမ်းတစ်ခုဖော်ပြ
စစ်အာဏာသိမ်းပြီး လေးနှစ်ကျော်အကြာမှာ မြန်မာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူငယ်ထုရဲ့ယုံကြည်ထောက်ခံမှု ၆၇ ရာခိုင်နှုန်းအထိ ယုံကြည်မှုအမြင့်ဆုံးရှိနေတယ်လို့ အရပ်ဖက်သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Blue Shirt Initiative(BSI)က ထုတ်ပြန်လာပါတယ်။“အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအပေါ် လူငယ်တွေရဲ့ ယုံကြည်မှု” ဆိုတဲ့ခေါင်းစဉ်နဲ့ လူငယ်တွေကို စစ်တမ်းကောက်ယူထားတဲ့ရလဒ်ကို Blue Shirt Initiative(BSI)က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်တမ်းဟာ နွေဦးတော်လှန်ရေး ၄ နှစ်ခွဲကျော်ကာလမှာ လက်ရှိနိုင်ငံရေးရေချိန်နဲ့ အနာဂတ်အတွက် လူငယ်ထုဆီက သဘောထားအမြင်တွေကို စစ်တမ်းကောက်ယူခဲ့တာလို့ ဆိုပါတယ်။
၁၀။ စစ်ကောင်စီ တပ်မှာ အရန်ခဲယမ်းကျည် ပြတ်ပြီး အခုထုတ် အခုသုံးနေရတယ်လို့ ဆို
စစ်ဆင်ရေး ခဲယမ်းလက်နက်လိုအပ်ချက် အမြင့်မားဆုံးဖြစ်လာနေတဲ့ စစ်ကောင်စီ တပ်ဟာ အရန်ခဲယမ်းကျည် ပြတ်တောက်ပြီး အခုထုတ် ချက်ချင်းသုံးနေရတဲ့အခြေအနေထိ ဆိုက်ရောက်နေပြီလို့ မြန်မာ့စစ်ဘက်ရေးရာ နှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (Myanmar Defense & Security Institute -MDSI) က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့အပတ်က စစ်ကောင်စီ ရှေ့တန်းတပ်စခန်းတွေကို လေကြောင်းကချပေး တဲ့ ခဲယမ်းကျည်တွေဟာ ဇူလိုင်လရက်စွဲနဲ့ ထုတ်လုပ်ထားတာကို တွေ့ရှိရတယ်လို့ MDSI က ဆိုပါတယ်။ အလားတူ ပြီးခဲ့တဲ့မေလဆန်းပိုင်းက ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှာ ကပစတပ်က ရက်ပိုင်းအတွင်း ထုတ်လုပ်ထားတဲ့ ကလပ်စတာဗုံးကို အသုံးပြုခဲ့တာတွေ့ရပါတယ်။
The Tanintharyi Times