KTLA ကပစ်ခတ်လို့ KNLAက ဗိုလ်မှူးအပါအဝင် နှစ်ဦးသေဆုံး

KTLA ကပစ်ခတ်လို့ KNLAက ဗိုလ်မှူးအပါအဝင် နှစ်ဦးသေဆုံး

ဓာတ်ပုံ - ဗိုလ်မှူးစောဖိုးဆီ။

ကော်သူးလေတပ်မတော်က စောင့်ကြိုပစ်ခတ်လို့ KNLA တပ်က ဗိုလ်မှူး အပါအဝင် နှစ်ဦးသေဆုံးပြီး ငါး ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNLA စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

မနေ့က မနက် ၁၁ နာရီခွဲလောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင်တွေ ကား၂ စီးနဲ့ထွက်လာတဲ့အချိန် ထားဝယ်မြို့နယ်၊ ဖောင်းတောရွာနဲ့ မိုင် ၄၀ ရွာကြားမှာ ​ကြားဖြတ် ပစ်ခတ်ခံရတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် KNLAက စစ်ဘက်ရေးရာကွပ်ကဲရေးမှူး ဗိုလ်မှူး စောဖိုးဆီနဲ့ နောက်ထပ်ရဲဘော်တစ်ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ထုတ်ပြန်ချက်မှာတော့ ပြဿနာဖြစ်မှာစိုးလို့ မသွားခင်ကတည်းက နယ်မြေမှူး ပဒိုကာလီလားနဲ့ ဆက်သွယ်ပြီး ကော်သူးလေတပ်မတော်ဘက်ကို ကြိုအသိပေးခဲ့တယ်လို့ရေးသားထားပါတယ်။ အဲဒီအချိန် ကော်သူးလေတပ်မတော်ဘက်ကလည်း မပစ်ခတ်ဘူးဆိုတဲ့အကြောင်း ကြိုတင်ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။

ပစ်ခတ်ခံရတဲ့နေရာဟာ တပ်မဟာ ၄ KNLAတပ်ရင်း (၁၂) နယ်မြေဖြစ်သလို KTLA လှုပ်ရှားနယ်မြေလည်းဖြစ်ပါတယ်။

ပစ်ခတ်မှုဖြစ်စဥ်နဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ တပ်မဟာ ၄ KNLA စစ်ရုံးကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားလို့ မေးမြန်းခွင့်မရခဲ့ပါဘူး။

ကော်သူးလေတပ်မတော် ဆာကဆောတပ်မရဲ့ပြန်ကြားရေးတာဝန်ခံ ကိုချမ်းကို တနင်္သာရီတိုင်းမ်က ဆက်သွယ်မေးမြန်းချိန်မှာတော့ KNLA ရဲ့ ထုတ်ပြန်ချက်အပေါ် အထွေအထူး ပြောစရာမရှိဘူးလို့ ပြန်ဖြေခဲ့ပါတယ်။

“ကျနော်တို့လျှောက်နေတဲ့တော်လှန်ရေးလမ်းမှာ မကူညီဘဲနဲ့ နှောင့်ယှက်လာမယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ တော်လှန်ရေးမျက်နှာ၊ လူထုမျက်နှာကိုကြည့်ပြီး သူ့လူမျိုး၊ ကိုယ့်လူမျိုးမခွဲဲခြားဘဲ ပြတ်ပြတ်သားသား ဆောက်ရွက်သွားရမှာဖြစ်ပါတယ်” လို့ ရဲဘော်ကိုချမ်းက ပြောပါတယ်။

အခု ၁၅ ရက်နေ့ကလည်း မေတ္တာ-ထီးခီးလမ်းပေါ်က ပျားဆေးချောင်းအနီးမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ကော်သူးလေတပ်မတော်ဘက်က နှစ်ဦးထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုဟာ KNU တပ်မဟာ (၄) တပ်ရင်း(၁၀)ရဲ့ တပ်ခွဲ ၁ နဲ့ ၂ က တဖက်သတ်လာရောက်ပစ်ခတ်တာဖြစ်ပြီး ကော်သူးလေတပ်မတော်ဘက်ကတော့ ပြန်လည်ပစ်ခတ်တာမရှိဘူးလို့ KTLA ဘက်က ထုတ်ပြန်ထားပါတယ်။

KNU နဲ့ KTLA အကြား အခုလိုမျိုး ပဋိပက္ခတွေမဖြစ်ပွားလာစေဖို့ နှစ်အဖက်အကြား အလေးအနက်ညှိနှိုင်းကြဖို့ KTLA စတင်တည်ထောင်ချိန်ကတည်းက တနင်္သာရီဒေသခံကရင်အစုအဖွဲ့တွေနဲ့ ကရင်တိုင်းရင်းသားတွေက အကြိမ်ကြိမ် တောင်းဆိုဖူးပါတယ်။

“ဘယ်အဖွဲ့ကပစ်ပစ် ကရင်လူမျိုးပါပဲ။ အခုက KNLA ဘက်က ဆိုဆိုးဝါးဝါးထိခိုက်တာမျိုးပေါ့နော်။ ကရင်လူထုအတွက်ဖြစ်စေ၊ ကရင်အရပ်ဘက်အဖွဲ့အစည်းဖြစ်စေ အခုလိုမျိုးကရင်အချင်းချင်းလက်နက်ကိုင်ပဋိပက္ခဖြစ်ပွားတဲ့အခါ အကျဥ်းအကြပ်ဖြစ်ရတယ်။ တစ်ဖက်နဲ့မိတ်ဆွေအဖြစ်ပေါင်းရင် တစ်ဖက်ကအမြင်မကြည်ဘူး။ ကျန်တဲ့တစ်ဖက်နဲ့ပေါင်းရင်လည်းနောက်တစ်ဖက်ကအမြင်မကြည်ဘူးပေါ့နော်။ ကြားမှာနေတဲ့ပြည်သူတွေက အဆင်မပြေဘူး။ နှစ်ဖက်စလုံးရဲ့အတိမ်းအစောင်းကိုခံရတယ်” လို့ ကရင်​ဒေသခံတစ်ဦးကပြောပါတယ်။

အခုနှစ် နှစ်ဆန်းပိုင်းကလည်း KNLA တပ်မဟာ ၄ နဲ့ကော်သူးလေ တပ်မတော်တို့ နှစ်ဖက်ပစ်ခတ်မှုတွေ နှစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးသူတွေလည်းရှိခဲ့ပါတယ်။

The Tanintharyi Times