တိုက်ပွဲတွေကြောင့် ပိတ်ထားရတဲ့ ထုံခါ-မောတောင်လမ်းပိုင်း ပြန်ဖွင့်

တိုက်ပွဲတွေကြောင့် ပိတ်ထားရတဲ့ ထုံခါ-မောတောင်လမ်းပိုင်း ပြန်ဖွင့်

တနင်္သာရီမြို့နယ်ထဲက ထုံခါ-မောတောင်လမ်းပိုင်းပြန်ဖွင့်ပြီလို့ KTLA-tcjf အဖွဲ့ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

နယ်မြေရှင်းလင်းရေးလုပ်ပြီး ဒီကနေ့မနက်အစောပိုင်းက ပြန်ဖွင့်လိုက်တာလို့ ဆိုပါတယ်။

သိန်ခွန်ကျေးရွာအုပ်စုမှာ အခုလ ၁၅ ရက်နေ့ကတည်းက တိုက်ပွဲတွေဖြစ်ပြီးနောက် အချိန်မရွေး အန္တရာယ်ကျရောက်နိုင်တာကြောင့် အဲဒီလမ်းပိုင်းကို အသုံးမပြုဖို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ခဲ့တာပါ။

အဲဒီလမ်းပိုင်းအနီးတဝိုက်မှာ အခုလ ၁၅ ရက်နေ့ကစလို့ ၅ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ပြီး ဒီကနေ့မှာ စစ်ကောင်စီစစ်ကြောင်းတွေပြန်ထွက်ခွာသွားပြီးဖြစ်သလို ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့လည်း နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ထုံခါ-မောတောင်လမ်း အနီးတဝိုက်ရွာတွေမှာ တိုက်ပွဲဖြစ်တဲ့အချိန်တိုင်း ခရီးသွားတွေရဲ့လုံခြုံရေးအရ လမ်းပိုင်းကို မကြာခဏပိတ်ချလေ့ရှိပါတယ်။

The Tanintharyi Times