ပုလောမှာစစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံး
ပုလောမှာစစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံး
မြိတ်ခရိုင်၊ ပုလောမြို့နယ် ၊ ပဝတ်ကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်သားတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းခွဲပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ PPDF က ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၁၉ ရက်မနက်ပိုင်းက မင်းထိန်ရွာဘက်ကနေ ပဝတ်ကုန်းကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းခွဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ပဝကုန်းရွာဆိုင်းဘုတ်အနီးနေရာနဲ့ ကျေးလက်ဆေးပေးခန်း၊ ဝန်ထမ်းအိပ်ဆောင် အနီး နေရာ မှာ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက တနင်္သာရီတိုင်းကိုပြောပါတယ်။
“ဒီကောင်တွေက ပုံမှန်သွားလာလှုပ်ရှားနေကြပုံစံမျိုးနဲ့လာတာမဟုတ်ဘူး။ ကားလမ်းမကြီးပေါ်မှာတောင် မိကျောင်းတွားသွားသလိုမျိုးနဲ့ သွားနေတာပါ နောက်ပြီး ဆေးခန်းအဆောင်တွေက လူမနေတော့ဘူး။ စစ်သားတွေ အမြဲဝင်တတ်လို့ မိုင်းထောင် ထားတာပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် တစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒီနေ့ မနက်မှာ ပဝတ်ကုန်းရွာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်ကောင်စီဖက်က ခရီးသွားလာများကို စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ည ၆နာရီခန့်မှာလည်း စစ်ကား၂စီး လက်နက်ကြီး၊လက်နက်ငယ်တွေပစ်ခတ်ပြီး ပဝတ်ကုန်းရွာထဲကို တပ်ကူရောက်လာချိန် မိုင်းတစ်လုံး ခွဲပြီး ထပ်မံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ King Cobraတပ်ဖွဲ့ Ghost Ranger တပ်ဖွဲ့၊ တနင်္သာရီပျောက်ကြားတပ်ဖွဲ့ နဲ့ PPDF တပ်ဖွဲ့တို့ ဘက်ကတော့ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့သိရပါတယ်။
The Tanintharyi Times
