တရုတ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရေး စဉ်ဆက်မပြတ် ကြိုးစားနေမှုအပေါ် ကျေးဇူးတင်ကြောင်း NLDဆို
တရုတ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရေး စဉ်ဆက်မပြတ် ကြိုးစားနေမှုအပေါ် ကျေးဇူးတင်ကြောင်း NLDဆို
တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရေး စဉ်ဆက်မပြတ်ကြိုးစားနေမှုအပေါ် ကျေးဇူးတင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD) ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မနေ့က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉နှစ်ပြည့်မွေးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အလေးထားဆက်ဆံမှုနဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို အလေးအနက်ထားပြီး ကောင်းမွန်စွာထားရှိရေးနဲ့ တွေ့ဆုံခွင့်ရရှိရေး စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်နေမှုအပေါ် ကျေးဇူးတင်ကြောင်း NLDက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးအကျဉ်းချထားတာ ၃နှစ်ကျော်ကြာမြင့်လာနေချိန် သူမကို မိသားစုနဲ့ထောင်ဝင်စာတွေ့ဆုံခွင့်ပိတ်ထားပြီး မည်သည့်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာကို အာဏာသိမ်းစစ်ကောင်စီက တရားဝင်ထုတ်ပြန်ထားခြင်းမရှိလို့ ဒီလုပ်ရပ်ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သူရဲဘောကြောင်စွာ နိုင်ငံရေးဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ထားတဲ့ လုပ်ရပ်လို့ ဆိုပါတယ်။
မြန်မာ့အရေးပြဿနာတွေကို ပြေလည်စေဖို့ ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ချန်လှပ်ထားမရတဲ့ အရေးပါဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာ ယုံကြည်ကြောင်း NLDက ဆိုပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ရေး မိတ်ဆွေနိုင်ငံတွေ၊ ပြည်တွင်းပြည်ပက မိတ်ဖက်အင်အားစုတွေ ဆက်လက်ကြိုးပမ်းအားထုတ်ပေးကြဖို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)က တောင်ဆိုထားပါတယ်။
Connect Burma
The Tanintharyi Times
