အုပ်ချုပ်ရေးမှူးငွေကောက်ခံတဲ့အကြောင်း သတင်းပေးပို့လို့ဆိုပြီး တညက်ရွာက ဘာသာရေးကျောင်းတွေကို ပိတ်ခိုင်း
အုပ်ချုပ်ရေးမှူးငွေကောက်ခံတဲ့အကြောင်း သတင်းပေးပို့လို့ဆိုပြီး တညက်ရွာက ဘာသာရေးကျောင်းတွေကို ပိတ်ခိုင်း

မြိတ်မြို့နယ်၊ တညက်ကျေးရွာက အစ္စလာမ်ဘာသာရေးကျောင်းတွေမှာ ငွေကြေးကောက်ခံတဲ့အကြောင်းကို သတင်းမှာပါလာလို့ဆိုပြီး ဘာသာရေးကျောင်း ၁၂ ကျောင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့က ပိတ်ခိုင်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
တညက်ကျေးရွာက အုပ်ချုပ်ရေးမှူးအဖွဲ့ဟာ အခုလ ၁၄ ရက်နေ့က ဘာသာရေးကျောင်းဆရာတွေကို အစည်းအဝေးခေါ်ယူပြီးနောက် စာသင်နေတဲ့အတွက် ကျောင်းတစ်ကျောင်းကို ငွေငါးသောင်းကျပ်ပေးရမယ်ဆိုပြီး ကောက်ခံခဲ့ပါတယ်။ ငွေမပေးရင် စစ်ကောင်စီတပ်ကိုခေါ်ယူပြီး ကျောင်းပိတ်ခိုင်းမယ်လို့ လည်းခြိမ်းခြောက်ခဲ့တယ်လို့ ရွာခံတွေကဆိုပါတယ်။
အဲဒီအကြောင်းအရာကို အခုလ ၁၇ ရက်နေ့မှာ တနင်္သာရီတိုင်းမ်က သတင်းရေးသားဖော်ပြခဲ့ပါတယ်။
အဲဒီနောက် မနေ့က မွန်းလွဲပိုင်းမှာတော့ အုပ်ချုပ်ရေးမှူးရုံးမှာ ဘာသာရေးကျောင်းဆရာတွေကို အစည်းအဝေးထပ်မံခေါ်ယူခဲ့ပြီး ပိုက်ဆံကောက်တဲ့အကြောင်း သတင်းဌာနကို သတင်းပို့လို့ဆိုပြီး ဘာသာရေးကျောင်းတွေ ပိတ်ခိုင်းလိုက်တာလို့ ဒေသခံတွေကဆိုပါတယ်။
“မင်းတို့တောင်သတင်းပို့သေးတာ ငါတို့ကလည်းလုပ်ရမှာပဲ၊ ကျောင်းအားလုံး ဒီနေ့ကစပြီး ဖွင့်ခွင့်မရှိဘူးဆိုပြီးပြောတယ်။ မြို့နယ်ကလုပ်ခိုင်းတာတဲ့။ ကျောင်းပြန်မဖွင့်ပါဘူးလို့လည်း ဆရာတွေကိုလက်မှတ်ထိုးခိုင်းတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
တညက်ကျေးရွာအုပ်စုမှာ အစ္စလာမ်ဘာသာရေးကျောင်း ၁၃ ကျောင်းရှိပြီး အဲဒီထဲမှာ တစ်ကျောင်းကလွဲလို့ ကျန်တဲ့ကျောင်းတွေအားလုံးကို ပိတ်ခိုင်းခဲ့တာပါ။ ပိတ်ခိုင်းလိုက်တဲ့ ဘာသာရေးကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကလေးငယ် ၅၀၀ ဝန်းကျင်လောက်အထိရှိတယ်လို့လည်း ဒေသခံကဆိုပါတယ်။
ဆက်ဖွင့်ခွင့်ပေးထားတဲ့ ဘာသာရေးကျောင်းကတော့ ပသောင်းကျေးရွာက ကျောင်းခွဲဖြစ်တာကြောင့် မပိတ်ခိုင်းတာဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးကပြောဆိုခဲ့တယ်လို့ ဒေသခံတွေကပြန်ပြောပြပါတယ်။
ခွင့်ပြုချက်မရဘဲဖွင့်တဲ့ကျောင်းတွေကို စစ်တပ်ကိုခေါ်ယူပြီး တိုင်ခြေပါမကျန်အောင်လုပ်ပစ်မယ်လို့လည်း အုပ်ချုပ်ရေးမှူးက မနေ့ကအစည်းအဝေးမှာ ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
အခုလ ၁၄ ရက်နေ့မှာ အုပ်ချုပ်ရေးမှူးအဖွဲ့က ကောက်ခံတဲ့ငွေကြေးကိုလည်း ဘာသာရေးကျောင်းတွေဘက်က ပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။ မနေ့က အစည်းအဝေးမှာတော့ ပိုက်ဆံမကောက်ခံတဲ့အကြောင်းလည်း ဘာသာရေးဆရာတွေကို ဖိအားပေးလက်မှတ်ရေးထိုးစေခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
တညက်ရွာခံ ကျောင်းသားမိဘတစ်ဦးတော့ အဲဒီဘာသာရေးကျောင်းတွေ လွန်ခဲ့တဲ့နှစ်ပေါင်းမျာစွာ အဖိုးအဖွားလက်ထက်ကတည်းကရှိခဲ့တဲ့ ကျောင်းတွေဖြစ်တောကြောင့် အခုလိုပိတ်လိုက်ရတဲ့အပေါ် စိတ်မကောင်းဘူးလို့ဆိုပါတယ်။
“ပြောရရင် တရားလွန်သွားပြီပေါ့နော်။ သူတို့တောင်းတဲ့ ပိုက်ဆံလည်းပေးထားတာတောင် အမျိုးအမျိုးခြိမ်းခြောက်နေတာ။ ကျနော်တို့ကတော့ ဘာမှပြောခွင့်မရှိဘူး။ ကလေးတွေကိုတော့ မထားရတော့ဘူးပေါ့” လို့ တညက်ရွာက အစ္စလာမ်ဘာသာဝင် ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
တညက်ကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ရှစ်ခု၊ အိမ်ထောင်စုတစ်ထောင်ကျော် ရှိပြီး အစ္စလာမ်ဘာသာဝင် အများအပြားနေထိုင်ကြတယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။
အခုလအစကလည်း စစ်မှုထမ်းလူစားထိုးဖို့ဆိုပြီး တညက်ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့က တစ်အိမ်ကို ငွေကျပ်သုံးသောင်းနှုန်း အတင်းအဓမ္မကောက်ခံခဲ့ဖူးပါတယ်။
The Tanintharyi Times