ပျူစောထီးနှစ်ဦး ပစ်ခတ်ခံရပြီးနောက် ရှမ်းကိုးရွာဒေသက အမျိုးသား၂ ဦး ဖမ်းဆီးခံရ

ပျူစောထီးနှစ်ဦး ပစ်ခတ်ခံရပြီးနောက် ရှမ်းကိုးရွာဒေသက အမျိုးသား၂ ဦး ဖမ်းဆီးခံရ

ခမောက်ကြီးမြို့၊ ရှမ်းကိုးရွာဒေသက ရွာသား၂ဦးကို စစ်ကောင်စီတပ်သားတွေက ဒီက​နေ့မနက်ပိုင်းမှာ လာရောက် ဖမ်းဆီး၊ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေက မာရမ်းကျေးရွာက အသက်၄၀ အရွယ် ကိုလွင်ဦးဆိုသူနဲ့ ခမောက်ကြီးမြို့ အမှတ်(၄)ရပ်ကွက်က ကိုဆန်းမင်းဦး တို့ဖြစ်ပြီး ၎င်းတို့ကို စစ်ဆေးစရာရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဥယျာဉ်ခြံအလုပ်နဲ့အသက်မွေးကြတဲ့သူတွေ ဖြစ်တယ်လို့သိရပြီး ဘယ်နေရာကို ဖမ်းဆီးသွားသလဲဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

“သူတို့ကအေးဆေးနေတဲ့ လူတွေ။ ဘာလို့ဖမ်းသွားလဲဆိုတာမပြောတတ်ဘူး”လို့ ဒေသခံကပြောပါတယ်။

ခမောက်ကြီးမြို့၊ ဝိုင်ဒင်းရွာအနီးမှာ ပြီးခဲ့တဲ့မတ်လ ၄ ရက်နေ့က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပုလဲစစ်ကြောင်းက ရဲဘော်ကိုးဦး ကျဆုံးခဲ့ရတဲ့ ဖြစ်စဉ်မှာ စစ်ကောင်စီတပ်ကိုလမ်းပြပေးခဲ့တယ်ဆိုတဲ့ ပျူစောထီးနှစ်ဦးဟာ အခုလ ၁၆ ရက်နေ့က ပစ်သတ်ခံခဲ့ရပါတယ်။ ၎င်းတို့ နှစ်ဦးပစ်သတ်ခံရပြီးနောက် ရှမ်းကိုးရွာဒေသကကျေးရွာတွေမှာ ရှာဖွေဖမ်းဆီးတာတွေကို စစ်ကောင်စီတပ်သားတွေက ဆက်တိုက်လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

The Tanintharyi Times