စစ်မှုထမ်းမယ့်သူအတွက်ထောက်ပံ့ကြေးဆိုပြီး ရေဖြူမှာ တစ်အိမ်ကိုပိုက်ဆံသုံးသောင်းကောက်

စစ်မှုထမ်းမယ့်သူအတွက်ထောက်ပံ့ကြေးဆိုပြီး ရေဖြူမှာ တစ်အိမ်ကိုပိုက်ဆံသုံးသောင်းကောက်

စစ်မှုထမ်းမယ့်သူတွေအတွက် ထောက်ပံ့ကြေးအဖြစ် ရေဖြူမြို့နယ်၊ မိကျောင်းလှောင်းရွာ (ရွာသစ်)က ဒေသခံတွေဆီကနေ တစ်အိမ်ကို ကျပ်သုံးသောင်းနှုန်း အုပ်ချုပ်ရေးမှူးတွေက ကောက်ယူနေတယ်လို့ ရွာခံတွေက ပြောပါတယ်။

အိမ်ခြေ ၁၅၀ လောက်ရှိတဲ့ မိကျောင်းလှောင်း တရွာလုံးကို အုပ်ချုပ်ရေးမှူးက အစည်းအဝေးခေါ်ယူပြီးနောက် ရွာထဲကလူတွေစစ်မှုထမ်းမလိုက်ချင်တာကြောင့် တခြားရွာကလူကို ရှာလိုက်ပြီမို့ သူတို့ကိုထောက်ပံ့ဖို့ဆိုကာ အခုလို ငွေကောက်ခံတာလို့ ရှင်းပြကြောင်း ရွာခံတွေက ပြန်ပြောပြပါတယ်။

အစည်းအဝေးကိုတော့ ရွာရှိအိမ်တိုင်းစေ့နီးပါးတက်ရောက်ခဲ့ပြီး အုပ်ချုပ်ရေးမှူးတွေတောင်းခံတဲ့ ငွေကြေးကိုလည်း တခါတည်းပေးခဲ့ရတယ်လို့ ရွာခံတွေကဆိုပါတယ်။

“ဒီလောက်စည်တဲ့အစည်းအဝေး ရွာမှာတခါမှမကြုံဖူးဘူး။ အကုန်လုံးသားသမီးဇောနဲ့ပေါ့။ လတ်တလောအဆင်ပြေရင်ပြီးရော ဆိုပြီး ပိုက်ဆံထည့်ခဲ့ကြတယ်။ တချို့စားဖို့တောင်မနိင်နိုင်ဆိုတော့ အရမ်းသနားဖို့ကောင်းတယ်” လို့အစည်းအဝေးတက်ရောက်ခဲ့တဲ့ ရွာခံတစ်ဦးကပြောပါတယ်။

အုပ်ချုပ်ရေးမှူးအဖွဲ့ဟာ သားသမီးမထွန်းကားတဲ့အိမ်တွေနဲ့ သားသမီးနိုင်ငံခြားရောက်နေတဲ့သူတွေကိုလည်း ပိုက်ဆံကောက်ယူသလို တခြားဒေသကနေ ခြံလုပ်ငန်းလာရောက်လုပ်ကိုင်သူတွေကိုလည်း ငွေကျပ်ငါးသောင်းအထိကောက်ခံတယ်လို့ ရွာခံတွေ ပြောပြချက်အရ သိရပါတယ်။

စစ်မှုထမ်းဖို့ဒုတိယအသုတ်ခေါ်ယူမယ့်အချိန်ကို ရွာသားတွေကမေးမြန်းချိန်မှာတော့ ခန့်မှန်းခြေခြောက်လလောက်အထိကြာနိုင်ကြောင်း အုပ်ချုပ်ရေးမှူးတွေဘက်ကပြောတယ်လို့ ရွာခံက ပြောပါတယ်။

မိကျောင်းလှောင်းရွာသစ်နဲ့ ကပ်ရက်မှာတော့ KNU ရဲ့ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲက မိကျောင်းလှောင်းရွာ‌ဟောင်းရှိပြီး အဲဒီရွာဟောင်းမှာတော့ လူစာရင်းကောက်ယူတာနဲ့ငွေကြေးကောက်ခံတာတွေမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

”ရွာချင်ကပ်ရပ်ဖြစ်ပြီး တခြမ်းတည်းခံနေရတာပါ။ လက်နက်ကိုင်မရှိတဲ့နေရာမျိုးမှာ အခုလိုခံရရင် ဖြေသာပါသေးတယ်။ အခုကဘေးကပ်ရပ်မှာရှိနေတာတောင် ဒီအတိုင်းကြည့်နေကြတယ်” လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ရွာခံက ဆက်ပြောပါတယ်။

ပိုက်ဆံထည့်လိုက်ပေမယ့် မိကျောင်းလှောင်ရွာသစ်မှာရှိတဲ့ လူငယ်အားလုံးနီးပါးကတော့ အာမခံချက်မရှိတာကြောင့် ရွာကနေတိမ်းရှောင်ကုန်ကြပြီလို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ရေဖြူမြို့နယ်ထဲက မြို့ပေါ်ရပ်ကွက်တွေနဲ့ ကလိန်အောင်မြို့ပေါ်ရပ်ကွက်တွေမှာလည်း စစ်မှုထမ်းဖို့အတွက် လူဦးရေစာရင်းကောက်ယူတာတွေ လုပ်ဆောင်နေတာကြောင့် စျေးဆိုင်တွေပိတ်ကာ လမ်းသွားလမ်းလာခြောက်ကပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စုထဲက ရွာတချို့မှာလည်း စစ်မှုထမ်းမယ့်သူ‌ရွေးချယ်ပြီးဖြစ်တာကြောင့် သူတို့ကိုထောက်ပံ့ဖို့ဆိုကာ အုပ်ချုပ်ရေးမှူးတွေက တစ်အိမ်ကိုငွေကျပ်ငါးထောင်စီ ထောက်ပံ့ပေးဖို့လိုက်လံကောက်ခံနေတာလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စူငယ်ဘာလိုင်းကျေးရွာအုပ်စုဟာ ၂၀၁၄ သန်း‌ခေါင်စာရင်းအရ အိမ်ထောင်စုဦးရေ ၂၅၀၀ ကျော်ရှိပါတယ်။

ထားဝယ်ခရိုင်ထဲက လောင်းလုံးနဲ့သရက်ချောင်းမြို့နယ်တွေမှာတော့ မြို့ပေါ်နဲ့ကျေးရွာအနည်းစုကလွဲလို့ ကျေးရွာအများစုမှာအုပ်ချုပ်ရေးမှူးတွေမရှိတာကြောင့် စစ်မှုထမ်းဖို့အတွက်ဆင့်ခေါ်တာနဲ့အစည်းအဝေးလုပ်တာတွေ အနည်းအကျဥ်းပဲရှိသေးတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ထားဝယ်မြို့ပေါ်မှာတော့ ရပ်ကွက် ၁၅ ခုစလုံးက ဆင့်ခေါ်စာပို့ခံရသူတွေကို အခုလ ၁၇ ရက်နေ့က မြို့နယ်စုပေါင်းရုံးမှာအစည်းအဝေးခေါ်ယူခဲ့ပြီး ဥပဒေအရကိုက်ညီတဲ့သူတွေကို စစ်မှုထမ်းဖို့ခေါ်ယူမယ်လို့ စစ်ကောင်စီလက်​အောက်ခံ ထွေအုပ်အရာရှိတွေက ပြောဆိုထားပါတယ်။

တနင်္သာရီတိုင်းအပါအဝင် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးစတဲ့တခြားပြည်နယ်တိုင်းတွေမှာလည်း အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေစစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်စာပေးပို့တာတွေ၊ မဲနှိုက်ပြီး စာရင်းကောက်ယူတာတွေ ရှိနေပေမဲ့ စစ် ကောင်စီဘက်ကတော့ အခုလ အစောပိုင်းမှာ ငြင်းဆိုထားပါတယ်။

The Tanintharyi Times