မူးယစ်ဆေး လေးတန်ကျော်ဖမ်းမိမှု မြိတ်နဲ့ ကျွန်းစုမှာနေထိုင်သူအပါအဝင် ၂၄ ဦးကို စစ်တပ်ဖမ်းဆီး
မူးယစ်ဆေး လေးတန်ကျော်ဖမ်းမိမှု မြိတ်နဲ့ ကျွန်းစုမှာနေထိုင်သူအပါအဝင် ၂၄ ဦးကို စစ်တပ်ဖမ်းဆီး
ရခိုင်နဲ့ မလေးရှားကိုပို့ဆောင်မယ့် အိုက်စ် မူးယစ်ဆေး ၄၀၀၀ ကီလိုဂရမ်ကိုဖမ်းမိပြီးနောက် ဆက်နွယ်သူ အမျိုးသား ၂၄ ဦးကိုဆက်တိုက်ဖမ်းဆီးခဲ့တယ်လို့ စစ်တပ် ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၅ ရက်နေ့က ပုသိမ်မြို့၊ ကမ်းနားလမ်းက ဂိုဒေါင်အမှတ် ၁၉ ရဲ့ မြေအောက်ခန်းအတွင်းမှာ ငွေကျပ်တန်ဖိုး ၁၂၀ ဘီလီယံခန့်တန်ဖိုးရှိတဲ့ အိုက်စ်(ICE)မူးယစ်ဆေးဝါး ၄၀၀၀ ကီလိုဂရမ်(တန်ချိန် ၄ တန်ကျော်)ကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေနဲ့ဆက်စပ်ပြီး အခုလ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အတွင်း မြိတ်နဲ့ ကျွန်းစုမြိုနယ်မှာ မှာနေထိုင်သူတွေအပါအဝင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တို့က စုစုပေါင်းအမျိုးသား ၂၄ ဦးကိုဖမ်းဆီးခဲ့တာပါ။
ပုသိမ်မှာဖမ်းမိခဲ့တဲ့ မူးယစ်ဆေးတွေဟာ မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာမှာရှိတဲ့ ဆန်ဂိုဒေါင်တစ်ခုမှာ ခေတ္တသိုလှောင်ထားခဲ့တယ်လို့ စစ်တပ်ကဆိုပါတယ်။
အဲဒါကြောင့် မူးယစ်ဆေးတွေသိမ်းမိပြီး တစ်ရက်အကြာ နိုဝင်ဘာလ ၆ ရက်နေ့မှာ ကွင်းဆက်တရားခံအဖြစ် မြိတ်မြို့၊ အနောက်လယ်ရပ်က ဘောဇဝတီဆန်ဆိုင်ပိုင်ရှင် ဒိုရာစတီဗင်နဲ့ ကိုထွန်းထွန်းလင်း ဆိုသူတို့ကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
အလားတူ မလေးရှားနိုင်ငံကို မူးယစ်ဆေးတွေပို့ဆောင်ရာမှာအသုံးပြုတယ်လို့ဆိုကာ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စုရေပြင်မှာရှိတဲ့ MVရွှေလက်ဝါး ဆိုတဲ့ ကုန်တင်သင်္ဘော တစ်စီးကိုလည်း စစ်တပ်က သိမ်းဆည်းခဲ့ပါတယ်။
အဲဒီကုန်တင်သင်္ဘောက လှေလုပ်သားတွေဖြစ်တဲ့ ကိုမောင်စိုး၊ ကိုခင်ဝင်း၊ ကိုအောင်ဆန်းဦး၊ ကိုအောင်ဇင်လတ်၊ ကိုဝင်းနိုင်၊ ကိုအောင်လင်း၊ ကိုကျော်မင်းလတ်၊ ကိုဟိန်းမင်းသူ၊ ကိုကျော်ကိုကိုထွေးနဲ့ ကိုသန်းထိုက်ဦး တို့ ၁၀ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်မှာ ဖမ်းဆီးမှုအတွင်း M-4 ရိုင်ဖယ် သေနတ်တစ်လက်နဲ့ ပစ္စတို သေနတ်နှစ်လက်ကိုလည်း ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ ဖမ်းမိသူတွေထဲက တစ်ဦးဟာ အာရက္ခတပ်တော်(AA)ထောက်ပို့တာဝန်ခံဖြစ်ပြီး AA ဟာ မူးယစ်ဆေးတွေရောင်းဝယ်နေတယ်လို့လည်း စစ်တပ်သတင်းမှာ စွပ်စွဲထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာကလည်း AA တပ်ဖွဲ့နဲ့ဆက်စပ်တဲ့ ငွေကျပ် ၁၉၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ရန်ကုန်မြို့မှာဖမ်းမိတယ်လို့ စစ်တပ်က ထုတ်ပြန်ခဲ့ဖူးပါတယ်။
The Tanintharyi Times
