မြိတ်မြို့က CDM ကျန်းမာရေးဝန်ထမ်းတွေ ချေးငွေပြန်ဆပ်ဖို့ ဖိအားပေးခံနေရ

မြိတ်မြို့က CDM ကျန်းမာရေးဝန်ထမ်းတွေ ချေးငွေပြန်ဆပ်ဖို့ ဖိအားပေးခံနေရ

ဓာတ်ပုံ - Myat Htut-Myeik Facebook

မြိတ်မြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ CDM လုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ချေးငွေပြန်ဆပ်ဖို့ စစ်ကောင်စီဘက်ကဖိအားပေးနေတယ်လို့ ဝန်ထမ်းတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

အခုလဒုတိယပတ်အတွင်းမှာပဲ ကျန်းမာရေးဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးကနေ အမိန့်ပေးပြောဆိုလာတာဖြစ်ပြီး ချေးငွေတွေပြန်မဆပ်ရင် တရားစွဲပြီးထောင်ချမယ်ဆိုတာကိုပါ ရာထူးအဆင့်ဆင့်နှုတ်အမိန့်နဲ့ စကားပါးလာတာလို့ CDM ဝန်ထမ်းအဝန်းအဝိုင်းကတဆင့် သိရတယ်။

ပြန်ဆပ်ခိုင်းတဲ့ အဆိုပါချေးငွေက NLD အစိုးရလက်ထက်၊ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလကစ ဆိုင်းငံ့ ၆ လ၊ ပြန်ဆပ်ကာလ ၁ နှစ်သတ်မှတ်ပြီး နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)တွေကို လုပ်အားခ ၂ လစာ အတိုးမဲ့ကြိုထုတ်ပေးခဲ့တဲ့ ငွေတွေဖြစ်ပါတယ်။

“အကြောင်းကြားနေတာ ၂ ခေါက် ၃ ခေါက်ရှိနေပြီ။ ဒီတခေါက်လာမဆပ်ရင်တော့တရားရုံးမှာ တရားရင်ဆိုင်ရမယ်ဆိုပြီးပြောတယ်။ ချေးငွေပြန်မဆပ်တဲ့သူတွေ စာရင်းနဲ့ရှိနေတယ်။ တရားရုံးကိုပို့မှာဆိုတော့ ကြောက်ဟိဆပ်လိုက်တယ်။” လို့ CDM ကျန်းမာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။

သုံးကြိမ်နီးပါး အကြောင်းကြားထားတယ်ဆိုတဲ့ ပြောဆိုချက်ကို CDM ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ တခါမှမသိခဲ့ရသလို ဘယ်နေ့နောက်ဆုံးပြန်ဆပ်ရမယ်ဆိုတာတွေလည်း မသိရှိလို့ အခက်တွေ့နေတယ်လို့ အဆိုပါအမျိုးသမီးက ဆက်ပြောပါတယ်။

ချေးငွေယူထားတဲ့ Non-CDM ဝန်ထမ်းတွေကတော့ လစာထဲကနေ လစဉ်ပုံမှန် အနည်းအကျဉ်းပြန်ဆပ်နေကြတယ်လို့ ဆိုပါတယ်။

မြိတ်မြို့နယ်မှာ CDM ဝန်ထမ်းတွေ ဌာနအသီးသီးမှာ ရှိပေမယ့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်မှာရှိတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေလို တရားဝင်အမိန့်စာထုတ်ပြန်ထားတာမရှိဘဲ နှုတ်အမိန့်နဲ့ဖိအားပေးခံရတာမျိုး မတွေ့ရဘူးလို့ CDM ဝန်ထမ်းအဝန်းအဝိုင်းက ပြောပါတယ်။

“ဆပ်မနိုင်လို့ ရှောင်ပြေးနေရတဲ့သူတွေလည်းရှိနေတယ်။ ချေးငွေပြန်မဆပ်ချင်တာတစ်ခုတည်းမဟုတ်ဘူး သူတို့အသိုင်းဝိုင်းကို ကြောက်နေကြရတာ။ သူတို့(ခရိုင်ဦးစီးမှူး)ဘက်က ဒီလိုတွေစလာနေပြီဆိုတော့ ဆပ်ဆပ်မဆပ်ဆပ် ဆွဲဖမ်းတာတွေလည်း ဖြစ်လာနိုင်တာပဲလေ။” လို့ တစ်မိသားစုလုံးရွှေ့ပြောင်းနေထိုင်နေရတဲ့ CDM ကျန်းမာရေးဝန်းထမ်းတစ်ဦးက ပြောပါတယ်။

မြို့ပေါ်မှာနေထိုင်တဲ့ CDM ကျန်းမာရေးဝန်ထမ်းအများစုက ချေးငွေပြန်ဆပ်နေကြရပြီး ရွှေ့ပြောင်းနေထိုင်နေကြတဲ့ ဝန်ထမ်းတချို့ကလည်း မြို့ပေါ်မှာကျန်ခဲ့တဲ့ မိသားစုဝင်တွေရဲ့လုံခြုံရေးအတွက် ချေးငွေပြန်ဆပ်နေကြရတယ်လို့ ချေးငွေဆပ်ထားတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေဆီက သိရပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကတော့ CDM ဝင်ထားတဲ့ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ကြိုတင်ထုတ်ယူထားတဲ့ လစာတွေကို ပြန်ဆပ်စရာမလိုတဲ့ ချီးမြှင့်ငွေအဖြစ် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လကတည်းက ထုတ်ပြန်ကြေညာထားပါတယ်။

အာဏာသိမ်းစစ်အစိုးရကတော့ ချေးငွေပြန်ဆပ်ရမယ့်ကာလကို ၂၀၂၄ ခုနှစ်၊မတ်လအထိ တိုးမြှင့်ထားတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက ထုတ်ပြန်ကြေညာ‌ထားပါတယ်။

The Tanintharyi Times