ထားဝယ်စီမံကိန်းဧရိယာအနီး တိုက်ပွဲဖြစ်ပွား

ထားဝယ်စီမံကိန်းဧရိယာအနီး တိုက်ပွဲဖြစ်ပွား

ပုံစာ - အောက်တိုဘာလက မူးဒူးရွာမှာ မီးရှို့ခံခဲ့ရတဲ့နေအိမ်တစ်ဆောင်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာအနီးမှာရှိတဲ့ ရေဖြူမြို့နယ်၊ မူးဒူးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မနေ့က ညနေ ၃ နာရီလောက်မှာ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ လောင်းလုံးမြို့နယ်‌၊ ‌ဒေါင်းရှောင်ရွာဘက်ကနေ မူးဒူးရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ခတ်ပြီး ခြေလျင်ဝင်ရောက်လာတာပါ။

ဒီနေ့မနက် ၇ နာရီဝန်းကျက်လောက်မှာတော့ မူးဒူးရွာထဲလမ်းတနေရာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ရွာထဲလမ်းဆုံနားမှာဖြစ်ကြတယ်။ PDF တွေဘက်ကကြားဖြတ်တိုက်တာ။ စစ်းသားတွေထိကြတယ်ကြားတယ်” လို့အနီးအနားရွာကဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။

တိုက်ပွဲဖြစ်ပွါးပြီးနောက်မှာတော့ မူးဒူးရွာခံ မိသားစုသုံးစုလောက်ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အဲဒီစစ်ကြောင်းမှာ မြိတ်အခြေစိုက် ခလရ (၁၀၃) နဲ့ ရေဖြူအခြေစိုက် ခမရ (၄၀၇) တပ်ရင်းတွေက စစ်ကောင်စီတပ်သားတွေလိုက်ပါလာတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေ မူးဒူးရွာစာသင်ကျောင်းမှာ တပ်စွဲထားပြီး ရွာအနီးအနားဝန်းကျင်ကိုလည်း တောနင်းတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

မူးဒူးရွာက ဒေသခံအများစုကတော့ စစ်ကောင်စီစစ်ကြောင်းရွာကို မရောက်ခင်ရက်ကတည်းက တခြားရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။

မူးဒူးရွာထဲကိုပြီးခဲ့တဲ့ အောက်တိုဘာလကလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာထဲကနေအိမ်အဆောင် ၂၀ ကိုမီးရှို့ခဲ့သလို နောက်တကြိမ်တရွာလုံးပြာကျမယ်လို့လည်း ခြိမ်းခြောက်စာတွေရေးသားခဲ့ပါတယ်။

The Tanintharyi Times