ပုလောက ကျောက္ကာရွာမှာ ဆန်ဆိုင်တွေကိုပိတ်ခိုင်းပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဆန်ရောင်း
ပုလောက ကျောက္ကာရွာမှာ ဆန်ဆိုင်တွေကိုပိတ်ခိုင်းပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဆန်ရောင်း

တစ်အိမ်ကို တရက်ဆန်သုံးပြည်နှုန်းပဲရောင်းတယ်လို့ဆို
ပုလောမြို့နယ်က ကျွန်းကျေးရွာဖြစ်တဲ့ ကျောက္ကာကျေးရွာအုပ်စုမှာ စစ်ကောင်စီက ဆန်ရောင်းဝယ်တာကို ပိတ်ပင်ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလ ဒုတိယအပတ်ထဲမှာ ကျောက္ကာရွာနဲ့ သဂျက်ကမ်းရွာတွေမှာရှိတဲ့ ဆန်အရောင်းဆိုင်တွေက ဆန်တွေကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက လိုက်လံသိမ်းယူခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့အိမ်တွေမှာပဲ ဆန်ကိုရောင်းချပေးတော့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ဆန်ရောင်းချပေးရမှာလည်း အိမ်ထောင်စုတစ်စုကို တစ်ရက် ဆန် ၃ ပြည်နှုန်းပဲ ရောင်းပေးနေတယ်လို့ သိရပါတယ်။
ဆန်ရောင်းတဲ့အခါမှာလည်း စျေးတွေတင်ပြီး ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဥပမာအနေနဲ့ဆိုရင် ကျောက္ကာရွာနဲ့ ကုန်လမ်းရေလမ်း ၈ မိုင်လောက်ပဲဝေးတဲ့ ပလမြို့မှာ ၄၀၀၀ ကျပ်ပေးရတဲ့ ပေါ်ဆန်းမွှေးတပြည်ကို ကျောက္ကာရွာမှာ ၅၅၀၀ ကျပ်နဲ့ရောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေလုပ်ငန်းကိုပဲ အဓိကလုပ်ကိုင်နေကြရတဲ့ဒေသမှာ ဆန်ကိုအခုလို တစ်နေ့စာတစ်နေ့ အကန့်အသတ်နဲ့ရောင်းပေးတာဟာ ပင်လယ်ထဲကို ရက်ရှည်ငါးဖမ်းသွားမယ့် ရေလုပ်သားမိသားစုတွေအတွက် အခက်အခဲရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“လှေထွက်ရင် လူဦးရေပေါ်မူတည်ပြီး အနည်းဆုံး ၂၄ ပြည်ဆန်အိတ် ၅ အိတ်လောက်သယ်သွားရတာ။ အခုက သုံးပြည်ပဲ ဝယ်ခွင့်ပေးလိုက်တော့ ဘယ်လိုလုပ်ကြမလဲ။ ငတ်ပြီးသေအောင်လုပ်နေကြတာ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ကျောက္ကာကျေးရွာအုပ်စုမှာ ကျောက္ကာရွာ၊ ရာဇကြိုရွာ(ဒေသအခေါ်မချမ်းအေးကမ်းရွာ)၊ သဂျက်ကမ်းရွာ ရွာသုံးရွာရှိပါတယ်။ အဲဒီသုံးရွာဟာ အိမ်ထောင်စု ၁,၁၁၅ စု (၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ) ရှိတဲ့ ကျွန်းကျေးရွာတွေဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသဖြစ်ပါတယ်။
ပုလောမြို့နယ်ဟာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ပွဲအဖြစ်များဆုံးမြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်က ရွာတွေကို နည်းအမျိုးမျိုးနဲ့ ရိက္ခာဖြတ်တာတွေ လုပ်ဆောင်နေပါတယ်။
The Tanintharyi Times