သွေးတိုးရောဂါနဲ့ အိမ်တွင်းကုထုံး

သွေးတိုးရောဂါနဲ့ အိမ်တွင်းကုထုံး

သွေးတိုးရောဂါက မြန်မာနိုင်ငံရဲ့ အဖြစ်အများဆုံးရောဂါကြီး (၆)မျိုးမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သွေးတိုးရောဂါဆိုတာက အပေါ်သွေး သွေးပေါင်ချိန် (၁၄၀)နဲ့အထက်၊အောက်သွေး သွေးပေါင်ချိန်(၉၀)နဲ့ အထက်ဖြစ်နေတဲ့ အချိန်မှာ တွေ့ရတဲ့ နှလုံးသွေးကြောဆိုင်ရာ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။

◉ သွေးတိုးရောဂါဖြစ်စေတဲ့ အကြောင်းအရင်းတွေ

– အငန်ဓာတ်ပါတဲ့ အစာတွေ အစားများတာ (ငါးပိ၊ငါးခြောက်၊ငံပြာရည်)

– ပြုပြင်ဖန်တီးထားတဲ့ ဟင်းခတ်မှုန့်တွေ အလွန်အကျွံ့သုံးစွဲတာ

– အတက်စာတွေ အစားများတာ (ဒညင်းသီး၊မျှစ်၊မှို)

– မျိုးရိုးထဲမှာ သွေးတိုးရောဂါရှိနေတာ

– ကိုယ်အလေးချိန် များနေတာ

– အမျိုးသမီးတွေမှာ (၆၅)နှစ်နောက်ပိုင်း၊အမျိုးသားတွေမှာ (၄၅)နှစ်နောက်ပိုင်းအရွယ်တွေမှာ သွေးတိုးတတ်တာ

– ကိုယ်လက်လှုပ်ရှားမှုနည်းပါးတာ

– အရက်နဲ့ဆေးလိပ်တွေ အလွန်အကျွံ့သောက်တာ

– အကိုက်အခဲပျောက်ဆေးတွေ အချိန်ကြာကြာသောက်နေရတာ

– ဆီးချိုအခံရှိနေတာ

– သိုင်းရွိုက်ပြဿနာရှိနေတာ

– သုံးစွဲတဲ့ သန္ဓေတားဆေးတွေကြောင့် သွေးတိုးတာ

– ကိုယ်ဝန်ဆောင်စဉ် သွေးတိုးတာ

– စိတ်ဖိစီးမှုများတာ

◉ သွေးတိုးရောဂါရဲ့ လက္ခဏာတွေ

– ခေါင်းကိုက်တာ

– ရင်တုန်တာ

– နှာခေါင်းသွေးလျှံတာ

– မအီမသာဖြစ်တာ

– နှလုံးခုန်နှုန်းပုံမှန်မဟုတ်တာ

– ချွေးစေးတွေ ပြန်နေတာ

◉ သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ

– သွေးတိုးရောဂါဟာ အချိန်ကြာလာတာနဲ့အမျှ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

– နှလုံးပျက်စီးတာ၊ နှလုံးသွေးကြောပေါက်တာ၊ လေဖြတ်တာ

– မျက်စိထဲမှ သွေးကြောတွေ ပေါက်ပြီး သွေးစိမ့်နိုင်တာ၊ မျက်စိကွယ်တာ

– ကျောက်ကပ်ပျက်စီးတာ၊ ဆီးဆိပ်တက်တာ

◉ သွေးပေါင်ကျစေတဲ့ အိမ်တွင်းကုထုံးတွေ

– နေ့စဉ် လေ့ကျင့်ခန်းလုပ်ပေးပါ (လမ်းလျှောက်ခြင်း)

– ဆားအပါအဝင် အငန်ဓာတ်ပါတဲ့ အစားတွေ လျှော့စားပါ

– ပိုတက်ဆီယမ်ပါတဲ့ အစားတွေကို စားပေးပါ။ ပိုတက်ဆီယမ်ဟာ အငန်ဓာတ်ကိုလျော့နည်းစေပြီး သွေးပေါင်ကျစေပါတယ်။ ပိုတက်ဆီယမ်ပါတဲ့ အစားအစာတွေက အရွက်စိမ်းတွေ၊ ခရမ်းချဉ်သီး၊အာလူး၊ ကန်စွန်းဥ၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ အစေ့အဆန်တွေ၊ အဆီထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ပဲအမျိုးမျိုးတို့ဖြစ်ပါတယ်။

– ကိုယ်အလေးအချိန်ကို ထိန်းသိမ်းသင့်ပါတယ်။

– ဆေးလိပ်၊ အရက်သုံးစွဲသူတွေ အနေနဲ့ တဖြေးဖြေးချင်း ဖြတ်သင့်ပါတယ်။

– စိတ်ဖိစီးမှုတွေကို လျော့ချပါ (တရားထိုင်တာ၊ ပုတီးစိပ်တာတွေ ပြုလုပ်ပေးသင့်ပါတယ်)

– တကယ်လို့ မိမိမှာ သွေးတိုးရောဂါရှိနေပြီဆိုရင် ဆေးပညာရှင် ညွှန်ကြားထားချက်အတိုင်း သွေးကျဆေးတွေကို အချိန်မှန်မှန်မှီဝဲသင့်ပါတယ်။

– လေထုညစ်ညမ်းမှုရှိတဲ့ နေရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

– အိပ်ရေး၀၀အိပ်သင့်ပါတယ်။

◉ သွေးတိုးသမားတို့အတွက် သင့်တော်တဲ့ သဘာဝဓာတ်စာတွေ

ခန္ဓာကိုယ်မှာ အပူအအေးမျှစေဖို့နဲ့ ဝမ်းမှန်စေဖို့အတွက် သွေးတိုးသမားတွေအနေနဲ့ ဝမ်းမချုပ် အောင်သတိပြုနေထိုင်သင့်ပါတယ်။

ဥပမာ _ ကန်စွန်းရွက်၊ ဘူးရွက်၊ ဟင်းနုနွယ်တို့ကို မကြာမကြာ စားပေး သင့်ပါတယ်။ သွေးတိုးသမားတွေမှာ ဝမ်းချုပ်နေမယ်ဆို သွေးပေါင်ချိန်က လွယ်လွယ်နဲ့မကျ ဖြစ်နေ တတ်ပါတယ်။

သွေးတိုးသမားတွေ အနေနဲ့ သွေးတွင်းအဆီမများစေဖို့ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို စားသုံး ပေးသင့်ပါတယ်။

သွေးတိုးသမားတွေ အနေနဲ့ သွေးပေါင်လည်းကျ၊ ဆီးဝမ်းလည်းရွှင်စေဖို့ ရဲယိုသီးကို ထန်းလျက်နဲ့ ယိုထိုးကာ စားသုံး ပေးနိုင်ပါတယ်။

◉ သွေးတိုးအမြန်ကျစေတဲ့ အိမ်တွင်းကုထုံးတွေ

တကယ်လို့ သွေးတိုးပြီး လေးလံထိုင်းမှိုင်းနေရင် နနွင်းမှိုင်းခံတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။

ရေနွေးပူပူမှာ သံပုရာညှစ်ကာ သောက်တာမျိုးလည်း ပြုလုပ်ပေးနိုင်ပါတယ်။(အစာအိမ်သမားတွေအတွက် မသင့်တော်ပါ)

ဒန့်သလွန်စေ့ကိုအခြောက်ခံပြီး စားပေးတာကလည်း သွေးကျစေပါတယ်။

ရဲယိုရွက်၊ ရဲယိုသီးတွေကို စားသုံးပေးလို့လည်း ရပါတယ်။

အလွန်အမင်းသွေးပေါင်တက်နေချိန်မှာ လှုပ်ရှားမနေဘဲ ငြိမ်ငြိမ်လေး နေသင့်ပါတယ်။

သွေးတိုးရောဂါက ကာကွယ်လို့ ရတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကာကွယ်နိုင်ဖို့အတွက် သတိပြု၊ ရှောင်ရှားရမယ့် အချက်အလက်၊ အကြောင်းအရာတွေကို ဖော်ပြလိုက်ပါတယ်။

◉ သတိပြုရန်

– (အထူးသဖြင့်) ဆီကြော်စာတွေ ရှောင်ရှားပါ။

– အငန်ဓာတ်ပါတဲ့ အစားအစာတွေ ရှောင်ရှားပါ။

– စားအုန်းဆီနဲ့ပြည့်ဝဆီတွေ အသုံးမပြု၊ မစားသုံးဘဲ ရှောင်ရှားပါ။

– ဆေးလိပ်၊ အရက်တွေ ရှောင်ပါ။

– စိတ်ဖိစီးမှုတွေကို လျော့ချပါ။

– နေ့စဉ် လမ်းလျှောက်ပေးပါ။

– ဆီး၊ ဝမ်းမှန်အောင် နေထိုင်ပါ။

– စိတ်တည်ငြိမ်စေဖို့ တရားထိုင်ပါ။

စတဲ့ အပြုအမူတွေ လုပ်ဆောင်ပြီး သွေးတိုးရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင် ပါတယ်။

(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)

PKN

The Tanintharyi Times