ဟွန်ဆန် နဲ့ တယ်လီဖုန်းပြောဆိုတဲ့ အသံဖိုင်ပေါက်ကြားမှုနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်တောင်းပန်
ဟွန်ဆန် နဲ့ တယ်လီဖုန်းပြောဆိုတဲ့ အသံဖိုင်ပေါက်ကြားမှုနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်တောင်းပန်

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ တယ်လီဖုန်းပြော ကြားတဲ့ အသံဖိုင်ပေါက်ကြားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးထိုင်းဝန်ကြီးချုပ် ဖယ်ထုံတန်ရှင်နာဝပ်က ထိုင်းပြည်သူလူထုကိုတရားဝင်တောင်းပန်ခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်က ကမ္ဘောဒီးယားရဲ့လုပ်ရပ်ဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တာဖြစ်ပြီး အခုလို အသံဖိုင်ကို လူသိရှင်ကြား ထွက်ပေါ်လာမယ်လို့ မထင်ခဲ့ကြောင်း ထိုင်းနိုင်ငံသားတစ်ဦးချင်းစီကို တောင်းပန်ကြောင်း ဇွန်လ ၁၉ ရက်နေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက တဆင့်တရားဝင်တောင်းပန်ခဲ့တာပါ။
“ကမ္ဘောဒီးယားခေါင်းဆောင်နဲ့ စကားပြောတဲ့ အသံဖိုင်ပေါက်ကြားလာတာနဲ့ ပတ်သက်ပြီး ထိုင်းညီအစ်ကို မောင်နှမ အားလုံးကို တောင်းပန်ပါတယ်။ ဒါကို မှတ်တမ်းတင်ပြီး ဖြန့်ဝေမယ်လိုက်မယ်လို့ လုံးဝထင်မထားပါဘူး။ ဒီကိစ္စကို ထိုင်းတော်ဝင်တပ်မတော် နဲ့လည်း စကားပြောပြီးပါပြီ” ဝန်ကြီးချုပ်ဖယ်ထုံတန် ကပြောပါတယ်။
ကမ္ဘောဒီယား ဘက်ကအခုလိုပြုမူ ပုံဟာ ထိုင်းရဲ့ နိုင်ငံတော်လုံခြုံရေးကိုခြိမ်းခြောက်တာဖြစ်ပြီး လုံးဝသည်းမခံနိုင်စရာလုပ်ရပ်လို့ လည်းပြောဆိုခဲ့ပါတယ်။
“ထိုင်းနိုင်ငံ ရဲ့ ခုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ခုလို့ ကဏ္ဍအသီးသီးက ကောက်ချက်ချထားပါတယ်။ ဒါဟာ သေးငယ်တဲ့ ခြိမ်းခြောက်မှုတော့ မဟုတ်ပါဘူး။ ကျမတို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရပါမယ်”လို့လည်း သူကပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံခြးရေးဝန်ကြီးဌာန၊ အရှေ့အာရှရေးရာဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် Piyapak Sricharoen ဟာလည်း ထိုင်းနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီးကိုဆင့်ခေါ်ပြီး ထိုင်းဝန်ကြီးချုပ် ဖယ်ထုံတန် ရှင်နာဝပ်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့တယ်လီဖုန်းပြော ကြားတဲ့ အသံဖိုင်ပေါက်ကြားမှုနဲ့ပတ်သက်ပြီးကန့်ကွက်စာပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါစာထဲမှာ ထိုင်းအစိုးရ အနေနဲ့ ကမ္ဘောဒီးယား ရဲ့လုပ်ရပ်ကို အလွန်အမင်းစိတ်ပျက် ဒေါသထွက်နေကြောင်း ထည့်သွင်းရေးသားထားပါတယ်။
ထိုင်းဝန်ကြီးချုပ် ဖယ်ထုံတန် ရှင်နာဝပ်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့တယ်လီဖုန်းပြော ကြားတဲ့ အသံဖိုင်ပေါက်ကြားခဲ့ပြီးနောက် ထိုင်းနိုင်ငံရေးတင်းမာတွေ ပိုမိုအရှိန်မြှင့်လာပြီး ဒီနေ့မနက်မှာတော့ အင်အားကြီးအတိုက်အခံပါတီ People ပါတီ (ယခင် Move Forward ပါတီ) လွှတ်တော် ဖျက်သိမ်းဖို့ တောင်းဆိုထားပါတယ်။
ထိုင်းဝန်ကြီးချုပ် ဖယ်ထုံတန် ရှင်နာဝပ်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့တယ်လီဖုန်းပြောဆိုရာမှာ နိုင်ငံတော်လုံခြုံရေး နဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ပြောဆို ချက်တွေ ကို တာဝန်ယူတဲ့ အနေနဲ့ လွှတ်တော်ကို ဖျက်သိမ်းဖို့ Nattapong Ruangpanyawut ကပြောကြားခဲ့တာပါ။
ဖယ်ထုံတန် ရှင်နာဝပ်နဲ့ ဟွန်ဆန်တို့ တယ်လီဖုန်းပြောကြားရာမှာ ထိုင်းဝန်ကြီးချုပ်ဖယ်ထုံတန်က ထိုင်းစစ်တပ်က ဖိအားပေးဖို့ နယ်စပ်ဂိတ်တွေကိုတင်းတင်းကျပ်ကျပ်ကိုင်တွယ်နေတာဖြစ်တယ်ဆိုတဲ့ သဘော ပြောကြားခဲ့တဲ့ အသံဖိုင်ဟာ မနေ့ ဇွန်လ ၁၈ ရက်မှာပေါက်ကြားခဲ့တာဖြစ်ပါတယ်။
အဲ့ဒီပြောဆိုမှု နဲ့ပတ်သက်ပြီး အာဏာရ ညွန့်ပေါင်းအစိုးရအဖွဲ့ ထဲက Bhumjaithai ပါတီက အစိုးရ အဖွဲ့ ကနုတ်ထွက်ကြောင်း ကြေညာထားပြီး ဝန်ကြီးတွေ အနေနဲ့ ဇွန်လ ၁၉ ရက်နေ့ နုတ်ထွက်စာတင်မယ်လို့ ကြေညာထားတာဖြစ်ပါတယ်။
ဒီနေ့(ဇွန်လ ၁၉) မှာတော့ ထိုင်းဝန်ကြီးချုပ်ဖယ်ထုံတန် အစိုးရအဖွဲ့ရုံးကို လာတဲ့လမ်းမှာ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ ကျောင်းသား-ပြည်သူ ကွန်ရက်က ဆန္ဒပြတွေကလည်း ဝန်ကြီးချုပ်ကိုနုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြတာတွေလုပ်ဆောင်နေပါတယ်။
ကိုးကား – The Reporters၊ Khaosod English
( ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times