ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က မူးဒူးရွာကို မီးရှို့နေ
ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က မူးဒူးရွာကို မီးရှို့နေ
ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာ ထဲမှာပါဝင်နေတဲ့ ရေဖြူမြို့နယ် မူးဒူး(အနောက်)ရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတပ်တွေတိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က မူးဒူးရွာကို မီးရှို့နေတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
စစ်ကောင်စီ က ထားဝယ်အထူးစီပွားရေးဇုန် စီမံကိန်းကို ရုရှား အစိုးရ နဲ့ပူးပေါင်း အကောင်အထည်ဖော်မယ်ပြောပြီး နှစ်လအကြာမှာ စီမံကိန်းဧရိယာအတွင်း အခုလိုတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ ညနေ ၃ နာရီအချိန်ခန့်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပြီး မိနစ်ပိုင်းသာကြာခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီနောက်တော့ စစ်ကောင်စီတပ်သားတွေဟာ မူးဒူးရွာထဲက နေအိမ်တွေကို စတင်မီးရှို့ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
“မီးခိုးအမည်းလုံးတွေ အလိမ့်လိုက်အလိမ့်လိုက်တက်လာနေတယ်။ ဘာတွေဆက်ဖြစ်အုံးမလဲမသိဘူး။” လို့ ဒေသခံ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မူးဒူးရွာ(အနောက်)မှာ ရှိနေတဲ့စစ်ကောင်စီတပ်သားတွေဟာ အခုလ ၁၇ ရက်နေ့က ကျောက်ထောင့်ရွာကို ရောက်လာပြီး အဲဒီကနေတဆင့် ပုဂေါဇွန်းနဲ့ သစ်တိုထောင့်ရွာတွေကို စစ်ကြောင်းနှစ်ကြောင်းခွဲ ပြီးသွားလာခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ နေ့လည်ပိုင်းက မူးဒူး(အနောက်)ရွာမှာ စစ်ကြောင်းနှစ်ကြောင်းဆုံပြီး နာရီပိုင်းအကြာမှာပဲ တိုက်ပွဲဖြစ်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
နေအိမ်မီးရှို့ခံရတဲ့အရေအတွက်ကိုတော့ ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်။
ဒီကနေ့မနက် ၈ နာရီခန့်ကလည်း ရားဖူးကျေးရွာအုပ်စုထဲက မျောက်ချောရွာအနီးတဝိုက်မှာ တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။
ပစ်ခတ်မှုအတွင်း စစ်ရဟတ်ယာဉ်တစ်စင်း၊ ဂျက်ဖိုက်တာတစ်စင်း ရောက်လာပြီး ဗုံးခြောက်လုံးကြဲချခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။
“လူနေအိမ်တွေကြားထဲကျတာဆိုတော့ ထိခိုက်မှုတော့ရှိလောက်တယ်။ အခုလောလောဆယ်တော့ ထိခိုက်သတင်းတော့ မရသေးဘူး။”လို့ ရေဖြူမြို့နယ်(ပကဖ)ရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်ရေးတင်းမာနေတဲ့ ရားဖူးကျေးရွာအုပ်စုထဲကို ဒီကနေ့မနက်တိုက်ပွဲစဖြစ်တဲ့အချိန်ကတည်းကစလို့ မွန်းလွဲပိုင်းထိ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။
“ပစ်သံပေါက်ကွဲသံဆက်တိုက်ကိုကြားနေတယ်။ ဘယ်ကနေ ပစ်တယ်ဆိုတာတော့ မသိရဘူး။” လို့ ဓဝယ်အမျိုးသးလွတ်မြောက်ရေးတပ်တော်(DNLA)က ရဲဘော်တစ်ဦးက ပြောပါတယ်။
လက်ရှိတိုက်ပွဲအတွင်းပါဝင်နေတဲ့စစ်ကောင်စီတပ်သားတွေဟာ အခုလ ၁၁ ရက်နေ့ကလည်း ရာဖူးရွာမှာ ယာယီအထိုင်ချထားချိန် တော်လှန်အင်အားစုဘက်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကို ခံခဲ့ရတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဒီကနေ့ တစ်ရက်တည်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်၊ ကျဆုံးရှိနေတယ်လို့ ကနဦးသိရပြီးအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပါတယ်။
အခုလ ၃ ရက်နေ့ကတည်းကနေ ရေဖြူမြို့နယ် နတ်ကြီးစင်ကျေးရွာအုပ်စုဘက်ကို စစ်ကောင်စီတပ်တွေ စတင်စစ်ကြောင်းထိုးခဲ့ပြီး အဲဒီချိန်ကတည်းကနေ ဒေသတွင်း စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့မေလတတိယအပတ်ထဲမှာထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို စစ်ကောင်စီနဲ့ရုရှား အကြား ပူးတွဲအကောင်အထည်ဖော်ဖို့ နှစ်ဖက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။
ထားဝယ် ရေနက်ဆိပ်ကမ်းမှာ တန်ချိန် ၂ သိန်းနဲ့အထက် သင်္ဘောတွေရပ်နားနိုင်မယ့် ဆိပ်ကမ်းတစ်ခုကိုရုရှား နဲ့ပူးပေါင်းလုပ်ဆောင်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှား သတင်းဌာန ITAR-TASS Media ပြုလုပ်တဲ့ အင်တာဗျူး မှာ ပြောကြားခဲ့ဖူးပါတယ်။
အဲဒီလိုဆွေးနွေးမှုတွေလုပ်ပြီး တစ်လကျော်အကြာမှာ ထားဝယ်အထူးစီးပွားရေးဇုန်ကို စစ်ကောင်စီတပ်က အခုလိုနယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်လာတာဖြစ်ပါတယ်။
The Tanintharyi Times
