ကမ္ဘာ့ချန်ပီယံမြန်မာ

ကမ္ဘာ့ချန်ပီယံမြန်မာ

မြန်မာနိင်ငံဟာ “ကျရှုံးနိုင်ငံ” (Failed State) တစ်ခုဖြစ်နေပြီလား၊ ဖြစ်တော့မှာလားဆိုတဲ့မေးခွန်းကို အတော်များများ ပြောဆိုငြင်းခုန်လေ့ ရှိကြပါတယ်။ ဒီမေးခွန်းကို ဖြေပေးကောင်းဖြေပေးနိုင်မယ့် အချက်တစ်ချက်ကို လေ့လာကြည့်ပါမယ်။

နယ်ခြားဖြတ်ကျော်ရာဇဝတ်မှုတွေကို စောင့်ကြည့်တဲ့ အရပ်ဖက်အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ Global Initiative Against Transnational Organized Crime က သူတို့ရဲ့ ၂၀၂၃ အစီရင်ခံစာ Global Organized Crime Index ကို ထုတ်ပြန်လိုက်တဲ့အခါ “ကျရှုံးနိုင်ငံ”နဲ့ပတ်သက်တဲ့ အငြင်းပွားမှုက အဖြေတစ်ခုထွက်လာပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ အခြေစိုက်တဲ့ ဒီအဖွဲ့ကြီးဟာ သူတို့ရဲ့ပထမဆုံးအစီရင်ခံစာကို ၂၀၂၁ ခုနှစ်မှာ စတင်ထုတ်ပြန်တာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်ကတော့ ဒုတိယအစီရင်ခံစာ ဖြစ်ပါတယ်။ ဇာတိသွေးဇာတိမာန်တွေ နိုးကြွဖို့ပြင်ဆင်ထားလိုက်ပါတော့။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရာဇဝတ်မှုနဲ့ပတ်သက်ရင် အဆိုးရွားဆုံးနံပါတ်တစ်အဖြစ် နိုင်ငံပေါင်း ၂၀၀ နီးနီးမှာ ဗိုလ်စွဲပါတယ်။ ဘောလုံးပွဲစကားနဲ့ ပြောရင်တော့ “မြန်မာနိုင်ပြီ၊ဒို့မြန်မာနိုင်ပြီ” ဆိုတဲ့ သီချင်းကို ထဆိုရမှာပါ။

မြန်မာရဲ့အခြေအနေကို မဆွေးနွေးခင် ‘Organized Crime’ ဆိုတဲ့ စကားလုံးကိုလေ့လာကြည့်ကြရအောင်ပါ။ ‘Organized Crime’ နဲ့ ‘Crime’ ရဲ့ကြားက ကွာခြားချက်က ‘Organized’ ဆိုတဲ့ စကားလုံးလေးတစ်လုံးသာ ဖြစ်ပါတယ်။

အဓိပ္ပါယ်ကတော့ ‘Organized Crime’ ဆိုတာ စနစ်တကျအုပ်စုဖွဲ့ပြီး စီမံပြင်ဆင်တဲ့ရာဇဝတ်မှုတွေကို ဆိုလိုတာပါ။ မူးယစ်ဆေးသုံးစွဲဖို့ ငွေလိုလို့ ဆွဲကြိုးလုပြေးတဲ့သူ၊ အိမ်ရှေ့မှာ လူမရှိတုန်း ပစ္စည်းအလစ်သုတ်တဲ့ အမှုမျိုးကို မဆိုလိုပါဘူး။

ဆိုတော့ မြန်မာနိုင်ငံဟာ “မာဖီးယားပြည်ထောင်စု”လို့ ဆိုရတော့မှာပါ။ အဲဒီအစီရင်ခံစာထဲမှာ မြန်မာနဲ့ပတ်သက်ရင် အခုလို့ဆိုထားပါတယ်။ စုစုပေါင်း၁၉၃နိုင်ငံမှာ မြန်မာက ပထမရပါတယ်။ အာရှတိုက်က နိုင်ငံပေါင်း ၄၆နိုင်ငံမှာလည်း မြန်မာက ပထမပါ။အတော်ကို ပြောင်မြောက်တာပါ။

▫️လူကုန်ကူးမှု

လူကုန်ကူးမှုဟာ မြန်မာရဲ့အဓိကပြဿနာတွေထဲက တစ်ခုပါ။ ထိုင်း၊ မလေးရှားနဲ့ စင်ကာပူ၊တရုတ်နိုင်ငံတွေကို ဦးတည်နေပါတယ်။ ၂၀၂၁ အာဏာသိမ်းမှုအပြီးမှာတော့ အခြေအနေဟာ ပိုဆိုးလာခဲ့ ပါတယ်။ ရိုဟင်ဂျာတွေလို အပစ်ပယ်ခံရတဲ့သူတွေက ပိုခံစားကြရပါတယ်။ အစိုးရဝန်ထမ်းတွေရဲ့လာဘ်စားမှုကအခြေအနေကို ပိုဆိုးစေပါတယ်။

မြန်မာလူမှောင်ခိုကူးမှုမှာ အရှေ့တောင်အာရှနဲ့ မဲခေါင်ဒေသရဲ့ အဓိကအရင်းအမြစ်နိုင်ငံဖြစ်နေပါပြီ။ အာဏာသိမ်းမှုကို ဆန့်ကျင် တိုက်ပွဲဝင်ကြပြီး နိုင်ငံပြင်ပကို တိမ်းရှောင်ကြတဲ့ ပြည်သူအများအပြားဟာ ဒီအန္တရာယ်နဲ့ရင်ဆိုင် နေကြရပါတယ်။

▫️လက်နက်မှောင်ခိုကူးမှု

လက်နက်မှောင်ခိုကူးမှုမှာ မြန်မာဟာ ရောင်းချသူရော၊ ဝယ်ယူသူရော နှစ်မျိုးလုံး ဖြစ်ပါတယ်။ အာဏာသိမ်းမှုအပြီးမှာ ပိုဆိုးလာတာကတော့ အထူးပြောစရာ မဟုတ်တော့ပါ။ တရုတ်က ထုတ်လုပ်တဲ့ လက်နက်အများအပြားမြန်မာဈေးကွက်ကို ဦးတည်နေပါတယ်။ဘင်ဂလားဒေ့ရှ်၊ အိန္ဒိယရဲ့မီဇိုရမ်းနဲ့ ရခိုင် မြောက်ပိုင်းတို့ဟာလည်း အရေးပါတဲ့ဒေသတွေဖြစ်ပါသတဲ့။

▫️ကုန်ပစ္စည်းအတုထုတ်လုပ်မှု

အာဏာမသိမ်းမီက အရပ်သားအစိုးရက တိုက်ဖျက်ဖို့ ကြိုးစားခဲ့ပေမယ့် ဗိုလ်ချုပ်ကြီးများတက်လာတဲ့အခါမှာတော့ အရင်ထက်ပိုဆိုးသွားခဲ့ပါတယ်။ အိန္ဒိယကဝင်တဲ့ ကုန်ပစ္စည်းအတုတွေ မြန်မာထဲကို အလုံးအရင်းနဲ့ ဝင်ပါတယ်။ ဒီအထဲမှာ ကိုဗစ်ကာကွယ်ဆေးအတုတွေလည်း ပါပါတယ်။ မြန်မာကလည်းအားကျမခံအတုတွေ ထုတ်လုပ်ပါတယ်။ ရှမ်းမြောက်မှာ စီးကရက်အတုတွေ ထုတ်လုပ်ပြီးတရုတ်၊ ထိုင်းနဲ့ ဒေသတွင်းက နိုင်ငံတွေကိုတင်ပို့ပါတယ်။

▫️သဘာဝပတ်ဝန်းကျင်

မြန်မာဟာအရှေ့တောင်အာရှမှာသစ်တောအဖုံးလွှမ်းဆုံးနိုင်ငံတစ်ခု ဖြစ်ခဲ့ပြီး အခုတော့သစ်တောအလျင်မြန်ဆုံး ပြုန်းတီးနေတဲ့နိုင်ငံပါ။ တရားမဝင်ကျွန်းသစ်ရောင်းချတဲ့ ကမ္ဘာ့ထိပ်သီးနိုင်ငံ ဖြစ်နေပါတယ်။ စစ်ကိုင်းနဲ့ကချင်ဆုံရာ၊ မြန်မာရဲ့နောက်ဆုံးကျန်ရှိတဲ့သစ်တောဧရိယာဖြစ်တဲ့ ခန္တီးကတဆင့် သစ်တင်မှောင်ခိုကားတွေဟာ တရုတ်ပြည်ကိုထွက်ခွါနေကြပါတယ်။ တရုတ်နဲ့ အိန္ဒိယဟာ မြန်မာ့သစ်တွေရဲ့ အဓိကပန်းတိုင် ဖြစ်ပါတယ်။

နောက်ကွယ်ကဇါတ်ကောင်ကတော့ ထုံးစံအတိုင်း စစ်တပ်ပဲ ဖြစ်ပါတယ်။ ဒေသခံခရိုနီတွေလည်း ပါဝင်ကြပါတယ်။

▫️ရှားပါးတိရစ္ဆာန် တရားမဝင်ရောင်းချမှု

မြန်မာရဲ့ရွှေတြိဂံဒေသဟာ အရှေ့တောင်အာရှရဲ့ရှားပါးတိရစ္ဆာန်ဈေးကွက်အတွက် တင်ပို့တဲ့ရင်းမြစ်ဒေသ ဖြစ်သလို ကြားခံဒေသလည်းဖြစ်နေပါတယ်။ သင်းခွေချပ်နဲ့ ကျားလို မျိုးတုန်းခါနီး ရှားပါးတိရစ္ဆာန်တွေကို မိုင်းလားလိုဈေးကွက်မှာ ရောင်းချကြတာပါ။

ဒီလုပ်ငန်းတွေဟာ ဂိုဏ်းတွေဖွဲ့ပြီး စနစ်တကျလုပ်ကိုင် နေကြတာပါ။

▫️တရားမဝင်ကျောက်မျက်မှောင်ခိုလုပ်ငန်းတွေ

ကျောက်မျက်မှောင်ခိုလုပ်ငန်းဟာ ခေတ်အဆက်ဆက်စစ်တပ်အတွက် အကြီးဆုံးငွေရပေါက် ဖြစ်ပါတယ်။ လက်နက်ဝယ်ဖို့အတွက် ဝင်ငွေတင်မကဘဲ အရာရှိကြီးတွေရဲ့ဆယ်သက်စားမကုန်တဲ့ ပိုက်ဆံအိတ်လည်းဖြစ်ပါတယ်။ ကျောက်စိမ်းနဲ့ ပတ္တမြားလို ရတနာတွေက တရုတ်နိုင်ငံကို ထွက်သွားကြပါတယ်။

၂၀၂၁ အာဏာသိမ်းအပြီးမှာတော့ မြေရှားထုတ်လုပ်မှုတွေက အလွန်အကျွံ ပိုဖြစ်လာကြပါတယ်။ တရားမဝင်ရွှေတူးဖေါ်မှုတွေကလည်းမြစ်‌တွေကို ပျက်ဆီးစေပြီး စိုက်ပျိုးမြေတွေကိုပြုန်းတီးစေပါတယ်။

နိုင်ငံရေးနဲ့ စစ်ရေးအရှုပ်အထွေးတွေ အကြားမှာ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ စောင့်မကြည့်နိုင်တဲ့အခါ ပိုဆိုးလာတာ ဖြစ်ပါတယ်။

▫️မူးယစ်ဆေးဝါး

အာဏာသိမ်းအပြီးမှာ မြန်မာဟာကမ္ဘာ့ဘိန်းထုတ်လုပ်မှုဖလားကို အာဖဂန်နစ္စတန်ဆီကနေလုယူလိုက်ပါပြီ။ စိတ်ကြွဆေးပြားထုတ်လုပ်မှုကတော့ အစကတည်းက ကမ္ဘာ့ချန်ပီယံဖြစ်ပြီးသားပါ။ မြန်မာကထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေဟာ အိမ်နီးချင်းနိုင်ငံတွေကတဆင့် တကမ္ဘာလုံးကို စီးဆင်းနေပါတယ်။

အာဏာသိမ်းအပြီး တရားဉပဒေစိုးမိုးမှုမရှိတော့တဲ့အခါ စိတ်ကြွဆေးပြားတွေအပြိုင်အဆိုင် ထုတ်လုပ်လာတာကြောင့် ဈေးတောင်ကျလာတယ်လို့ ဆိုကြပါတယ်။

▫️ဆိုင်ဘာရာဇဝတ်မှုတွေ

အွန်လိုင်းပေါ်က ငွေကြေးလိမ်လည်မှုတွေ၊ လောင်းကစားတွေ၊ အင်တာနက်ကတဆင့်လူကုန်ကူးမှုတွေဟာ မြန်မာရဲ့အမှတ်လက္ခဏာဖြစ်နေခဲ့တာ ကြာပါပြီ။ ဒီပြဿနာမှာလည်းစစ်တပ်နဲ့သူတို့ရဲ့ နယ်ခြားစောင့်တပ်တွေက အဓိကကစားသမားတွေ ဖြစ်ကြပါတယ်။

မြန်မာဟာ ဆိုင်ဘာရာဇဝတ်မှုမှာ အာရှတိုက်ရဲ့အချက်အချာ ဖြစ်နေပါတယ်။ ဒါကြောင့်လည်း ၁၀၂၇စစ်ဆင်ရေးဟာ ကြီးမားခဲ့တာဖြစ်ပြီး ရှမ်းမြောက်က ရာဇဝတ်ဂိုဏ်းတွေဟာ ထိုင်းနယ်စပ်ကို အလုံးအရင်းနဲ့‌ ရွှေ့ခဲ့ကြပါတယ်။

▫️ရာဇဝတ်မှုခင်းတွေရဲ့လက်သည်တွေ

မြန်မာနိုင်ငံက အထက်မှာ ဖေါ်ပြထားတဲ့ရာဇဝတ်မှုတွေရဲ့အဓိကလက်သည်တွေကတော့ အစိုးရရဲ့စပွန်ဆာနဲ့ ကျူးလွန်သူခရိုနီတွေ ဖြစ်တယ်လို့ Global Initiative အဖွဲ့ကြီးကမှတ်ချက်ပြုပါတယ်။ စစ်တပ်ဟာ သူ့ဝင်ငွေအတွက် တရားမဝင်လုပ်ငန်းတွေကို အလွန် အကျွံ မှီခိုနေရတာလည်း ရှိနေပါတယ်။ နယ်ခြားစောင့်တပ်တွေနဲ့ ပြည်သူ့စစ်တွေကလည်းအဓိကကျပါတယ်။

ပြည်ပကလက်သည်တွေလည်း ရှိပါတယ်။ တရုတ်နိုင်ငံသားအများအပြားပါဝင်နေတာအများသိပြီး ဖြစ်ပါတယ်။

▫️နိုင်ငံတကာရာဇဝတ်မှုအောင်စာရင်း

မြန်မာနိုင်ငံကတော့ အဆင့်တစ်နဲ့ ဗိုလ်စွဲသွားပါပြီ။သူ့အောက်မှာ ကိုလံဘီယာ၊ မက္ကဆီကို၊ ပါရာဂွေး၊ ကွန်ဂို၊ နိုင်ဂျီးရီးယား၊ တောင်အာဖရိက၊ အီရတ်နဲ့ အာဖဂန်နစ္စတန်တို့ အသီးသီးနေရာယူထားကြပါတယ်။ အဆိုးဆုံး၁၀နိုင်ငံမှာမြန်မာဟာ တစ်ခုတည်းသော အာရှနိုင်ငံ ဖြစ်ပါတယ်။

နောက်ဆုံးတော့ မြန်မာဟာ ကမ္ဘာ့ချန်ပီယံဖြစ်သွားပြီ မဟုတ်ပါလား။

အမောင်

The Tanintharyi Times