မြန်မာစစ်အစိုးရ လမ်းဆုံးကို ရောက်လုနီးလာခြင်း အကြောင်းအရင်းများ

မြန်မာစစ်အစိုးရ လမ်းဆုံးကို ရောက်လုနီးလာခြင်း အကြောင်းအရင်းများ

ဓာတ်ပုံ - ကင်းမကျေးရွာ မီးလောင်ပြင်မှာ ဒေသခံ ရွာသားတစ်ဦးကို ယမန်နှစ် ဇွန်လက တွေ့မြင်ရစဉ်။ (Photo - AP)

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ မြန်မာနိုင်ငံမှာ အုံနဲ့ကျင်းနဲ့ ထကြွနေကြတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို နှိမ်နင်းဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေတဲ့ စစ်တပ်ဟာ အိမ်ခြေရာနဲ့ချီတဲ့ ကျေးရွာတွေကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေတဲ့ သတင်းတွေ အခုတစ်ဖန် ပေါ်ထွက်လာပြန်ပါတယ်။

နိုင်ငံတကာဥပဒေတွေအရ ဆိုရင်တော့ ဒါဟာ စစ်ရာဇဝတ်မှု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်က ပြည်သူတွေအပေါ်ကို ဆယ်စုနှစ်ချီ ကျင့်သုံးနေတဲ့ လုပ်ရိုးလုပ်စဉ် ဖြစ်ပါတယ်။

ဒါပေမဲ့ လတ်တလော မြင်တွေ့နေရတဲ့ တိုက်ခိုက်ဖျက်ဆီးမှုတွေရဲ့ ထုထည်ပမာဏဟာ ကြုံတောင့်ကြုံခဲ ဖြစ်ပြီး ဒါဟာ စစ်အစိုးရအနေနဲ့ သူတို့ ဆက်လက်ရပ်တည်ရေး စိုးရိမ်ထိတ်လန့်မှုတွေ တိုးမြင့်လာတဲ့ အခြေအနေကို လှစ်ဟပြနေတာလည်း ဖြစ်ပါတယ်။

ပြန်ပြီးမိတ်ဆက်ရမယ် ဆိုရင်တော့ မြန်မာနိုင်ငံဟာ ဗြိတိသျှအင်ပါယာဆီကနေ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရပြီးကတည်းက အထီးကျန်ဆန်တဲ့ နိုင်ငံတစ်ခု ဖြစ်နေခဲ့ပြီး အချိန်တော်တော်များများမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ မြန်မာ့ပြည်တွင်း နိုင်ငံရေးရဲ့ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်ပါတယ်။

အဲဒီ ပဋိပက္ခတွေဟာလည်း များသောအားဖြင့် ဗဟိုအစိုးရနဲ့ ဧရာဝတီမြစ်ဝှမ်းအပြင်ဘက် နယ်စပ်ဒေသ တစ်လျှောက်မှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ အကြားမှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေ ဖြစ်ပါတယ်။

သို့သော် လွန်ခဲ့တဲ့ တစ်နှစ်ခွဲကာလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကတော့ တိုင်းပြည်မှာ အမှန်တကယ် အသစ်အဆန်း ကြုံလာရတာ ဖြစ်ပါတယ်။

ဒါဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒါမှမဟုတ် လွတ်လပ်ရေးအတွက် ဗဟိုအစိုးရကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဖြစ်ပွားတဲ့ ဒေသအဆင့် ပဋိပက္ခတွေနဲ့ ကွဲပြားခြားနားပါတယ်။

တကယ်တော့ လက်ရှိဖြစ်ပွားနေတာဟာ ဗဟိုအစိုးရကို အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်နဲ့ နိုင်ငံအလယ်ပိုင်းက ဗမာပြည်သူတွေ အပါအဝင် တိုင်းရင်းသားအားလုံးတို့ရဲ့ ကြားမှာ ဖြစ်ပွားနေတဲ့ အထွေထွေ ပဋိပက္ခ ဖြစ်ပါတယ်။

နယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဟာ မြန်မာစစ်တပ်ကို ပြန်ပြီး တွန်းလှန် တိုက်ခိုက်ရာမှာ အတွေ့အကြုံ အရှိဆုံးဖြစ်လို့ သူတို့ဟာ လက်ရှိပဋိပက္ခမှာ open battles လို့ ခေါ်တဲ့ စစ်မျက်နှာဖွင့်ပြီး တိုက်ရတဲ့ တိုက်ပွဲတွေမှာ ပိုပြီး ပါဝင်နေပါတယ်။

တစ်ဘက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေဟာ ဗမာတိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲကာ ပခုံးချင်းယှဉ် တိုက်ပွဲဝင်နေတာဖြစ်ပြီး အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရနဲ့အတူ မြန်မာနိုင်ငံအတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို ဆောင်ကြဉ်းပေးဖို့နဲ့ တန်းတူအခွင့်အရေး ရရှိဖို့ ရည်မှန်းထားကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် အခုဖြစ်နေတဲ့ ပဋိပက္ခဟာ လူမျိုးရေးပဋိပက္ခ မဟုတ်ပါဘူး။

ဒါဟာ အကြမ်းဖက်ဖိနှိပ်နေတဲ့ စစ်တပ်ကို ဆန့်ကျင်တွန်းလှန်တဲ့ ဒီမိုကရေစီတိုက်ပွဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ နိုင်ငံရေးရှုထောင့်ဟာ အမှန်တကယ် အသစ်ဖြစ်နေပေမယ့်လည်း မြန်မာစစ်တပ်က ကျင့်သုံးနေတဲ့ နည်းဗျူဟာတွေကတော့ ဖောက်ပြန်တဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အလေ့အထဟောင်းတွေကို ထင်ဟပ်နေပါတယ်။

အထူးသဖြင့် ဒေသတွင်း ခုခံတွန်းလှန်မှုတွေကို နှိမ်နင်းဖို့အတွက် နယ်စပ်ဒေသက တိုင်းရင်းသားနယ်မြေတွေမှာ အရပ်သားတွေ အခြေချနေထိုင်တဲ့ ဒေသတွေကို လူမျိုးတုံးသတ်ဖြတ်မှုနီးနီး နည်းဗျူဟာတွေနဲ့ ရှင်းလင်းဖျက်ဆီးတာတွေ ဆက်လုပ်နေပါတယ်။

အဲဒီနည်းဗျူဟာတွေဟာ သူတို့လိုချင်တဲ့ ရလဒ်ကို ဘယ်တုန်းကမှ မရယူပေးနိုင်ခဲ့ပေမယ့်လည်း ဆက်လက် ကျင့်သုံးနေတာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာဆိုရင် သူတို့ရဲ့ အဲဒီ နည်းဗျူဟာဟောင်းက အလုပ်ဖြစ်ဖို့ ပိုလို့တောင် ခက်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒေသတွင်း တိုက်ခိုက်ရေးသမားတွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အစိုးရကို ဖြုတ်ချဖို့နဲ့ နောက်ဆုံးမှာ နိုင်ငံသားအားလုံးအပေါ်ကို ကျရောက်နေတဲ့ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားဖို့ အထူး ရည်ရွယ်ထားတဲ့ ပြည်လုံးကျွတ် အရေးတော်ပုံကြီးရဲ့ အစိတ်အပိုင်း ဖြစ်နေပါတယ်။

နောက်တစ်ချက်အနေနဲ့ အခုတစ်ကြိမ်မှာ အရင်အကြိမ်တွေနဲ့ မတူတဲ့အချက်က နိုင်ငံတကာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်အားလုံးကို ခေတ်မီနည်းပညာတွေ သုံးပြီး ဂရုတစိုက် စောင့်ကြည့် မှတ်တမ်းတင်နေကြပါတယ်။

နိုင်ငံတကာ လူပုဂ္ဂိုလ် အဖွဲ့အစည်း အများအပြားကလည်း နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်သူ အားလုံးကို နောင်မှာ နိုင်ငံတကာတရားရုံးတွေရှေ့ အရောက်ပို့နိုင်ဖို့ ရည်ရွယ်ချက်နဲ့ အဲဒီ အချက်အလက် မှတ်တမ်းတွေကို စုဆောင်းနေကြပါတယ်။

အချုပ်အားဖြင့် ဆိုရရင် စစ်အစိုးရနဲ့ NUG၊ PDF အပါအဝင် ဒီမိုကရေစီ အင်အားစုတွေကြားမှာ နိုင်ငံရေးအရ အပေးအယူ၊ ညှိနှိုင်းသဘောတူမှု တစ်စုံတစ်ရာ ရှိလာနိုင်ဖွယ် မရှိဘူးလို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။

စစ်ဗိုလ်ချုပ်တွေနဲ့ စစ်တပ်ထဲက အဆင့်ဆင့်သော အရာရှိတွေ အများစုရဲ့ လက်တွေဟာ သွေးစွန်းနေပါပြီ။

သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံရမယ့်အရေးကို ရှောင်ရှားနိုင်မယ့် တစ်ခုတည်းသော လွတ်လမ်းကတော့ တိုင်းပြည်ကို အပြည့်အဝ ဆက်ပြီး ထိန်းချုပ်ထားနိုင်ဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် တိုင်းပြည်ကို ထိန်းချုပ်နိုင်ဖို့အတွက် စိုးရိမ်တကြီး ကျင့်သုံးနေတဲ့ နည်းနာတွေက သူတို့ဟာ အားအင်ချိနဲ့ပြီး ပြိုကွဲလုနီးပါး ဖြစ်နေတာကို ပေါ်လွင်ထင်ရှားစေပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ပြည်ပက ကျွန်ုပ်တို့လို လူတွေထက် မြန်မာစစ်တပ် အနေနဲ့ လက်ရှိ ကြုံနေရတဲ့ အခြေအနေကို ပိုပြီး ခံစားနားလည်ကောင်း နားလည်နေပါလိမ့်မယ်။

အဲဒါကတော့ စစ်အာဏာသိမ်းမှုကို တွန်းလှန်ဖယ်ရှားပြီး ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရတစ်ရပ် မြန်မာနိုင်ငံမှာ ပြန်လည်ရရှိလာဖို့ အမှန်တကယ် ဖြစ်နိုင်ခြေဟာ ကျွန်ုပ်တို့ မျှော်လင့်ထားတာထက် ပိုပြီး နီးစပ်နေနိုင်တယ် ဆိုတဲ့အချက် ဖြစ်ပါတော့တယ်။

(Arab News သတင်းဌာနတွင် ဇွန်လ ၁၆ ရက်နေ့က ဖော်ပြထားသော Why Myanmar’s junta may be nearing the end of the line ဆောင်းပါးကို တနင်္သာရီ ပရိသတ်အတွက် ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်ပါတယ်။

ဆောင်းပါးရှင်မှာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ အခြေစိုက် The Newlines Institute for Strategy and Policy ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ အဇင်း အီဗရာဟင် ဖြစ်ပါတယ်။)

The Tanintharyi Times