စင်ကာပူကတဆင့် မြန်မာနိုင်ငံကိုလက်နက်စီးဝင်နေမှု တားဆီးသွားမယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

စင်ကာပူကတဆင့် မြန်မာနိုင်ငံကိုလက်နက်စီးဝင်နေမှု တားဆီးသွားမယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

Ref: CNA

ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ မြန်မာစစ်အုပ်စုကို လက်နက်ထောက်ပံ့ပေးသူတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကြောင့် စင်ကာပူနိုင်ငံကတဆင့် မြန်မာပြည်တွင်းကို လက်နက်တင်သွင်းမှုတွေ တားဆီးရေး လုပ်ဆောင်နေပြီလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန (Ministry of Foreign Affairs-MFA) က ဒီကနေ့မှာ တုံ့ပြန် ကြေညာလိုက်ပါတယ်။

အစီရင်ခံစာ ထဲမှာ စင်ကာပူအခြေစိုက်လုပ်ငန်းတွေက မြန်မာစစ်အုပ်စုရဲ့ လက်နက်စက်ရုံတွေအတွက် စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်း တင်ပို့နေတဲ့ ထိပ်ဆုံး စာရင်းမှာ ပါဝင်နေသလို လက်ရှိမှာ ကုမ္ပဏီ ၄၅ ခုကို ဖော်ထုတ်ရရှိထားပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စင်ကာပူ အစိုးရနဲ့ သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြုလုပ်နိုင်ရေးအတွက် အချိန်ပေးတဲ့ အနေနဲ့ ကုမ္ပဏီနာမည်တွေကိုတော့ ထုတ်ဖော်မပြောကြားသေးဘူးလို့ ကုလအထူးကိုယ်စားလှယ် တွန် အင်ဒရူးစ် (Tom Andrews) က ပြောခဲ့ပါတယ်။

လက်နက်မဲ့ အရပ်သားတွေကို မြန်မာစစ်တပ်က သေစေလောက်တဲ့ အင်အားသုံးပြီး တိုက်ခိုက်နေတာကို တားမြစ်နိုင်ဖို့က စင်ကာပူရဲ့ “အဓိက ရပ်တည်ချက်” ဖြစ်တယ်လို့ MFA ပြောရေးဆိုခွင့်ရှိသူက ပြန်လည်ဖြေရှင်းလိုက်ပါတယ်။

Tom Andrews ရဲ့ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း စင်ကာပူအခြေစိုက်လုပ်ငန်းတွေကနေ အမေရိကန်ဒေါ်လာ ၂၅၄ သန်းတန်ကြေးရှိ စစ်လက်နက်ပစ္စည်း တွေ မြန်မာစစ်တပ်ထံ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စင်ကာပူဘဏ်တွေကိုလည်း လက်နက်ပွဲစားတွေက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့တယ်လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီး စင်ကာပူ ကုမ္ပဏီတွေကတဆင့် မြန်မာနိုင်ငံကို လက်နက်တင်ပို့မှုနဲ့ ပတ်သက်ပြီး အခုနှစ် မတ်လအစောပိုင်းမှာ စင်ကာပူအစိုးရကို အသေးစိတ်စုံစမ်းဖော်ထုတ်ကြည့်ရာ လုပ်ငန်း ၄၅ ကျော်ရဲ့ နာမည်တွေအပါအဝင် တင်ပို့လိုက်တဲ့ ပစ္စည်းစာရင်းနဲ့ ခန့်မှန်းတန်ဖိုးကိုပါ သိခဲ့ရတယ်လို့ သူက ပြောခဲ့ပါတယ်။

“စင်ကာပူဥပဒေအရ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေး အရေးယူမှုပြုလုပ်ဖို့ သတင်းအချက်အလက်ပေးခဲ့တဲ့ အထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းအားထုတ်မှုကို ကျွန်ုပ်တို့ ကျေးဇူးတင်ပါတယ်။ နိုင်ငံ့ဥပဒေတွေကို ချိုးဖောက်တဲ့ ဘယ်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို အရေးယူဖို့ စင်ကာပူက တွန့်ဆုတ်နေမှာ မဟုတ်ဘူး” လို့ MFA က ထုတ်ပြန်ခဲ့ပါတယ်။

“စင်ကာပူအစိုးရက မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ ကတိကဝတ်ပြုထားပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လွယ်ကူချောမွေ့စေဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအပြင် ကုလသမဂ္ဂနဲ့ပါ ဆက်လက် လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ MFA က ဆိုပါတယ်။

အစီရင်ခံစာက မြန်မာစစ်အုပ်စုကို လက်နက်တင်ပို့သူတွေထဲမှာ စင်ကာပူအစိုးရ ပါဝင်နေတယ်ဆိုတဲ့ အထောက်အထားမတွေ့ရဘူးလို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း စင်ကာပူအစိုးရအနေနဲ့ မြန်မာနဲ့ကုန်သွယ်ရေး ကို ပြန်လည် စစ်ဆေးပြီး စင်ကာပူကို ကြားခံအနေနဲ့သုံးကာ မြန်မာစစ်တပ်ဆီကို လက်နက်၊ ဆက်စပ်ပစ္စည်းတွေ၊ ထုတ်လုပ်ရေး ကိရိယာတွေနဲ့ ကုန်ကြမ်းတွေ တင်ပို့နေတဲ့ အဖွဲ့အစည်းတွေကို ပြတ်ပြတ်သားသား အရေးယူဖို့ တိုက်တွန်းခဲ့ပါတယ်။

“စင်ကာပူ အစိုးရကသာ သူ့ရဲ့ တရားစီရင်ပိုင်ခွင့်အောက်ကနေ ဒီလို စစ်လက်နက်တင်ပို့မှုကို ရပ်တန့်ပေးနိုင်မယ်ဆိုရင် မြန်မာစစ်တပ်ကျူး လွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို တားမြစ်နိုင်မှာ ဖြစ်တယ်” လို့ သူက ထပ်‌လောင်းအကြံပြုခဲ့ပါတယ်။

MFA ဘက်ကလည်း မြန်မာနိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ အသုံးပြုနိုင်တဲ့ နှစ်မျိုးသုံး ပစ္စည်းတွေဟာ အရပ်သားတွေကို အကြမ်းဖက်မှုဖြစ်စေတဲ့ အန္တရာယ်တွေကြောင့် သူတို့စင်ကာပူနိုင်ငံအနေနဲ့ တရားဝင် တင်ပို့ခွင့် မပြုထားဘူးလို့ ပြောပါတယ်။

ဖေဖော်ဝါရီလက စင်ကာပူနိုင်ငံခြားရေး ဝန်ကြီး Dr. Vivian Balakrishnan က စင်ကာပူအနေနဲ့ မြန်မာနိုင်ငံကို စစ်လက်နက်တွေ ရောင်းချခြင်းမပြုတာ အချိန်အတော်ကြာနေပြီဖြစ်ကြောင်းနဲ့ မြန်မာကို လက်နက်ရောင်းချမှု တရားဝင် တားမြစ်ထားကြောင်း ပါလီမန်မှာ ပြောကြားခဲ့ပါသေးတယ်။

မြန်မာစစ်တပ်ရဲ့ စစ်ဘက်ဆိုင်ရာပစ္စည်း ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေ အပါအဝင် စစ်ရေးရည်မှန်းချက်အတွက် အသုံးချနိုင်တဲ့ ကုန်ပစ္စည်း အမြောက်အများ တင်ပို့ဖို့အတွက် စင်ကာပူဟာ မဟာဗျူဟာမြောက် ဖြတ်သန်းသွားလာနိုင်တဲ့ နေရာတစ်ခု ဖြစ်နေတယ်လို့ အစီရင်ခံစာမှာ ‌ဖော်ပြထားပါတယ်။

Dr. Vivian Balakrishnan က သူ့အနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်တစ်ခုဖြစ်တဲ့ ကုလအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအတွင်း လက်နက်စီးဝင်မှု တားဆီးရေး ကြိုးပမ်းရမယ်ဆိုတဲ့ အချက်ကို ထောက်ခံမဲ ပေးခဲ့ကြောင်း ထပ်မံအသိပေးခဲ့ပါတယ်။

The Tanintharyi Times