ထားဝယ်‌မှာ စစ်ကောင်စီက ရဟတ်ယာဥ်၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ၊ အင်အားဖြည့်နေ

ထားဝယ်‌မှာ စစ်ကောင်စီက ရဟတ်ယာဥ်၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ၊ အင်အားဖြည့်နေ

ထားဝယ်ခရိုင်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဥ်၊ တိုက်လေယာဥ်နဲ့ သယ်ယူပို့ဆောင်ရေးယာဉ် အများအပြားအသုံးပြုပြီး ဗုံးကြဲ၊ အင်အားဖြည့်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၁၁ နာရီခွဲလောက်မှာ မော်လမြိုင်ကနေ ထားဝယ်လေဆိပ်ကို Mi – 17 အမျိုးအစား စစ်ရဟတ်ယာဥ် သုံးစီး ရောက်ရှိလာခဲ့ပါတယ်။

အဲဒီရဟတ်ယာဥ်တွေဟာ မွန်းတည့်ပိုင်းမှာ စစ်ကောင်စီက ရုရှားနဲ့ပူးပေါင်းအကောင်အထည်ဖော်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းမှာ ဆင်းသက်ခဲ့ပြီး အဲဒီကတဆင့် မွန်းလွဲ ၁ နာရီမှာ ထားဝယ်မြို့နယ် အရှေ့တောဒေသဘက်ကို မောင်းနှင်သွားတယ်လို့ သိရပါတယ်။

“မြင်လိုက်တယ်၊ သုံးစီးဆက်တိုက်ပဲဗျ။ ရှေ့ဆင့်နောက်ဆင့်ကို သွားနေတာ” လို့ အရှေ့တော ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ထားဝယ်လေဆိပ်ကို ဒီနေ့ ရဟတ်ယာဉ် ငါးစီးထက်မနည်းလာရောက်ခဲ့ပြီး လေဆိပ်ကနေ အထူးစီးပွါးရေးဇုန်ဘက်နဲ့ ထိုင်းနယ်စပ်ထီးခီးဘက်တွေကို ပျံသန်းခဲ့ပါတယ်။

‌ထားဝယ်မြို့နယ်၊ အ‌‌ရှေ့တောဒေသ ထီးခီးနယ်စပ်အနီးက ထီးထစစ်ကောင်စီဗျူဟာစခန်းကိုကို KNU နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက အခုလ ၁၂ ရက်နေ့ကစလို့ စတင် ပိတ်ဆို့တိုက်ခိုက်နေတာပါ။

စစ်ကောင်စီတပ်ဘက်က အခုလ ၁၃ ရက်နေ့ကစလို့ ဒီနေ့အထိ နေ့တိုင်းနီးပါး Y-12 ၊ K-8W လေယာဥ်တွေနဲ့ ဗုံးကြဲတာ ပစ်ခတ်တိုက်ခိုက်တာတွေလုပ်ဆောင်နေသလို လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကိုလည်း လေကြောင်းကနေ ချပေးနေတယ်လို့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့တစ်ပတ်အတွင်း စစ်ကောင်စီဘက်ကအထိနာနေပေမဲ့ ထီးထဗျူဟာရဲ့နယ်မြေအနေအထားအရ မြေပြင်စစ်ကူပို့နိုင်တဲ့အခြေအနေမရှိတာကြောင့် လေကြောင်းပစ်ကူတာကို အဓိကလုပ်ဆောင်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။

ဒါကြောင့် ဒီနေ့မနက်မှာသွားနေတဲ့ Mi – 17 စစ်ကောင်စီ ရဟတ်ယာဥ်တွေကတော့ ထီးထဗျူဟာဘက်ကို စစ်ကူပို့နေတာဖြစ်နိုင်တယ်လို့ ဒေသခံနဲ့ တော်လှန်ရေးရဲဘော်တွေ ခန့်မှန်းပါတယ်။

စစ်ရဟတ်ယာဥ်သုံးစီးအရှေ့တောဒေသကိုမရောက်ခင် ဒီနေ့မနက်ပိုင်းမှာပဲ ထီးထဗျူဟာ တစ်ဝိုက်ကို စစ်ကောင်စီရဲ့ K-8W ဂျက်ဖိုက်တာတစ်စီး၊ Y-12 လေယာဥ်တွေနဲ့ ဗုံးသီးအလုံးရေ ၂၀ လောက်အထိကြဲချသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“လေယာဥ်ကနှစ်စီးပေါ့။ တစ်မနက်တည်း သုံးခါလာတယ်။ ၈ နာရီမထိုးခင်ကတည်းကဝဲနေတာ။ အခုတော့ ကြဲပြီးသွားပြီ ပစ်ချပြီးသွားပြီ” လို့ ဒေသခံ အမျိုးသားတစ်ဦးက မွန်းလွဲ ၁ နာရီမှာ ပြောပါတယ်။

ဒါ့အပြင် သရက်ချောင်းမြို့နယ်က ကျေးရွာတွေမှာလည်း မနေ့ကနဲ့ ဒီနေ့နှစ်ရက်ဆက် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တော်လှန်ရေးရေးပူးပေါင်းတပ်တွေ မနေ့က ဝင်းဝစစ်ကောင်စီစခန်းကိုဝင်ရောက်တိုက်ခိုက်ပြီးနောက် ဝင်းဝ၊ မင်းဒပ်၊ ချောင်းဝပြင်၊ ရငဲရွာကိုလည်း Y-12 ၊ K-8W ဂျက်ဖိုက်တာတွေနဲ့ ဗုံးအလုံး ၂၀ ကျော်ကြဲချခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ရငဲရွာက အသက် ၁၀ နှစ်ဝန်းကျင်အရွယ်မြေးဖြစ်သူနဲ့ အသက် ၅၀ ‌ကျော်အရွယ်အဖိုးဖြစ်သူတို့ သေဆုံးပြီး ဒေသခံ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

The Tanintharyi Times