ရှင်းရှင်းပြောရရင် စစ်တပ်အာဏာရှင်တွေ အကုန်အမြစ်ပြတ်သွား စေချင်တယ်။ အဲဒါဆို ပြီးသွားပြီဗျ။

ရှင်းရှင်းပြောရရင် စစ်တပ်အာဏာရှင်တွေ အကုန်အမြစ်ပြတ်သွား စေချင်တယ်။ အဲဒါဆို ပြီးသွားပြီဗျ။

ဒီတစ်ပတ် “တောင်ပိုင်းသားတို့အသံ” ကဏ္ဍအတွက် ထားဝယ်က လူငယ်တစ်ယောက်ရဲ့အသံကို ဖော်ပြဖို့ ရွေးချယ်ထားပါတယ်။
သူ့နာမည်က “ကိုစိုး”။ အသက် ၂၀ ကျော်အရွယ်။ ကား၊ ဆိုင်ကယ်တွေ ပြုပြင်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းတဲ့သူ။ ဒီနှစ်သင်္ကြန်အပေါ် လူငယ်တစ်ယောက်ရဲ့အမြင်နဲ့ သူဘယ်လိုဖြတ်ကျော်ခဲ့လဲ၊ သူ့စိတ်ထဲဘယ်လိုရှိနေလဲ ဆိုတာကို The Tanintharyi Times က မေးမြန်းထားပါတယ်။

မေး – သင်္ကြန်ပွဲတော်အပေါ် ခံစားချက် ဘယ်လိုရှိလဲ။
ဖြေ – သင်္ကြန်ဆိုတာ ကျနော်တို့နိုင်ငံက ပွဲတော်တွေထဲမှာ ကျနော်အပျော်ဆုံးပွဲပဲ။ တော်တော်များများလည်း အဲလိုပဲလို့ထင်တယ်။ သင်္ကြန်ရောက်တော့မယ်ဆိုတာနဲ့ စိတ်က အလိုလိုပျော်နေတာလေ။ သင်္ကြန်သီချင်းသံလေးတွေကြားရင် သင်္ကြန်ပိုးဆိုတာက ထိန်းမရဘူး။ လူငယ်တွေဆိုပိုဆိုးတာပေါ့ အပြိုင်အဆိုင်အစီစဥ်တွေဆွဲထားကြတာ။

မေး – ဟိုးအရင်နှစ်တွေမှာသင်္ကြန် ပွဲတော်ကို ဘယ်လိုဆင်နွှဲဖြစ်လဲ။
ဖြေ – အရင် ၃နှစ်လောက်က နောက်ဆုံးပျော်ခဲ့ကြတာပေါ့။ လူငယ်ဆိုတော့အပျော်မက်တယ်။ တနှစ်လုံး အလုပ်တွေကြိုးစားပြီး လုပ်ကြပြီးရင် ဒီအချိန်ကအနားယူမယ့် အချိန်ပဲလေ။ နေရာအစုံကသူငယ်ချင်းတွေလည်း ပြန်ဆုံကြတယ်။ လူငယ်သဘာဝ သောက်ကြမယ်၊ စားကြမယ်။ ရေပက်ခံထွက်တာ၊ အုန်းလက်မဏ္ဍပ်တွေထိုးတာ၊ အစုံပါပဲ။ သင်္ကြန် ၄ရက်စလုံးက တနေ့တမျိုး အစီအစဉ်တွေချပြီး ကဲတာလေ။

မေး – ဒီနှစ်သင်္ကြန်ရော ဘာတွေလုပ်ဖြစ်လဲ။
ဖြေ – ဒီနှစ်ကတော့ အရင်က အခြေအနေတွေတစ်ခုမှ မရှိတော့ပါဘူး။ မနှစ်ကသင်္ကြန်ရော၊ ဒီနှစ်သင်္ကြန်ရောက အရင်လိုပျော်မြူးနေရမယ့် အခြေအနေလည်း မဟုတ်ဘူးလေ။ ဒါကြောင့် သင်္ကြန်တွင်း တစ်ခုလုံး အိမ်မှာပဲ။ အပြင်လည်းမထွက်ဘူး၊ ဘာအစီစဉ်မှလည်း မရှိဘူး။ သူငယ်ချင်းတွေလည်း ကျနော့်လိုချည်းပါပဲ။ ဟာတာတာကြီးတော့ ဖြစ်တာပေါ့။ တသက်လုံးပျော်လာတဲ့သင်္ကြန် မရှိတော့တာကို။

မေး – ဘာကြောင့် ဒီနှစ်သင်္ကြန်ကိုအခုလိုဖြတ်သန်းဖြစ်တာလဲ။
ဖြေ – ကျနော်ကတော့ ကိုယ့်အသိစိတ်နဲ့ကိုယ် အခုလိုပဲနေမယ်လို့ ဆုံးဖြတ်လိုက်တာပါပဲ။ ကျနော်တို့က နိုင်ငံရေးအများကြီးမသိပါဘူး။ သာမာန် လက်လုပ်လက်စားဘဝသမားတွေပါပဲ။ ဒါပေမယ့် ဘာကိုလုပ်သင့်တယ်၊ ဘာကိုတော့မလုပ်သင့်ဘူးဆိုတာကိုတော့ သိပါတယ်။ ကျနော်တို့အခုလိုလေးနေပေးလိုက်တာက ကျနော်တို့တက်နိုင်တဲ့ဘက်က ကူညီတာပဲလေ။ ကျနော့်သူငယ်ချင်းတချို့လည်း တောထဲရောက်ပြီး ဒုက္ခဆင်းရဲခံနေရတယ်။ အရင်လိုလူစုံမှပဲ သင်္ကြန်ပွဲတော်ကို ပျော်ပျော်ကြီးဆင်နွဲတော့မယ်ဗျာ။

မေး – စစ်ကောင်စီကကျင်းပပေးတဲ့သင်္ကြန်အပေါ် ဘယ်လိုမြင်လဲ။
ဖြေ – သူတိုကတော့ ကမ္ဘာကို သူတို့ကောင်းကောင်းအုပ်ချုပ်နေကြောင်း ပြချင်တာပေါ့။ဒါကြောင့် မဖြစ်ဖြစ်တဲ့နည်းနဲ့ မဏ္ဍပ်တွေဆောက်ပြီး လုပ်ပြတာပေါ့။ လူတွေကိုစေတနာပါလို့ မဟုတ်ဘူးဆိုတာ အားလုံးသိတာပဲလေ။ စိတ်တွေကလည်းလူစိတ်တွေ မဟုတ်ဘူး။ ဘယ်အချိန်ပြည်သူကိုထပစ်သတ်မလဲဆိုတာ ဘယ်သူမှမပြောနိုင်ဘူးဗျ။ ကျနော်ကတော့ ကြောက်လွန်းလို့ အနားတောင် မကပ်ဘူး။

မေး – တချို့လူတွေ စစ်ကောင်စီမဏ္ဍပ်တွေကိုသွားပြီး ကခုန်နေတဲ့အပေါ် ဘာပြောချင်လဲ။
ဖြေ – ကျနော်တို့မြို့မှာတော့ မြို့ခံလူတွေလုံးဝမရှိသလောက်ပဲဗျ။ အိမ်ရှေ့တောင် တအိမ်မှ ရေမပက်ကြဘူး။ အခု ထားဝယ်က မဏ္ဍပ်တချို့မှာ ရှိနေတဲ့သူတွေကလည်း စစ်တပ်မိသားစုတွေ၊ ကြံ့ဖွတ်တွေ နဲ့ အရပ်ဝတ်စစ်သားတွေချည်းပဲ ဆိုတာသိသာတယ်။
ဒီကောင်တွေကတော့ လူလို့သတ်မှတ်လို့မှမရတော့ပဲ။

မေး – အခုလက်ရှိနိုင်ငံရေးအခြေအနေက လက်လုပ်လက်စားတယောက်အတွက်ဘယ်လို အကျိုးသက်ရောက်မှုတွေရှိလဲ။
ဖြေ – အကျိုးသက်ရောက်မှုကတော့ အများကြီးပါပဲဗျာ။ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက တနိုင်ငံလုံးမှာ သူတို့နဲ့ပေါင်းစားတဲ့ သူတွေကလွှဲပြီး ဘယ်သူမှအဆင်ပြေမယ်လို့မထင်ဘူး။ ကျနော်တို့လို့ အောက်ခြေလူတန်းစားတွေက အဓိကခံရတာပေါ့။ ကုန်စျေးနှုန်းက မိုးထိုးနေပြီ။ ကျနော့်အလုပ်မှာဆိုလည်း ပစ္စည်းစျေးက ခုန်တက်သွားတယ်။လူတွေက စားဝတ်နေရေးကိုပဲ အဓိကဖြေရှင်းနေရတော့ ကျန်တဲ့ဘက်ကို မလှည့်ကြည့်နိုင်တော့ဘူး။ နောက်ပြီး လုပ်အားခ တိုးပေးဖို့ကလည်း အလုပ်ရှင်ဘက်က အဆင်မပြေဘူး။ စီးပွားရေးကတစ်ခုနဲ့တစ်ခု ဆက်စပ်နေတော့ အကုန်စုတ်ပြတ်သတ်နေပြီ။

မေး – နိုင်ငံရေးအခြေအနေကို ဘယ်လိုမျိုးဖြစ်စေချင်လည်း။
ဖြေ – ရှင်းရှင်းပြောရရင် စစ်တပ်အာဏာရှင်တွေ အကုန်အမြစ်ပြတ်သွား စေချင်တယ်။ အဲဒါဆို ပြီးသွားပြီဗျ။ ကျနော်တို့နိုင်ငံကြီး အရင်လို ပျော်ပျော်ရွင်ရွင် ပွဲလမ်းသဘင်တွေ ကျင်းပလို့ရပြီ။ နောက်ပြီး သူငယ်ချင်းတွေလည်း စုံစုံလင်လင်ပြန်ဖြစ်ချင်ပြီ။ မင်းအောင်လှိုင်စစ်တပ် ရှိနေသရွေ့ကတော့ ဘာပျော်စရာမှမရှိတော့ပါဘူး။