ဘုတ်ပြင်းမှာအဖမ်းခံရတဲ့ ရိုဟင်ဂျာတွေကို လဝကအမှုနဲ့ စစ်တပ်က တရားစွဲထား
ဘုတ်ပြင်းမှာအဖမ်းခံရတဲ့ ရိုဟင်ဂျာတွေကို လဝကအမှုနဲ့ စစ်တပ်က တရားစွဲထား

ဘုတ်ပြင်းမြို့နယ်ကနေ ထိုင်းနိုင်ငံထဲသွားရောက်ဖို့ကြိုးစားခဲ့တဲ့ ရိုဟင်ဂျာတွေကိုတရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ စစ်တပ်ကတရားစွဲဆိုထားပြီး အကူအညီတွေလိုအပ်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။
အခုလ ၅ ရက်နေ့မွန်းလွဲပိုင်းက ဘုတ်ပြင်းမြို့နယ်၊ ထောင်ကမတ်ရွာ သင်္ချိုင်းအနီးမှာရှိတဲ့ တောင်ဒဂုံကုမ္ပဏီပိုင် ဆီအုန်းခြံထဲမှာ ပုန်းခိုနေတဲ့ ကလေးငါးဦးအပါအဝင် အမျိုးသား ၉၅ ဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ရိုဟင်ဂျာလူမျိုး ၁၀၂ ဦးဝန်းကျင်ကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေမှာ မှတ်ပုံတင်အထောက်အထားမရှိကြတာကြောင့် စစ်ကောင်စီဘက်က မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃ နဲ့ တရားစွဲဆိုထားတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ဒေသခံတွေက ပြောပါတယ်။
“တရားရင်ဆိုင်ရမယ်ပြောတယ်။ အမှုမရင်ဆိုင်နိုင်ရင် ထောင်ချရင်ချ မဟုတ်ရင် အကုန်စစ်မှုထမ်းခိုင်းမယ်ကြားတယ်။ အဓိကကတော့ ရိုဟင်ဂျာတွေဖြစ်နေလို့ ဒီကိစ္စကို အကျယ်ချဲ့နေကြတယ်။” လို့ ဘုတ်ပြင်းမြို့နယ်က CDM ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အဖမ်းခံထားရတဲ့ ရိုဟင်ဂျာလူမျိုးတွေကို ကော့သောင်းထောင်ကိုပို့မယ့် သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
အခုဆိုရင် သူတို့အဖမ်းခံထားရတာ လဝက်နီးပါးဖြစ်လာပြီဖြစ်တဲ့အတွက် အစားအသောက်အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ရွာတွေမှာ တစ်အိမ် တစ်ထောင်ကျပ်ကစလို့ စေတနာရှိတဲ့ပမာဏအထိ အလှူငွေတွေစုပြီး ချက်ပြုတ်ကျွေးမွေးနေပေမယ့် ရေရှည်ဆိုရင်တော့ အဆင်မပြေလောက်ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
“အားလုံးခက်ခဲနေတဲ့ကြားက အချင်းချင်းကူနေတာ အခုဆိုရင်တစ်ပတ်ကျော်လာပြီ။ နောက်နှစ်ပတ်လောက်အထိတော့ တောင့်ခံကျွေးမွေးနိုင်မယ့်အနေအထားမှာရှိသေးတယ်။ ဒီထက်ကျော်ရင်တော့ အဆင်မပြေတော့ဘူး။” လို့ ဘုတ်ပြင်းဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
တောင်ဒဂုံဆီအုန်းခြံကုမ္ပဏီအတွင်း ရိုဟင်ဂျာတွေကို ပစ်ခတ်ဖမ်းဆီးရာမှာ အမျိုးသား ခုနစ်ဦး ကျည်ထိမှန်ခဲ့ပြီး အဲဒီအထဲက သုံးဦးသေဆုံးခဲ့ပါတယ်။
အရင်ကတော့ ဘုတ်ပြင်းမြို့နယ်ကတဆင့် ထိုင်းနိုင်ငံဘက်ကို ခိုးဝင်ဖို့ကြိုးစားတဲ့ အရပ်သားတွေကို စစ်ကောင်စီတပ်က အခုလိုပစ်ခတ်ဖမ်းဆီးပြီးအရေးယူတာမျိုးမရှိခဲ့ဖူးဘူးလို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
The Tanintharyi Times