စစ်ကောင်စီ စစ်ကြောင်းကြောင့် ရန်ကုန်-ထားဝယ်ကားလမ်း အရှေ့ဘက်က ကျေးရွာခြောက်ရွာ အရေးပေါ်စစ်ရှောင်နေရ
စစ်ကောင်စီ စစ်ကြောင်းကြောင့် ရန်ကုန်-ထားဝယ်ကားလမ်း အရှေ့ဘက်က ကျေးရွာခြောက်ရွာ အရေးပေါ်စစ်ရှောင်နေရ

ရန်ကုန်-ထားဝယ် ကားလမ်းအရှေ့ဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာခြောက်ရွာက ဒေသခံတစ်ထောင်ဝန်းကျင် စစ်ဘေးရှောင်နေရတယ်လို့ ကာယကံရှင်တွေဆီက သိရပါတယ်။
အင်အား ၂၀၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အခုလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းမှာ ရေဖြူမြို့နယ်၊ ညင်းထွေးရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို စစ်ကြောင်းထိုးပြီး ဝင်ရောက်လာတာပါ။
စစ်ကောင်စီစစ်ကြောင်းကြောင့် ရဲအိုင်၊ ပဒိုင်းချောင်း၊ ခေါင်တိုင်ပြင်၊ ပခပ်အင်း၊ ကင်းကုန်းနဲ့ ရေဝိုင်းကျေးရွာတွေက ဒေသခံ တစ်ထောင်ဝန်းကျင် နီးစပ်ရာကို အရေးပေါ် စစ်ဘေးရှောင်နေရတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ ဒေသခံတွေက ဆိုပါတယ်။
“စစ်ကြောင်းက ဝင်မလိုလိုလုပ်နေတာကြာပြီ။ ဝင်လာတော့ အကုန်ပြေးတာပေါ့။ ညဘက်လည်း သေနတ်ဖောက်သံတွေ ကြားရတယ်” လို့ ရွာထဲကနေတိမ်းရှောင်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ အခုလက်ရှိ ကင်းကုန်းရွာတစ်ဝိုက်မှာရှိနေပြီး ရွာအတွင်းပိုင်းက နေအိမ်တချို့ကိုလည်း မနေ့ ညနေပိုင်းက မီးရှို့နေတယ်လို့ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
“အိမ်ကိုမီးရှို့တော့ အထဲဘက်ကခြံတွေပါ မီးလောင်နေတယ်။ မီးခိုးတွေတော့ ညနေ ၄ နာရီလောက်မှာ ကျနော်တို့ စမြင်ရတယ်။ ဘယ်လောက်ပါတယ်တော့ မသိသေးဘူးဗျ။” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အခုလ ပထမပတ်နဲ့ ဒုတိယပတ်တွေမှာလည်း သရက်ချောင်းနဲ့ ထားဝယ်အစပ်က ကျေးရွာတွေကို တစ်ရွာဝင်တစ်ရွာထွက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ်တချို့ကို မီးရှို့နေတာကြောင့် ကျေးရွာခုနစ်ခုလောက်က ဒေသခံထောင်ဂဏန်း စစ်ဘေးရှောင်ခဲ့ရပါသေးတယ်။
အခုစစ်ကြောင်းထိုးနေတဲ့ ရေဝိုင်းရွာတစ်ဝိုက်ကိုလည်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက စစ်ကောင်စီတပ်သားတွေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးပြီး ရေဝိုင်းရွာနဲ့ ကင်းကုန်းရွာကြားက ရွာချင်းဆက်တံတားတစ်စင်းကို မိုင်းခွဲဖျက်ဆီးခဲ့ဖူးပါတယ်။
The Tanintharyi Times