ဇနီးသည်မီးဖွားဖို့ ခွင့်နဲ့နေအိမ်ပြန်တဲ့ PDF ရဲဘော်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအချင်းချင်းဖမ်းဆီးသတ်ဖြတ်
ဇနီးသည်မီးဖွားဖို့ ခွင့်နဲ့နေအိမ်ပြန်တဲ့ PDF ရဲဘော်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအချင်းချင်းဖမ်းဆီးသတ်ဖြတ်

မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ ခွင့်နဲ့နေအိမ်ပြန်တဲ့ရဲဘော်တစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက နေအိမ်မှာလာရောက်ဖမ်းဆီးပြီး သတ်ပစ်ခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
အသတ်ခံရသူဟာ အသက် ၄၀ ကျော်အရွယ် ကိုပင်လယ်လူဆိုသူဖြစ်ပြီး အခုလ ၈ ရက်နေ့ ည ၈ နာရီက ခန္တီးကျေးရွာမှာရှိတဲ့ နေအိမ်ကို လက်နက်ကိုင် ၈ ဦးကနေအိမ်ကိုလာဝိုင်းပြီး ဖမ်းခေါ်သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အဖမ်းခံရပြီး နောက်လေးရက်အကြာ အခုလ ၁၁ ရက်နေ့မှာမှ ကိုပင်လယ်လူအသတ်ခံလိုက်ရတဲ့အကြောင်းသိခဲ့ရတယ်လို့ မိသားစုဝင်က ပြောပါတယ်။
ဖမ်းဆီးတဲ့လမ်းမှာ ထွက်ပြေးလို့ အခုလ ၉ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ပစ်သတ်ခဲ့ရတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကိုပင်လယ်လူရဲ့ ရုပ်အလောင်းဓာတ်ပုံကို ပုလောဒေသပြည်သူကာကွယ်ရေးတပ်ဖွဲ့(PRDF)ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုသားကြီးဆိုသူက ပေးပို့လာပြီး အလောင်းကိုတော့ ပြန်မရခဲ့ဘူးလို့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။
“ ကြိုးနဲ့ဆွဲထားတဲ့ပုံစံမျိုးနဲ့ကြိုးတုပ်ပြီးထိုင်ပြီး အနောက်က သစ်ပင်လာဘာလားမသိဘူး။ ကြိုးဆွဲထားတဲ့အနေအထားမျိုးနဲ့ နားထင်ကိုပစ်ထားတာတွေ့တယ်။ ရင်အုံကို ပစ်ထားတာတွေ့တယ်။” လို့ ဓာတ်ပုံမှာတွေ့ရတဲ့အခြေအနေကို မိသားစုဝင်က ပြောပါတယ်။
သေနတ်ကိုင်ထားတဲ့လူတွေကြားမှာ ပါသွားတဲ့လူတစ်ယောက်အနေနဲ့လွယ်လွယ်နဲ့ထွက်ပြေးဖို့ဆိုတာ မဖြစ်နိုင်ဘဲ ထွက်ပြေးလို့ ပစ်သတ်တယ်ဆိုတဲ့ အကြောင်းပြချက်ဟာ သတ်တဲ့သူတွေရဲ့ပြောဆိုချက်ပဲဖြစ်တယ်လို့ မိသားစုဝင်က ပြောပါတယ်။
ကိုပင်လယ်လူဟာ ကိုသားကြီး ဦးဆောင်တဲ့ ပုလောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PRDF)ရဲ့ တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာ ဗိုလ်မုတ်ဆိတ်ဦးဆောင်တဲ့ မိကျောင်းစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးဖြစ်ပါတယ်။ ဇနီးသည် ကလေးမွေးဖွားဖို့အတွက် မိကျောင်းစစ်ကြောင်းကနေ ခွင့်ယူပြီး နေအိမ်ကို ပြန်တဲ့အချိန်မှာ အခုလို ဖမ်းဆီးသတ်ဖြတ်ခံရတာဖြစ်ပါတယ်။
မိသားစုဝင်တွေအနေနဲ့ကတော့ ကိုပင်လယ်လူသာအပြစ်အမှန်တကယ်လုပ်ထားတယ်ဆိုရင် စည်းမျဉ်းစည်းကမ်းတွေအတိုင်း တပ်ရင်းခေါ်ယူအပြစ်ပေးရမှာဖြစ်ပေမယ့် အခုလိုအပြစ်သားတစ်ယောက်လို လာဖမ်းပြီး အသတ်ခံလိုက်ရတာတော့လုံးဝလက်မခံနိုင်ဘူးလို့ ပြောဆိုပါတယ်။
ကိုပင်လယ်လူကို နေအိမ်မှာလာရောက်ဖမ်းဆီးတဲ့ လက်နက်ကိုင် ၈ ဦးထဲမှာ မိကျောင်းစစ်ကြောင်းရဲ့ ရဲဘော် ကိုဝိုင်လူး ဆိုသူကလွဲလို့ ကျန်တဲ့သူအားလုံး မျက်နှာကို အဝတ်နဲ့စည်းထားကြတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ ကိုပင်လယ်လူကို ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)က တိုင်ကြားထားလို့ အခုလို လုပ်ဆောင်ရတာဖြစ်တယ်လို့ ကိုဝိုင်လူးက ပြောဆိုခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ကိုပင်လယ်လူအသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး PRDF အဖွဲ့က ကိုသားကြီးကို တနင်္သာရီတိုင်းမ်က ဆက်သွယ်မေးမြန်းတဲ့အချိန်မှာ သူ့အနေနဲ့ဖြေဆိုခွင့်မရှိလို့ အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူကို မေးမြန်းဖို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။
PRDF ပြန်ကြားရေးတာဝန်ရှိသူကို ဆက်သွယ်မေးမြန်းတဲ့အချိန်မှာတော့ “အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပုလောကတော်လှန်ရေးအဖွဲ့အစည်းတွေပူးပေါင်း အမှုမှန်ပေါ်ပေါက်ရေးဖော်ထုတ်နေပါတယ်။ အဲတော့ အခြေအနေအမှန်အတိုင်းကို ဖော်ထုတ်ပြီးတဲ့အချိန်ကျရင် ချပြပါလိမ့်မယ်။” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
မိကျောင်းစစ်ကြောင်းနဲ့ ပုလောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PRDF)တို့ဟာ ကိုပင်လယ်လူ အဖမ်းမခံရခင် အခုလ ၇ ရက်နေ့က အချင်းချင်းတွေ့ဆုံခဲ့တာရှိတယ်လို့ အဲဒီတပ်ဖွဲ့တွေရဲ့ တပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တချို့ရဲ့ အတွင်းရေး ကိစ္စအားလုံးကို သိထားလို့ နှုတ်ပိတ်ခံရတာဖြစ်နိုင်တယ်လို့ မိသားစုဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်အများစုက ပြောဆိုကြပါတယ်။
“ပင်လယ်လူက ဘယ်အဖွဲ့က ဘာလုပ်တယ်ဆိုတာ အားလုံးသိနေလို့ ရှင်းခံရတဲ့သဘောမှာရှိနေတယ်။” လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဘာကြောင့် အသတ်ခံရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိရဖို့အတွက် လက်ရှိ မိကျောင်းစစ်ကြောင်းရဲ့တာဝန်ရှိသူ ဗိုလ်မုတ်ဆိတ်ကို တနင်္သာရီတိုင်းမ်က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ကိုပင်လယ်လူအသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်မုတ်ဆိတ်နဲ့ မိကျောင်းစစ်ကြောင်းက နောက်ထပ်တပ်ဖွဲ့ဝင်တစ်ဦးကို KNDO တပ်ရင်း ၇ က အခုရက်ပိုင်းထဲမှာပဲ ဖမ်းဆီးသတ်ပစ်လိုက်ပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး KNDO တပ်ရင်း(၇)ရဲ့ တပ်ရင်းမှူး ဗိုလ်မှူးကျော်ထွန်းကို တနင်္သာရီတိုင်းမ်က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အခုချိန်အထိ ဆက်သွယ်လို့ မရသေးပါဘူး။
မိကျောင်းစစ်ကြောင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့ပူးပေါင်းပါဝင်တဲ့ စစ်ကြောင်းတစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလလောက်အထိ PDF နဲ့ပူပေါင်းဖော်ဆောင်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိခဲ့ပြီး အဲဒီနှစ် မေလလောက်မှာ တပ်ဖွဲ့ဝင်တွေနှုတ်ထွက်သွားလို့ စစ်ကြောင်းပျက်လုနီးပါးဖြစ်ခဲ့ပြီး နောက်ထပ်ပြန်လည်ဖွဲ့စည်းတည်ဆောက်ဖို့ ကြိုးစားနေတဲ့ စစ်ကြောင်းတစ်ခုဖြစ်တယ်လို့ နှုတ်ထွက်ခဲ့တဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ရေဖြူမြို့နယ်မှာတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ရဲဘော်သုံးဦးကျဆုံးခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။
The Tanintharyi Times