တနင်္သာရီမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က တိုက်လေယာဥ်နဲ့ ဗုံးကြဲ
တနင်္သာရီမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က တိုက်လေယာဥ်နဲ့ ဗုံးကြဲ

တနင်္သာရီမြို့နယ်၊ ရေဖြူ နဲ့ ထုံမခါရွာတွေမှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က တိုက်လေယာဥ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေဆီကသိရပါတယ်။
ကမ္မလိုင်းရွာအခြေစိုက်တပ်ရင်း ခမရ (၅၅၇) က စစ်ကောင်စီတပ်သားအင်အား ၃၀၀ ဝန်းကျင်ဟာ မနေ့မနက်ပိုင်းကစပြီး တမုတ်ချုံ၊ ရှမ်းအင်းတော်နဲ့ ရေဖြူရွာတွေဘက်ကို တောက်လျှောက် စစ်ကြောင်းထိုးခဲ့တာဖြစ်တယ်လို့ မြေပြင်ရဲဘော်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက် ၉ နာရီဝန်းကျင်မှာတော့ ရေဖြူနဲ့ ထုံမခါရွာအနီးတဝိုက်မှာ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲပြင်းထန် ဖြစ်ပွားနေတယ်လို့ ကနဦးသိရပါတယ်။
တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
“ ရွာထဲက လူမနေတော့တဲ့အိမ်တွေမှာ တပ်ဝင်စွဲထားတယ်။ တိုက်ပွဲဖြစ်သံတွေလည်း ဆက်တိုက်ကြားနေရတယ်။ ပြီးတော့ ကမ္မလိုင်းတပ်ကနေ လက်နက်ကြီးလည်း တောက်လျှောက်ပစ်ကူပေးနေပါတယ်” လို့ ရေဖြူရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဲ့ဒီနောက် မနက် ၁၀ နာရီဝန်းကျင်မှာတော့ စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားရာအနီး ထုံမခါးရွာနဲ့ ချောင်းနောက်ပြန်ရွာကြားကို K8W တိုက်လေယာဥ်နဲ့ ဗုံးသီး ၉ လုံးထက်မနည်း ကြဲချခဲ့တယ်လို့ မြေပြင်ရဲဘော်တွေနဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
လက်ရှိ ရေဖြူရွာကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သား ၃၀၀ ဝန်းကျင်ပါစစ်ကြောင်းဟာ အခုလ ၁၆ ရက်က မြိတ်ကနေ စစ်ကားအကြီးစား ၅ စီးနဲ့ ခမရ (၅၅၇) တပ်ထဲကို ရောက်ရှိလာတာဖြစ်တယ်လို့ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီကသိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေကြောင့် ရေဖြူ-ထုံမခါ-မောတောင်လမ်းပိုင်းကို ဒီကနေ့မနက်ပိုင်းကစပြီး ပိတ်ချလိုက်ပြီဖြစ်တယ်လို့လည်း ကနဦးသိရပါတယ်။
The Tanintharyi Times