ထားဝယ်မြို့အဝင် ပေါက်တိုင်တံတားစစ်ဆေးရေးဂိတ်မှာ ဘန်ကာထပ်တိုးထားပြီး အရင်ကထက်အစစ်အဆေးတင်းကြပ်နေ

ထားဝယ်မြို့အဝင် ပေါက်တိုင်တံတားစစ်ဆေးရေးဂိတ်မှာ ဘန်ကာထပ်တိုးထားပြီး အရင်ကထက်အစစ်အဆေးတင်းကြပ်နေ

ပုံစာ - ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်

သရက်ချောင်းမြို့နယ်ဘက်ကနေ ထားဝယ်မြို့ကိုလာရင် မဖြစ်မနေဖြတ်ရတဲ့ ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်မှာ သဲအိတ်ဘန်ကာထပ်တိုးထားပြီး အစစ်အဆေးတွေလည်းတင်းကြပ်နေတယ်လို့ မျက်မြင်တွေ့ကြုံခဲ့သူတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ ရက်လောက်ကစပြီး သဲအိတ်ဘန်ကာအသစ်တစ်ခုထပ်တိုးဆောက်ထားသလို ရှိပြီးသားဘန်ကာတွေကိုလည်း အမြင့် ၃ ပေခန့်ကနေ ၅ ပေခန့်အထိ တိုးမြင့်ထားကာ သဲအိတ်အရေအတွက်တွေလည်း ထပ်တိုးထားတယ်လို့ ခရီးသွားတွေက ဆိုပါတယ်။

“အရင်ကအရှေ့မျက်နှာစာ မနိမ့်မမြင့်နဲ့ ဘေးတစ်အိတ်နှစ်အိတ်လောက်ပဲရှိတာ။ အထဲမှာလူရှိလား၊ မရှိလားတောင်သေချာမမြင်ခဲ့ရဘူး” လို့ ထားဝယ်မြို့ခံတစ်ဦးက ပြောပါတယ်။

ပေါက်တိုင်တံတားစစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေတဲ့စစ်ကောင်စီတပ်သား ၂၀ ဦးခန့်ရှိပြီး လမ်းသွားလမ်းလာတွေကိုလည်း အသေးစိတ်စစ်ဆေးတာတွေလုပ်ဆောင်လာနေတယ်လို့ ခရီးသွားတွေက ဆိုပါတယ်။

“အရင်ကဆို ဘယ်သွားဖို့၊ ဘယ်လာဖို့၊ ဘာလုပ်ဖို့ဆိုတာတွေပဲမေးတာ။ သာမန်ပဲ။ အခုကဆိုင်ကယ်ရော၊ ဖုန်းရော၊ ခန္ဓာကိုယ်ပါ စမ်းပြီးစစ်တယ်။ အထူးသဖြင့်လူငယ်တွေကို(ပိုစစ်တယ်)။” လို့ ခရီးသွားအမျိုးသားတစ်ဦးက ပြောပါတယ်။

လူငယ်တွေကိုစစ်ရာမှာ အမျိုးသားရော အမျိုးသမီးတွေကိုပါ ပစ်မှတ်ထားစစ်ဆေးတယ်လို့ သူက ဆက်ပြောပါတယ်။

သရက်ချောင်းဒေသခံအမျိုးသမီးတစ်ဦးက တော့ စစ်ကောင်စီက ပေါက်တိုင်တံတားမှာ လုံခြုံရေးတင်းကြပ်စစ်ဆေးနေတာဟာ အချိန်တစ်နာလောက်ကြာအောင် စောင့်ရတယ်လို့ ဆိုပါတယ်။

“စစ်ဆေးတာကလည်း စနစ်လည်းမရှိဘူး။ သူဦးငါအရင် လုသွားနေကြတာ။ အရမ်းအန္တရာယ်များတယ်။ ကားဖြစ်ဖြစ်ဆိုင်ကယ်ဖြစ်ဖြစ်ချိတ်သွားရင် ဆိုင်ကယ်လဲတာပဲ။ သူတို့က သေနတ်တကားကားနဲ့ အော်သေးတယ်။ အခုလိုလုပ်လို့ သူတို့အတွက် ဘာအကျိုးရှိလဲမသိဘူး။” လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်က သဲအိတ်ဘန်ကာတွေထပ်တိုးချထားပြီး စစ်ဆေးတဲ့ပုံစံပြောင်းလာတာဟာ ပြီးခဲ့တဲ့လနောက်ဆုံးအပတ်ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် ကရင်နီ၊ စစ်ကိုင်း၊ မကွေး၊ ကချင်၊ ချင်း၊ ရခိုင် စတဲ့ဒေသတွေမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်လာတာကြောင့် ကြိုတင်ပြင်ဆင်တာဖြစ်နိုင် တယ်လို့ ခရီးသွားတွေက ထင်ကြေးပေးပြောဆိုနေကြပါတယ်။

The Tanintharyi Times