အာဏာသိမ်းမြန်မာစစ်တပ်ကို ဆက်သွယ်‌ရေးပစ္စည်းရောင်းခဲ့တဲ့ ND SatCom ကုမ္ပဏီကို ဂျာမဏီအစိုးရရှေ့နေရုံး စုံစမ်းစစ်ဆေးနေ

အာဏာသိမ်းမြန်မာစစ်တပ်ကို ဆက်သွယ်‌ရေးပစ္စည်းရောင်းခဲ့တဲ့ ND SatCom ကုမ္ပဏီကို ဂျာမဏီအစိုးရရှေ့နေရုံး စုံစမ်းစစ်ဆေးနေ

ဓာတ်ပုံ - ND Sat Com

မြန်မာစစ်တပ်ဆီကို ဆက်သွယ်ရေးပစ္စည်းရောင်းချခဲ့တဲ့ ND SatCom ကုမ္ပဏီကို ဂျာမဏီနိုင်ငံ၊ ရေ့စ်ဘင်စဘာ့ဒ်မြို့ အစိုးရရှေ့နေရုံးက ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေပြီလို့ Justice for Myanmar က အသိပေးထုတ်ပြန်လာပါတယ်။

JFM က ပေးခဲ့တဲ့ သုတေသနအထောက်အထားကို အခြေခံပြီးတော့ ဂျာမဏီက German Solidarity with Myanmar Democracy e. V. အဖွဲ့နဲ့ တရားလွှတ်တော်ရှေ့နေ Holger Rothbauer တို့က တိုင်ကြားချက်ဖွင့်ခဲ့တာ ဖြစ်ပြီး ဂျာမဏီအစိုးရဘက်က အခုလို စုံစမ်းစစ်ဆေးခဲ့တာပဲ ဖြစ်ပါတယ်။

ရေ့စ်ဘင်စဘာ့ဒ်မြို့ရဲ့ အစိုးရရှေ့နေရုံးက ND SatCom အပေါ် ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှု စတင်တာကို JFM ကကြိုဆိုတယ်လို့ ဆိုပါတယ်။

“ ND SatCom အပေါ် အရေးယူဆောင်ရွက်မှုတွေ အလျင်အမြန်ဆောင်ရွက်ဖို့နဲ့ ဂျာမန်စက်ပစ္စည်းနဲ့ နည်းပညာတွေကို မြန်မာစစ်အုပ်စု ရရှိနေတာကို ဖြတ်တောက်ဖို့ ဂျာမန်အာဏာပိုင်တွေကို တိုက်တွန်းတောင်းဆိုတယ်လို့ “ လို့ JFM ပြောခွင့်ရ မရတနာမောင်က ပြောပါတယ်။

ND SatCom ဟာ ဂျာမန်ဂြိုလ်တုဆက် သွယ်ရေးကော်ပိုရေးရှင်း တစ်ခုဖြစ်ပြီး စစ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ဗီယက်နမ်ကတဆင့် မြန်မာစစ်တပ်ဆီကို စစ်ပစ္စည်းတွေ ပေးပို့ခဲ့သလို ဂြိုလ်ထုမိုဒမ် (modems) တွေကိုလည်း စစ်အုပ်စုရဲ့ ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးကို ပေးပို့ခဲ့တယ်လို့ JFM က ဖော်ထုတ်ထားပါတယ်။

စစ်အုပ်စုဆီ ပစ္စည်းပေးပို့တဲ့နေရာမှာ ကြားခံပွဲစားအဖြစ် မြန်မာပုဂ္ဂလိက ကုမ္ပဏီ Terabit Wave နဲ့ ဗီယက်နမ် ကုမ္ပဏီ OSB Investment and Technology JSC တို့က ဆောင်ရွက်ပေးခဲ့တာပါ။

JFM ရဲ့ ဖော်ထုတ်ချက်အရ အာဏာသိမ်းစစ်အုပ်စုအတွက် ပွဲစားလုပ်ပေးနေတဲ့ အဆိုပါ ကုမ္ပဏီ နှစ်ခုဟာ မြန်မာပြည်မှာ Com & Com နာမည်နဲ့ ဖက်စပ်ကုမ္ပဏီတစ်ခု ဖွင့်ထားပြီး အဲဒီကနေ မြန်မာစစ်တပ်ရဲ့ ND SatCom စက်ပစ္စည်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း အပါအဝင် စစ်ဘက် – အရပ်ဘက် ဂြိုလ်တုဝန်ဆောင်မှုတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဂျာမဏီက စက်ပစ္စည်းတွေဟာ စင်ကာပူကုမ္ပဏီတွေ ဖြစ်တဲ့ Bright Sky နဲ့ Interspace Engineering Service တို့ကနေတဆင့်လည်း မြန်မာစစ်အုပ်စုဆီကို တင်ပို့ရောင်းချခဲ့တယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကတော့ “ တရားစွဲဆိုမှုမှာ မြန်မာစစ်အုပ်စုထံ လက်နက်နဲ့ စစ်ဘက် အရပ်ဘက် နှစ်မျိုးသုံး ပစ္စည်းတွေ လွှဲပြောင်းရောင်းချမှုအတွက် တာဝန်ခံမှုရှိစေဖို့နဲ့ ဂျာမဏီနဲ့ EU မှ နောက်ထပ် စစ်လက်နက်လွှဲပြောင်းမှုတွေကို ကာကွယ် တားဆီးဖို့အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ ပါဝင်ခဲ့တဲ့ ကုမ္ပဏီအားလုံးကိုလည်း တရားစွဲဆိုမှု တိုးချဲ့လုပ်ဆောင်ဖို့ လိုအပ်တယ် “ လို့ တိုက်တွန်းထားပါတယ်။

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာစစ်တပ်ဆီ စစ်လက်နက်နဲ့ စစ်ဘက် အရပ်ဘက်သုံး ပစ္စည်းတွေကို လွှဲပြောင်းရောင်းချခြင်းကို တားမြစ်တဲ့ ဥပဒေ ပြဌာန်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အခုတရားစွဲဆိုမှုအတွက် တိုင်ကြားထားသူ ဂျာမဏီက တရားလွှတ်တော်ရှေ့နေ Holger Rothbauer ဟာ စစ်တပ် အသုံးပြုနေတဲ့ စစ်ရေယာဉ် မုတ္တမအတွက် အဓိကစက်ပစ္စည်း အစိတ်အပိုင်းတွေကို ရောင်းချပေးခဲ့တဲ့ ဂျာမဏီအခြေစိုက် MAN Energy Solution ကုမ္ပဏီကိုလည်း ပြီးခဲ့တဲ့ ဩဂုတ်လက တိုင်ကြားထားတာ ရှိပါတယ်။

The Tanintharyi Times