တနင်္သာရီတိုင်းမှာ ကိုဗစ်ကူးစက်ခံထားရသူစစ်ဆေးတွေ့ရှိမှု ထားဝယ် အများဆုံးဖြစ်နေ

တနင်္သာရီတိုင်းမှာ ကိုဗစ်ကူးစက်ခံထားရသူစစ်ဆေးတွေ့ရှိမှု ထားဝယ် အများဆုံးဖြစ်နေ

Photo - ပုံဟောင်းဖြစ်ပါတယ်။

စစ်ကောင်စီတိုင်းကျန်းမာရေးဌာနရဲ့ စာရင်းအရထားဝယ်မြို့နယ်ဟာ တနင်္သာရီတိုင်းအတွင်းမှာ ကိုဗစ်-၁၉ ကူးစက်သူ စစ်ဆေးတွေ့ရှိမှု အများဆုံးမြို့နယ်ဖြစ်နေပါတယ်။

တိုင်းအတွင်းက မြို့နယ် ဆယ်ခုမှာ သုံးရက်အတွင်း ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသူစုစုပေါင်း ၃၂ ဦးရှိခဲ့ပါတယ်။ အဲဒီထဲက ၂၄ ဦးဟာ ထားဝယ်မြို့နယ်ကဖြစ်နေခဲ့တာပါ။

ထားဝယ်မြို့နယ်အတွင်းက ကိုဗစ်သံသယရှိသူ ၁၉၉ ဦးစစ်ဆေးရာမှာ အခုလိုတွေ့ရှိခဲ့တာဖြစ်ပြီး ဆေးရုံကဆင်းသွားတဲ့လူနာကတော့ ၄ ဦးရှိပြီလို့သိရပါတယ်။

တိုင်းအတွင်း ကိုဗစ်ပိုးတွေ့ရှိမှု ဒုတိယအများဆုံးဖြစ်တဲ့ မြို့နယ်ကတော့ မြိတ်ဖြစ်ပြီး သုံးရက်အတွင်း စစ်ဆေးတွေ့ရှိသူ ၅ ဦးအထိရှိပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့နောက်ပိုင်းကစပြီး ထားဝယ်မြို့နယ်မှာ နေ့တိုင်းဆိုသလို ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိနေတာဖြစ်ပြီးကိုဗစ်မျိုးကွဲ အိုမီခရွန် BA.4 နဲ့ BA.5 ဟုတ်မဟုတ်ကိုတော့ မသိရပါဘူး။

အခုစာရင်းဟာ တိုင်းကျန်မာရေးဌာနရဲ့ထုတ်ပြန်ချက်ကိုရယူဖော်ပြတာဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်နဲ့အနည်းငယ်ကွဲလွဲမှုရှိနေပါတယ်။

အခုအောက်တိုဘာလ ၅ ရက်နေ့ကတော့ ထားဝယ်မြို့နယ်က ကိုဗစ်ပိုးတွေ့လူနာတစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ အခုအချိန်ထိ​မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသူ ၆၂၈၈၆၁ ဦးခန့်ရှိပြီး သေဆုံးသူစုစုပေါင်း ၁၉၄၇၁ ဦးရှိပြီလို့ ဆိုပါတယ်။

The Tanintharyi Times