တပ်တွင်းစည်းလုံးညီညွတ်ရေးကို အောင်မြင်စွာတည်ဆောက်ဖို့ မော်လမြိုင်တပ်နယ်ခရီးစဉ်မှာ စစ်ကောင်စီခေါင်းဆောင် အဓိကပြော
တပ်တွင်းစည်းလုံးညီညွတ်ရေးကို အောင်မြင်စွာတည်ဆောက်ဖို့ မော်လမြိုင်တပ်နယ်ခရီးစဉ်မှာ စစ်ကောင်စီခေါင်းဆောင် အဓိကပြော
အာဏာသိမ်းခေါင်းဆောင်ဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် မော်လမြိုင်တပ်နယ်က စစ်သားတွေနဲ့ အောက်တိုဘာ ၁၆ ရက်က လာရောက်တွေ့ဆုံပြီး အမှာစကားပြောကြားရာမှာ တပ်တွင်း စည်းလုံးညီညွတ်ရေးကိုအဓိကထားဖို့ အကြိမ်ကြိမ် ပြောသွားခဲ့ပါတယ်။
အာဏာသိမ်းခေါင်းဆောင်ရဲ့ အမှာစကားကို သတင်းစဉ်ရဲ့ ပြန်လည်ဖော်ပြချက်အရ တပ်တွင်းစည်းလုံးညီညွတ်ရေးဆိုတဲ့ စကားလုံးကို ၁၀ ကြိမ်ထက် မနည်း ထည့်သွင်းပြောထားတာကို တွေ့ရပါတယ်။
အဆိုပါစကားလုံး ထပ်ပြန်တလဲလဲ ပါနေတဲ့ စစ်ကောင်စီ ဥက္ကဌရဲ့ အမှာစကားအချို့ကို နမူနာပြရရင် “စုစည်းသည့် အင်အားဖြင့် ဆောင်ရွက်ပါက အောင်မြင်မှုကို ရရှိနိုင်မည့် ဖြစ်သည့်အတွက် တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ စွမ်းအားများကို စုစည်းတည်ဆောက်၍ ထုဖြစ်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်ပြီး တပ်တွင်းစည်းလုံးညီညွတ်မှုအားဖြင့် ဆောင်ရွက်မည်ဆိုပါက ပိုမိုအောင်မြင်မည်ဖြစ်ကြောင်း၊ တစ်ဦးခြင်း အားထည့်ဆောင်ရွက်ခြင်းနှင့် စုစည်းညီညွတ်သည့်အားဖြင့် ဆောင်ရွက်ခြင်းသည် တပ်တွင်းစည်းလုံးညီညွတ်မှုကို ပိုမိုအောင်မြင်စေမည်ဖြစ်ကြောင်း” တို့ ဖြစ်ပါတယ်။
၎င်း အမှာစကားပြောကြားခဲ့တဲ့ တပ်နယ်ဒေသက တပ်ရင်းအများစုဟာ ကရင်၊ မွန်နဲ့ တနင်္သာရီတိုင်းဒေသတွေမှာ နေ့စဉ်တိုက်ပွဲတွေ ကြုံနေရသူတွေ ဖြစ်သလို၊ ပြည်သူ့ရင်ခွင်ကို ခိုလှုံသွားတဲ့ CDM စစ်သားတွေလည်း လစဉ်ရှိနေတဲ့ တပ်ရင်းတွေ ဖြစ်နေပါတယ်။
ဒါကြောင့်လည်း “တပ်တွင်းစည်းလုံးညီညွတ်မှု မရှိပါက အုပ်ချုပ်ရေး လုပ်ငန်းများကို ထိခိုက်လာနိုင်” ကြောင်း စစ်ကောင်စီဥက္ကဌက သူ့ရဲ့ အမှာစကားမှာ ထည့်သွင်းပြောခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း KNLA တပ်မဟာ ၅ နယ်မြေထဲကို CDM လုပ်အလင်းဝင်လာသူ ယာယီတပ်ရင်းမှူးအပါအဝင် ၇၀ ဦးရှိတယ်လို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက DVB ကို အရင်လက ပြောထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ CDM ပြုလုပ်လာတာဟာ အရှေ့တောင်ပိုင်း၊ တောင်ပိုင်းဒေသတင်မကပါဘူး၊ တနိုင်ငံလုံးအနှံ့ရှိနေတာပါ။
တနိုင်ငံလုံး အနေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံ လာတဲ့ ရဲနဲ့ စစ်သား အရေအတွက်ဟာ တစ်သောင်းနီးပါး ရှိတယ်လို့ NUG ရဲ့ တစ်နှစ်ပြည့် အစီရင်ခံချက်မှာ ဝန်ကြီးချုပ် မန်းဝင်းခိုင်သိန်းက ပြောထားဖူးပါတယ်။
CDM လုပ်လာတဲ့ စစ်သားတွေကို ဩစတြေးလျအစိုးရက ပြည်ဝင်ခွင့်ဗီဇာ ပေးတာ၊ လက်နက်နဲ့ CDM ဝင်တဲ့သူတွေကို NUG က ဆုကြေးငွေ ပေးနေတာ စတာတွေကို သတင်းမီဒီယာ အသီးသီးက ဖော်ပြနေပေမဲ့ စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေး တာဝန်ခံကတော့ ဒီကိစ္စတွေအပေါ် ငြင်းဆိုတာနဲ့ ဖြေရှင်းတာတွေ အခုထိ မတွေ့ရသေးပါဘူး။
The Tanintharyi Times
