KNU တပ်မဟာ ၄ နဲ့ ကော်သူးလေတပ်မတော်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွား
KNU တပ်မဟာ ၄ နဲ့ ကော်သူးလေတပ်မတော်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွား

ထားဝယ်အရှေ့တောဒေသမှာ KNU တပ်မဟာ ၄ ကရဲဘော်တွေနဲ့ ကော်သူးလေတပ်မတော်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စက်တင်ဘာလ ၁၆ ရက် မနက် ၇ နာရီလောက်ကစလို့ မေတ္တာမြို့၊ ကျောက်မဲတောင်ကျေးရွာအုပ်စု၊ ပျဥ်းသားတောရွာတဝိုက်မှာ နှစ်ဖက်ပစ်ခတ်သံတွေအများအပြားထွက်ပေါ်ခဲ့တာပါ။
ပျဥ်းသားတောရွာမှာရှိတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဂိတ်ကို KTLA က ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
မွန်းလွဲ ၁ နာရီလောက်အထိ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ကားအတက်အဆင်းလည်းလုပ်လို့မရခဲ့ဘူးလို့ခမောင်းသွယ်ဒေသခံတစ်ဦးကပြောပါတယ်။
ပျဥ်းသားတောရွာဟာ ကျောက်မဲတောင်ရွာကနေ ခမောင်းသွယ်တိုက်နယ်ကိုသွားတဲ့လမ်းပေါ်မှာတည်ရှိတာပါ။
KLNA ဂိတ်ကို KTLA က ဘာကြောင့်သွားရောက်ပစ်ခတ်တယ်ဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။
အရှေ့တောဒေသကပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကတော့ “တဖက်ကခြိမ်းခြောက်ပြီးပြောလို့ နောက်တဖက်ကလိုက်ပစ်တယ်လို့ကြားရတယ်” လို့ပြောပါတယ်။
အဲဒီပစ်ခတ်မှုဖြစ်စဥ် အသေးစိတ်နဲ့ နောက်ဆက်တွဲအခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားချိန်ဟာ အရှေ့တောဒေက ကျေးရွာတော်တော်များများမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေပြတ်တောက်နေတဲ့အချိန်လည်းဖြစ်ပါတယ်။
ကော်သူးလေတပ်မတော် ဆာကဆောတပ်မရဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းကို မနေ့ကဆက်သွယ်မေးမြန်းချိန်မှာတော့ အဲဒီပစ်ခတ်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး မြေပြင်ကနေသတင်းမရောက်သေးဘူးလို့ ပြောပါတယ်။
အခုလအစပိုင်းမှာ KTLA ဘက်က ရဲဘော် ၁၆ ဦး တပ်မဟာ ၄ ဆီကိုလက်နက်အပြည့်အစုံနဲ့လာရောက်ပူးပေါင်းခဲ့တယ်လို့ တပ်မဟာ ၄ ရဲ့တပ်မှူးတစ်ဦးရဲ့ပြောဆိုချက်ကို KIC သတင်းဌာနက အခုရက်ပိုင်းမှာ ရေးသားထားပါတယ်။
ကော်သူးလေတပ်မတော် ဆာကဆောတပ်မဘက်ကတော့ အဲဒါဟာ သတင်းအမှားသာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။
KNU တပ်မဟာ ၄ နဲ့ကော်သူးလေတပ်မတော်တို့ကြား စစ်ရေးအရသဘောထားတင်းမာမှုတွေဆက်တိုက်ရှိနေပြီး အခုနှစ်နှစ်ဆန်းပိုင်းနဲ့ ပြီးခဲ့တဲ့ဇူလိုင်လတွေမှာ တိုက်ပွဲနဲ့ကြားဖြတ်ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ အဲဒီပစ်ခတ်တိုက်ခိုက်မှုတွေမှာ KNLA စစ်ဘက်ရေးရာကွပ်ကဲရေးမှူး ဗိုလ်မှူးစောဖိုးစီ အပါအဝင်နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိခဲ့ပါတယ်။
The Tanintharyi Times