“ထောင်တွင်းဆေးခန်း”

“ထောင်တွင်းဆေးခန်း”

(ထားဝယ်အကျဥ်းထောင်အတွင်းမှ နိုင်/ကျဥ်းတစ်ဦး၏ပေးစာ)

အကျဥ်းသား ၁၁၀၀ ဦးကျော်ကို ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ ထားဝယ်ထောင် ဆေးခန်းဟာ ၆ ပေပတ်လည် အခန်းတစ်ခန်းဖြစ်ပါတယ်။

အခန်းရဲ့ လက်ယာဘက် နံရံကပ်လျက်မှာ စျေးပစ္စည်းတင်ရောင်းတဲ့ လူနာကုတင် တစ်ခုရှိပြီး ကုတင်အောက်မှာတော့ စျေးပစ္စည်းထည့်တဲ့ စက္ကူဖာတွေရှိပါတယ်။

ဆေးမှူးကြီးလက်စွဲ စျေးရောင်းသမားတယောက်ဟာ ခုံတန်းရှည်အပေါ်ထိုင်ပြီး လူနာကုတင်ပေါ်စာအုပ်တင်ကာ စျေးစာရင်းနဲ့ အကြွေးစာရင်းမှတ်ပါတယ်။

အခန်းရဲ့ လက်ဝဲဘက်နံရံကပ်လျက်မှာ ဆေးဘီရို ရှိပါတယ်။

အခန်းရဲ့ ဝင်ပေါက်တည့်တည့်နံရံကပ်လျက်မှာ စားပွဲတစ်လုံး၊ ထိုင်ခုံတစ်လုံးချထားပြီး ထိုင်ခုံအပေါ်မှာ ဆေးမှူးကြီး (သို့) ဆေးမှူးလေး ထိုင်ပါတယ်။

ဆေးခန်းလာပြကြတဲ့ လူနာတွေက မတ်တပ်ရပ်လျက် ကျန်းမာရေးစစ်ဆေးခံရ၊ ဆေးထိုးခံကြရပြီး တစ်ချို့လည်း ကြွေပြားခင်း တမံတလင်းအပေါ် (သို့) သစ်သားခွေးချေပုကလေးအပေါ်ထိုင်ကာ ဆေးထိုး၊ ဆေးကု ခံကြရပါတယ်။

ဘယ်ရောဂါလာလာ စီဗစ်၊ ပါရာစီတမောနဲ့ စီထရင်းပဲ အမြဲပေးတဲ့ ဆေးခန်းမှာ စျေးပစ္စည်းတော့ အစုံရတဲ့အပြင် ထောင်စျေးဘားမှာ တရားဝင်ဝယ်လို့မရတဲ့ပစ္စည်းတွေလည်း မှာယူလို့ရပါတယ်။

ဆေးခန်းလာပြတဲ့သူတွေကတော့ အခန်းအလိုက် ဆေးခန်းစာအုပ်တွေယူပြီး ဆေးမှူးလာချိန်ကိုစောင့်ပြီးတော့ တန်းစီစနစ်နဲ့ ဆေးယူကြရပေမဲ့ စျေးဝယ်သူ ကွမ်းဝယ်သူတွေကတော့ VIP တွေလို ဆေးခန်းအတွင်း ဝင်ချင်သလိုဝင် ထွက်ချင်သလို ထွက်နိုင်ကြပါတယ်။

ထားဝယ်ထောင်ဆေးခန်းမှာ ဆရာဝန်၊ ဆေးမှူးကြီး၊ ဆေးမှူးလေး ကျန်းမာရေးဝန်ထမ်း ၃ ယောက်ရှိပေမဲ့ ဆရာဝန်ဟာ ဆေးခန်းကို တော်ရုံတန်ရုံနဲ့ ဝင်လာလေ့မရှိပါ။ ထားဝယ်ထောင်မှာ ဆရာဝန်နဲ့ ဆေးခန်းပြဖူးသူ အင်မတန်ရှားပါးပါတယ်။

ဆေးမှူးကြီး၊ ဆေးမှူးလေးဟာ ဆေးခန်းကို နေ့တိုင်းလာကြပေမဲ့ ကွမ်းရောင်းတာနဲ့ စျေးရောင်းတာကိုပဲ အာရုံအစိုက်များပါတယ်။ ဆေးပေးတဲ့တာဝန်ကို ဆေးဝါးနည်းနည်းပါးပါးနားလည်တဲ့ အကျဥ်းသားတွေကိုပဲ လွှဲထားပါတယ်။

ဆေးမှူးကြီးနဲ့ ဆေးမှူးလေးဟာ နံနက် ၇ နာရီလောက်မှာ နံနက်စာ brakefast ရောင်းဖို့ အထုပ်တွေဆွဲလို့ ဆေးခန်းကိုရောက်လာကြပြီး ၈ နာရီခွဲလောက်မှာ အိမ်ပြန်သွားကြပါတယ်။ ၁၀ နာရီလောက်မှာ တခေါက်ပြန်ဝင်လာပြီး ၁၁ နာရီမှာ ပြန်ထွက်သွားပါတယ်။ ညနေ ၄ နာရီမှာ တခေါက်ပြန်ဝင်လာပြီး ၅ နာရီမှာ ပြန်ထွက်သွားပါတယ်။ ထောင်ထဲဝင်လာတဲ့ တခေါက်စီတိုင်းမှာ စျေးပစ္စည်းတွေ ဆွဲလာလေ့ရှိပါတယ်။

ဆေးမှူးကြီး၊ ဆေးမှူးလေး လာပြီဆိုရင် တစ်ချို့ အကျဥ်းသားတွေက မိမိတို့အိမ်က ပိုက်ဆံ အပ်ပေးလိုက်လားသွားမေးသူတွေရှိသလို၊ တစ်ချို့ကလည်း ကွမ်းဝယ်၊ စျေးဝယ်ဖို့ သွားကြပါတယ်။ တစ်ချို့ကလည်း စျေးပစ္စည်းမှာဖို့၊ မှာထားတဲ့ စျေးပစ္စည်း ရ၊ မရ သိရအောင် မေးဖို့ သွားကြပါတယ်။ တစ်ချို့ကတော့ နေထိုင်မကောင်းကြလို့ ဆေးထိုး ဆေးကုဖို့ သွားကြပါတယ်။

ဆေးမှူးကြီး၊ ဆေးမှူးလေးဟာ ဆေးခန်းမှာထိုင်ချိန် အင်မတန်နည်းပြီး သူတို့ရှိတဲ့ အချိန်တိုကလေးအတွင်းမှာလည်း ဆေးဝါးကုသခြင်းနဲ့မဆိုင်တဲ့ အလုပ်ပေါင်း သောင်းခြောက်ထောင်ကို ဆောင်ရွက်ကြပါတယ်။

ထောင်သားအများစုဟာ ဆေးခန်းကပေးတဲ့ ဆေးဝါးတွေအပေါ် ယုံကြည်ကိုးစားစိတ် နည်းပါးကြပါတယ်။ ဆေးခန်းကပေးတဲ့ဆေးဝါးတွေဟာ အာနိသင်နိမ့်ပါးပြီး စျေးပေါတဲ့ဆေးတွေဖြစ်တယ်လို့ အကျဥ်းသားတစ်ချို့က ပြောကြပါတယ်။ တစ်ချို့ဆေးတွေဟာ မှိုတက်နေသလို တစ်ချို့ဆေးတွေကလည်း လေဖြန်းနေပါတယ်။ တစ်ချို့ဆေးတွေဆိုရင် လက်နဲ့ဖျစ်လိုက်ရင် ကြေမွသွားပါတယ်။

ဆေးမှူးဟာ ဆေးကို ကိုယ်တိုင်မပေးဘဲ ဆေးဝါးနည်းနည်းပါးပါး နားလည်သူ ပုဒ်မ ၅၀၅ အကျဥ်းသား တစ်ယောက်ကို ဆေးပေးတဲ့တာဝန် လွှဲအပ်ထားပါတယ်။ တာဝန်ပေးခံရတဲ့အကျဥ်းသားဟာ လူနာအကျဥ်းသားတွေအပေါ် ပြေပြေလည်လည်မဆက်ဆံဘဲ ဆက်ဆံရေးမကောင်းတာကြောင့် တစ်ချို့အကျဥ်းသားတွေဆိုရင် တော်ရုံတန်ရုံ နေမကောင်းဖြစ်ရင် ဆေးခန်းသွားလေ့မရှိကြပါ။

ထားဝယ်ထောင်မှာ အရေးပေါ် ကျန်းမာရေး အစီအစဥ်တွေလည်းမရှိပါ။ ညရေးညတာ ကျန်းမာရေးဖောက်ပြန်သူတွေကို အချိန်မှီ လာရောက် ကုသပေးခြင်းလည်း မရှိပါ။ ညရေးညတာ ကျန်းမာရေးဖောက်ပြန်ပြီဆိုရင် ညကင်းတာဝန်ကျတဲ့ ဝန်ထမ်းလာကြည့်အောင် အော်ခေါ်ပြီး စောင့်ဆိုင်းရတာက နာရီဝက်လောက်ကြာပါတယ်။ ညကင်း ဝန်ထမ်းကတဆင့် ဆေးမှူးခေါ်ပေးဖို့က တစ်နာရီ နှစ်နာရီ၊ တစ်ခါတလေ နာရီအကန့်အသတ်မရှိ ကြာပါတယ်။ ဆေးမှူးလာပြီဆိုရင်လည်း ညဘက်မို့လို့ဆိုပြီး အိပ်ဆောင်အခန်းထဲ ဝင်မလာပါ။ ဘာယာတန်းအပြင်ဘက်ကနေ ဝတ်ကျေတမ်းကျေလောက်ပဲ ကြည့်ရှုပြီး ပြန်သွားပါတယ်။ လူနာက နောက်တစ်နေ့မနက်မှ ဆေးခန်းပြခွင့်ရပါတယ်။ သေမယ့်လူနာဆိုရင် ဆေးမှူးကိုစောင့်ရင်း သေသွားနိုင်တဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။

ဒါတွေဟာ လက်ရှိ ထားဝယ်ထောင်ထဲက ဆေးခန်းရဲ့ အခြေအနေတွေပါပဲ။ ဆေးခန်းဟာ ဆေးခန်းရဲ့ facility မပြည့်သလို ဆေးမှူးတွေဟာလည်း ဆေးမှူးရဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ဖို့ ပျက်ကွက်နေပါတယ်။ ဒီလိုအဘက်ဘက်က ယိုယွင်းပျက်ဆီးနေမှုတွေဟာ အကျဥ်းသားတွေအတွက် များစွာထိခိုက်နစ်နာနေစေပါတယ်။ ထားဝယ်ထောင်မှာ အရည်အသွေးပြည့်ဝတဲ့ ဆေးဝါးရရှိခွင့်၊ ကောင်းမွန်ထိရောက်တဲ့ ဆေးကုသမှုခံယူခွင့်နဲ့ အရေးပေါ်ကျန်းမာရေးအစီအစဥ်များ လစ်ဟင်းနေပါကြောင်း….

(၁၇.၉.၂၀၂၂)

( ည ၁၁ နာရီ ၅၄မိနစ်)

The Tanintharyi Times