စက်တင်ဘာ ၁၈ ရက် The Tanintharyi Times ရဲ့ မနက်ခင်းသတင်း

စက်တင်ဘာ ၁၈ ရက် The Tanintharyi Times ရဲ့ မနက်ခင်းသတင်း

ပြင်ကြီးရွာက ပျူစောထီးအဖွဲ့ဝင်ဆိုသူတစ်ဦးပစ်သတ်ခံရ 

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု ၊ ပြင်ကြီးကျေးရွာက ပျူစောထီးအဖွဲ့ဝင်ဆိုသူတစ်ဦး စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းက ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။ 

ပစ်သတ်ခံရသူဟာ အသက် ၄၀ ကျော်အရွယ် ကိုဇော်ဦးဆိုသူဖြစ်ပြီး မနက် ၇နာရီလောက်က နေအိမ်မှာပဲ ပစ်သတ်ခံလိုက်ရတယ်လို့သိရပါတယ်။ 

ကိုဇော်ဦးဟာ ရွာထဲမှာအရက်ဆိုင်ဖွင့်လှစ်ရောင်းချနေသူတစ်ဦးဖြစ်ပြီး စစ်ကောင်စီကိုသတင်းပေးလမ်းပြတာ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ပေါင်းပြီးရာဇဝတ်မှုကျူးလွန်တာတွေကိုပြုလုပ်နေသူဖြစ်တယ်လို့လည်း ​ဒေသခံတစ်ဦးက ပြောပါတယ်။ 

——————————–

ပုလောမှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၂ဦးသေဆုံး 

ပုလောမြို့နယ် ၊ ပုလောကုန်းကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊မြိတ်ခရိုင်တပ်ရင်း(၁)၊ တိုက်ခိုက်ရေးတပ်ခွဲ(၁) က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ပုလော PDF ကသတင်းထုတ်ပြန်ပါတယ်။ 

နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်တို့မှာ နှစ်ကြိမ်သွားရောက်တိုက်ခိုက်ခဲ့တာပါ။

စက်တင်ဘာ ၁၅ ရက် ညနေ ၃ နာရီသွားရောက်တိုက်ခိုက်မှုမှာ နှစ်ဖက်လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှု ၁နာရီခွဲခန့်အကြာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်မှုလည်းများပြားခဲ့တယ်လို့ ပုလော PDFတာဝန်ရှိသူကဆိုပါတယ်။ 

——————————–

ကိုယ်ရေးအချက်အလက်မပြည့်စုံတဲ့ မိုဘိုင်းငွေပေးချေမှု Mobile Pay အကောင့်တွေကို ဖျက်သိမ်းမယ်လို့ ဗဟိုဘဏ် ထုတ်ပြန်

မိုဘိုင်းငွေပေးချေစနစ်သုံး Mobile Pay အကောင့်တွေမှာ ကိုယ်ရေးအချက်အလက် အပြည့်အစုံဖြည့်ပေးဖို့အတွက် App အသုံးပြု့သူတွေ Level 2အဆင့်မြင့်ပေးရမှာဖြစ်ပြီး မလုပ်ဆောင်တဲ့ အကောင့်တွေကို အပြီးတိုင် ဖျက်သိမ်းသွားမယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာပါတယ်။

Wave Money ၊ KBZ Pay စတဲ့ မိုင်ဘိုင်းငွေပေးချေမှုစနစ်သုံး Appတွေမှာ Level 2အဆင့်မြှင့်တင်ဖို့  မှတ်ပုံတင်၊ ဓါတ်ပုံစတဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖြည့်သွင်းပေးရမှာဖြစ်ပြီး အခုလို အဆင့်မမြှင့်တင်ထားတဲ့ အကောင့်တွေအားလုံး အပြီးတိုင် ပိတ်သိမ်းသွားမယ်လို့ ဗဟိုဘဏ်က ဆိုလိုတာဖြစ်ပါတယ်။

——————————–

လက္ကူးကျေးရွာကအုပ်ကြီးကို ပုလောဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့က ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန် 

ပုလောမြို့နယ်၊ လက္ကူးကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ပြီးခဲ့တဲ့ ၁၅ ရက်နေ့က ပုလောဒေသကာကွယ်ရေး မဟာမိတ်တပ်‌ပေါင်းစုအဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ ရှင်းလင်းခဲ့တယ်လို့  ဒီကနေ့ စက်တင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။ 

အသတ်ခံရသူမှာ ဦးဝင်းကြွယ် ဆိုသူဖြစ်ပြီး စစ်ကောင်စီရဲ့ထောက်တိုင်အဖြစ်ရပ်တည်တဲ့အပြင် ပျူစောထီးတွေနဲ့ပေါင်းပြီး စစ်ဆေးရေးဂိတ်က ဖြတ်သန်းသွားလာသူတွေဆီကနေ ခေါင်းပုံဖြတ် အမြတ်ထုတ်၊ လုပ်ပိုင်ခွင့်အာဏာမှန်သမျှကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေတာတွေကြောင့် အခုလိုရှင်းလင်းခဲ့ရတာဖြစ်တယ်လို့ အဖွဲ့ကထုတ်ပြန်ထားပါတယ်။ 

——————————–

“ဝ”ဒေသမှာ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC)အဖွဲ့ဝင်တွေ ဆွေ့ဆုံ

 UWSA ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်တွေဟာ “၀” ဒေသမှာ မနေ့က စက်တင်ဘာ ၁၆ ရက်မှာ တွေ့ဆုံခဲ့ကြတယ်လို့ The Kokang မီဒီယာက ဖော်ပြပါတယ်။

တွေ့ဆုံခဲ့တဲ့ အဖွဲ့တွေကတော့  ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၊ ရှမ်းအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) နဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့အဖွဲ့ဝင်ဖြစ်တဲ့ ကိုးကန့် (MNDAA)တို့ပါဝင်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

The Tanintharyi Times