အိမ်လွမ်းစိတ်

အိမ်လွမ်းစိတ်

လွမ်းတတ်သူအတွက်တော့ အရာရာဟာ လွမ်းချင်စရာချည်း ပါပဲ။

အယုတ်အလတ် အမြတ်မရွေး လူတိုင်းမှာ အလွမ်းဓာတ်ခံ အနည်းနဲ့အများ ဆိုသလို ရှိတတ်ကြစမြဲ။ အထူးသဖြင့် အလွမ်းတကာ့ အလွမ်းထဲမှာ အိမ်လွမ်းစိတ်က နင့်နင့်သီးသီး အဖြစ်ဆုံးပဲ။

အိမ်လွမ်းစိတ်ကို ဘယ်သူတွေ ခံစားကြရသလဲ။ အိမ်နဲ့ ဝေးနေသူတွေ အခံစားရဆုံးဖြစ်ပါတယ်။ တချို့တွေက အိမ်နဲ့ မလှမ်းမကမ်း အဝေးမှာ။ တချို့ကတော့ မိုင်ထောင်ချီ ဝေးကွာတဲ့ အရပ်ဒေသတွေမှာ။ နီးနီးဝေးဝေး အိမ်နဲ့ ဝေးပြီးကတည်းက အိမ်လွမ်းစိတ် ရှိကြသူချည်း။

အလွမ်းဓာတ်က ထူးခြားတယ်လို့တောင် ဆိုနိုင်တယ်။ တခါတရံ အကြောင်းအားလျော်စွာ အိမ်နဲ့ ဝေးကြရသူတွေအဖို့ လက်ရှိရောက်နေတဲ့ နေရာဒေသက ဘယ်လောက်ပင် ပြည့်စုံကြွယ်ဝစေကာမူ လွမ်းတာကတော့ လွမ်းတာပါပဲ။

နန်းတော်ရှေ့ဆရာတင်ကြီး ရန်ကုန်ရွှေမြို့တော်ကြီးမှာ နည်းနည်းအနေကြာလာတော့ သူ့မြို့သူ့ရွာကို လွမ်းလာတယ်။ ရန်ကုန်ဟာ နတ်ပြည်ကြီးပဲဆိုစေကာမူ ရိုးရိုးပဲ ကိုယ့်မြို့တော့ လွမ်းသေးတယ်ဗျို့ဆိုပြီး တေးသီချင်းသိကုံး ရေးစပ်ခဲ့တယ်။

အဆိုတော် ထူးအိမ်သင်လည်း ရထားဉဩသံလေးများကြားရင် အိမ်ပြန်ချင်တဲ့စိတ် တားမရတဲ့အကြောင်း အမေ့အိမ်ဆိုပြီးသီဆိုဟစ်ကြွေးခဲ့ဖူးတယ်။

ခက်ခဲကြမ်းတမ်းတဲ့ လောကအလယ်မှာ လျှောက်လှမ်းကြရတဲ့အခါ ငယ်စဉ်တောင်ကျေး ကလေးဘဝက ရခဲ့တဲ့ လွတ်လပ်ပျော်ပါးမှုတွေကို တမ်းတတတ်ကြတာ ဓမ္မတာပါပဲ။

ဒီနေ့ခေတ်မှာ အကြောင်းခြင်းရာများစွာနဲ့ နေရပ်စွန့်ခွာမှုတွေက များပြားလှတယ်။ တစ်ဝမ်းတခါးအတွက် မြို့ကြီးပြကြီး ပြောင်းရွှေ့‌အခြေချလာရသူတွေ ရှိတယ်။ ဘဝတက်လမ်း အတွက် ရပ်ဝေးမြေခြား တိုင်းတပါးမှာ ပညာရှာမှီးနေကြရသူတွေလည်း အများအပြား။ တချို့ကတော့ စစ်ဘေးရှောင်ကြရသူတွေ။ တချို့ကတော့ အာဏာရှင်ကို တော်လှန်နေသူတွေ။ ယုံကြည်ချက်ကြောင့် အမိုးကျယ်ကျယ် မြင်ခွင့်မရကြသူတွေလည်း ရှိတယ်။ တချို့ဆို အိမ်ကို လွမ်းကြပေမယ့် ပြန်စရာအိမ်တောင် မရှိကြတော့ဘူး။

မည်သို့ပင်ဆိုစေ မွေးရပ်မြေကို စွန့်ခွာသွားကြရသူတွေမှာ အိမ်လွမ်းစိတ် ဇာတိလွမ်းစိတ်လေးတွေကတော့ အမြဲမဟုတ်တောင် အကြောင်းတိုက်ဆိုင်တိုင်း ပေါ်လာတတ်ကြစမြဲ။

အိမ်ဝေးတာချင်းအတူတူ အလွမ်းဒီဂရီ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ဘူး။ အလွမ်းဓာတ်ခံပေါ်မူတည်ပြီး အလွမ်းအနုအရင့် ကွဲပြားနိုင်ပါတယ်။ ချန်ရစ်သူတွေက လွမ်းရသလို ကျန်ခဲ့သူတွေကလည်း လွမ်းရတာပါပဲ။

အလွမ်းကို တိတိကျကျ တိုင်းတာနိုင်တဲ့ကရိယာ မရှိသေးတော့ ဘယ်သူ့အလွမ်းက သာတယ်၊ ဘယ်သူ့အလွမ်းကတော့ဖြင့် လျော့တယ် စသဖြင့် မှန်းဆရတာ ခက်ခဲလိုက်တာ။

သကြင်္န်နီးလို့ ဒိုးဆစ်သံတွေမြူးမြူးကြွကြွ ကြားရင် လွမ်းကြသူတွေ ရှိသလို ဘုရားပွဲ နတ်ပွဲရာသီရောက်လို့ နတ်ဒိုးသံ တဂျိမ်းဂျိမ်း အသံကြားလို့ လွမ်းသူတွေလည်း ရှိနိုင်ပါတယ်။ ‌ငယ်ပေါင်းသူငယ်ချင်းတွေနဲ့ ရောက်တတ်ရာရာ ထွေရာလေးပါး ပြောချင်တာကလည်း အိမ်လွမ်းစိတ်ပါပဲ။

တကယ်တော့ လွမ်းတယ်ဆိုတာ ယဉ်ကျေးမှုကိုယ်ခံအား မြင့်ပါမှ လွမ်းနိုင်တာမျိုး မဟုတ်လား။ လွမ်းစရာလည်း ရှိရမယ်။ လွမ်းလောက်တဲ့အကြောင်းရင်းကလည်း ရှိရဦးမယ်။ ကိုယ်တိုင်ကလည်း လွမ်းတတ်ရမယ်။ ဒါမှလည်း လွမ်းရတာ အရသာရှိတာ။ မလွမ်းလောက်သူတွေအတွက်တော့ လွမ်းလောက်စရာ အကြောင်းမရှိပါဘူး။

စာရေးဆရာတွေကလည်း အိိမ်လွမ်းစိတ် ဇာတိချစ်စိတ်ကို မမေ့မလျော့ မှတ်တမ်းတင်ခဲ့ကြပါတယ်။ စာရေးဆရာ မြသန်းတင့်ရဲ့ တမာနုချိန် စစ်တမ်းက စာရေးသူရဲ့ အိမ်လွမ်းဝေဒနာ ဖြစ်ပါတယ်။ ဘုတလင်သား သိန်းဖေမြင့်ကလည်းသူ့ဇာတိရောက်တဲ့အခါ မခမ်းနားလှပေမဲ့ သူ့ငယ်ဘဝ အမှတ်ရစရာ ဘုတလင်ဘူတာရုံလေးဆီ ခရီးရောက်မဆိုက် သွားရောက်ကြည့်ခဲ့ရကြောင်း သူ့စာတစ်ပုဒ်မှာ ထည့်သွင်းရေးဖွဲ့ခဲ့တယ်။

အိမ်ဝေးသားတွေ အိမ်ရဲ့ရင်ခွင်မှာ ခိုလှုခွင့်ရစေချင်တယ်။ မိသားစု ထမင်းဝိုင်းတွေမှာ လူစုံတက်စုံ မြိန်ရည်ယှက်ရည် ခေါင်းမဖော်တမ်း တပျော်တပါး စားစေချင်ပြီ။

ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ကဗျာလေး တစ်ပုဒ် သတိရမိပါသေးတယ်။

နွေ၏အလွန်

မိုးငွှေ့သွန်သော်

ကျနော် အိမ်ပြန်ရတော့မည်။

ဟုတ်ပါတယ်။ စနေဒေါင့်မှာ မိုးသားတွေ အလိပ်လိုက် တက်လာပါပြီကော။ ကောင်းကင်တခွင်လုံးလျှပ်စီးတွေက ဖြိုးဖြိုးဖျပ်ဖျပ် ဝင်းဝင်း လက်လက်။ မကြာမီ မိုးတွေ ရွာပါတော့မယ်။ ကျနော်တို့အားလုံး သေချာပေါက် အိမ်ပြန်ကြရပါတော့မယ်။

အယ်ဒို

The Tanintharyi Times