ဗုံးကြဲတိုက်ခိုက်တာတွေနဲ့ ရွာတွေကို မီးရှို့တာတွေ ရပ်ဖို့ ကုလကိုယ်စားလှယ်တောင်းဆို
ဗုံးကြဲတိုက်ခိုက်တာတွေနဲ့ ရွာတွေကို မီးရှို့တာတွေ ရပ်ဖို့ ကုလကိုယ်စားလှယ်တောင်းဆို
စစ်ကောင်စီအနေနဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ၊ လူနေအိမ်တွေနဲ့ အဆောက်အုံတွေကို မီးရှို့ဖျက်ဆီးတာတွေ ရပ်တန့်ဖို့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာက ဒီကနေ့ စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံစဉ် တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာဟာ တာဝန်ခန့်အပ်ခံရပြီးနောက် တစ်နှစ်နီးပါးအကြာမှာမြန်မာနိုင်ငံကို ပထမဆုံး ရောက်လာတာဖြစ်ပြီး ဩဂုတ်လ ၁၇ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။
အဲဒီလို တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ မေတ္တာရပ်ခံခဲ့သလို အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လက်ရှိ ကျန်းမာရေး၊ နေရေးထိုင်ရေး အခြေအနေတွေကို အထူးစိုးရိမ်ကြောင်း၊ လူချင်း တွေ့ဆုံလိုကြောင်းနဲ့ ကုလအထူးကိုယ်စားလှယ်နဲ့ သက်ဆိုင်သူအားလုံး တွေ့ဆုံရေးမှာ ဒေါ်အောင်ဆန်းစုကြည်က အရေးကြီးကြောင်း တောင်းဆိုအသိပေးခဲ့တယ်လို့ မစ္စဟေဇာက ဆိုပါတယ်။
ဒါ့အပြင် သူ့ရဲ့ နေပြည်တော် ခရီးစဉ်ဟာ မြန်မာပြည်သူတွေရဲ့ ပဋိပက္ခနဲ့ ဆင်းရဲဒုက္ခတွေကို လျှော့ချရေး အဆိုပြုဖို့ဖြစ်ပြီး ဒီလိုလာရောက်တွေ့ဆုံခြင်းဟာ ဘယ်လိုနည်းနဲ့မှ စစ်ကောင်စီကို တရားဝင်မှုပေးတာ မဟုတ်ဘူးလို့ ခရီးစဉ်နဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကုလအထူးကိုယ်စားလှယ်အနေနဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ အစိုးရနဲ့ တရားဝင်တွေ့ဆုံမှု ဖြစ်တယ်လို့ ဩဂုတ်လ ၁၇ ရက် ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်ပြောခဲ့ပါတယ်။
ကုလသမဂ္ဂကတော့ ခရီးစဉ်ဟာ အကြမ်းဖက်မှုတွေ လျှော့ချရေး လက်တွေ့ကျကျ လုပ်ဆောင်ဖို့၊ ဘက်ပေါင်းစုံ ကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို တစ်ပြေးညီ ပေးအပ်နိုင်ရေး ကိစ္စတွေကို စစ်ကောင်စီဥက္ကဋ္ဌနဲ့ လူကိုယ်တိုင် တွေ့ဆုံပြောဆိုဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရှင်းလင်းထားပါတယ်။
စစ်ကောင်စီနဲ့ တွေ့ဆုံစဉ်မှာ သေဒဏ်စီရင်တာတွေ ထပ်မလုပ်ဖို့၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့တွေ တောင်းဆိုခဲ့သလို စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရတဲ့ ဩစတြေးလျ စီးပွားရေး ပညာရှင် ရှောင်တာနယ် လွတ်မြောက်ရေးကိုပါ တောင်းဆိုခဲ့တယ်လို့ ကုလထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မြန်မာနိုင်ငံကို မလာရောက်ခင် နိုင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ပဋိပက္ခကြောင့် ထိခိုက်ခံစားရတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးပြီးမှ လာခဲ့တာလို့ ကုလရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
The Tanintharyi Times
