KNLA တပ်မဟာ ၄၊ တပ်ရင်း ၁၀ ရဲ့ဒုတပ်ရင်းမှူး ကျဆုံး

KNLA တပ်မဟာ ၄၊ တပ်ရင်း ၁၀ ရဲ့ဒုတပ်ရင်းမှူး ကျဆုံး

ဓာတ်ပုံ - ဗိုလ်မှူးစောလားထော်

ဗိုလ်လားထော်လို့ လူသိများတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးစောလားထော်ဟာ မနေ့က ကျဆုံးခဲ့တယ်လို့ KNLA ဆီက သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄၊ တပ်ရင်း ၁၀ ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူး စောလားထော်နဲ့ ရဲဘော်နှစ်ဦးဟာ လက်နက်ကြီးကျည်မတော်တဆပေါက်ကွဲပြီး ကျဆုံးခဲ့တာဖြစ်တယ်လို့ KNLA တပ်ရင်း ၁၂ (တပ်မဟာ ၄) နဲ့ တပ်ရင်း ၂၇ (တပ်မဟာ ၆) တို့ရဲ့ပူးတွဲတပ်ရင်းမှူး စောမှူးဂေကပြောပါတယ်။

မနေ့ကမနက်ပိုင်းမှာ ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်ကျေးရွာအနီးက စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ဖို့လုပ်ဆောင်နေချိန် လက်နက်ကြီးထပေါက်ခဲ့တယ်လို့ တပ်ရင်းမှူး စောမှူးဂေက ဆိုပါတယ်။

“ကျည်ပေါက်ထွက်ပြီးတော့ အဓိကသူ့ဗိုက်မှာထိသွားတာ။ ပွဲချင်းပြီးဆုံးသွားတယ်” လို့ စောမှူးဂေကပြောပါတယ်။

ဗိုလ်မှူး စောလားထော်နဲ့အတူ KNLA တပ်မဟာ ၄ တပ်ရင်း ၁၀ က ရဲဘော်နှစ်ဦးလည်း လက်နက်ကြီးမတော်တဆပေါက်ကွဲရာမှာ သေဆုံးသွားတယ်လို့ စောမှူးဂေကဆက်ပြောပါတယ်။

အခုနှစ်ဆန်းပိုင်းကစလို့ ထားဝယ်ခရိုင်အတွင်းက စစ်ဆင်ရေးတွေကို KNLA တပ်မဟာ ၄ တပ်ရင်း ၁၂၊ တပ်မဟာ ၆ တပ်ရင်း ၂၇ နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက အဓိကလုပ်ဆောင်နေပြီး တပ်မဟာ ၄ တပ်ရင်း ၁၀ ကလည်း ပူးပေါင်းပါဝင်နေတယ်လို့ စောမှူးဂေက ဆိုပါတယ်။

ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ အခုနှစ်အစပိုင်းကစလို့ စခန်းသိမ်းတိုက်ပွဲတွေနဲ့ စစ်ရေးအရှိန်မြင့်လာခဲ့ပြီး လက်ရှိမှာလည်း နှစ်ဖက်စစ်‌ရေးလှုပ်ရှားမှုတွေနဲ့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။

အခုလအတွင်း သရက်ချောင်းမြို့နယ်က ပဲဒက်စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီးနောက်မှာလည်း ကနက်သီရိ၊ ရငဲ၊ ကတွဲနဲ့ ဂုံညှင်းဆိပ်ကျေးရွာတွေ စစ်ကောင်စီတပ်က တိုက်လေယာဥ်တွေ ရဟတ်ယာဥ်တွေနဲ့ဗုံးကြဲတိုက်ခိုက်နေပါတယ်။

အခုလ ပထမဆယ်ရက်အတွင်းမှာလည်း သရက်ချောင်းနဲ့ လောင်းလုံးမြို့နယ်တွေက တိုက်ပွဲနဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တော်လှန်ရေးရဲဘော် ၅ ဦး ကျဆုံးခဲ့ပါတယ်။

The Tanintharyi Times