“အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာ ၁ ဘီလီယံ တန်ကြေးရှိ စစ်လက်နက်တွေ မြန်မာစစ်အုပ်စုဝယ်ယူ တင်သွင်းထား”

“အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာ ၁ ဘီလီယံ တန်ကြေးရှိ စစ်လက်နက်တွေ မြန်မာစစ်အုပ်စုဝယ်ယူ တင်သွင်းထား”

မြန်မာစစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေကြောင်း သက်သေနဲ့တကွ ဝေဖန်ထောက်ပြမှုတွေ ပေါ်ပေါက်နေတာတောင် အခုအချိန်ထိ စစ်လက်နက် တင်ပို့နေသူတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွန်အင်ဒရူးစ် Tom Andrews က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိတဲ့ စစ်လက်နက်တွေ မြန်မာနိုင်ငံကို တင်သွင်းထားတယ်လို့ သူက ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က နယူးယောက်မှာ ထုတ်ပြန်တဲ့ Tom Andrews ရဲ့ အစီရင်ခံစာအရ မြန်မာကို တင်သွင်းတဲ့ လက်နက်ကိရိယာ အများစုက ရုရှား၊ တရုတ်နဲ့ စင်္ကာပူ ကုမ္ပဏီတွေတဆင့် ဝင်ရောက်လာတာလို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ စစ်ဘက်ဆိုင်ရာ ပစ္စည်းတင်ပို့မှုတွေထဲမှာ လက်နက်အမျိုးမျိုး၊ ရည်ရွယ်ချက် နှစ်မျိုးသုံးနည်းပညာနဲ့ လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေ ပါဝင်ပါတယ်။

အစီရင်ခံစာအရ မြန်မာစစ်တပ်ကို တိုက်ရိုက်ဖြစ်စေ စစ်အုပ်စုကိုယ်စား အလုပ်လုပ်ပေးနေတဲ့ မြန်မာလက်နက်ပွဲစားတွေက တဆင့်ဖြစ်စေ စစ်လက်နက်တင်သွင်းမှု အကြိမ်ပေါင်း ၁၂,၅၀၀ ကျော် ပြုလုပ်ထားကြောင်း ဖော်ထုတ်ရရှိခဲ့တယ်လို့ သိရပါတယ်။

“မြန်မာစစ်အုပ်စုကို တင်ပို့ပေးနေတဲ့ လက်နက်အမျိုးအစားတွေ စုံလင်များပြားမှုနဲ့ အရေအတွက်က မယုံနိုင်လောက်အောင် များပြားလွန်းနေတယ်။ စစ်လက်နက်တွေနဲ့ အတွင်း အစိတ်အပိုင်းတွေ တင်မကပါဘူး….တိုက်လေယာဥ်တွေ ဒရုန်းတွေလည်းပါဝင်နေသလို ရေတပ်သင်္ဘောသုံး ကိရိယာတန်ဆာပလာတွေနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေလည်း ပါဝင်နေတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းမှုကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး မြန်မာနိုင်ငံဟာ လက်ရှိမှာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေအောက်မှာ အကျပ်အတည်းနဲ့ ကြုံနေရပါတယ်။

အတိုက်အခံတွေအပေါ် စစ်တပ်ရဲ့ ပြင်းထန်တဲ့ နှိမ်နင်း သတ်ဖြတ်မှုတွေကြောင့် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် အထူးတာဝန်ရှိသူအဖြစ် သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ပဇီကြီးကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ရွာသား ၃၀၀ ထိခိုက်ခံစားခဲ့ရတဲ့ ဖြစ်စဥ်မှာ ရုရှားနိုင်ငံထုတ် Yak-130 တိုက်လေယာဥ်ကနေ ပေါင် ၅၅၀ အလေးချိန် ဗုံးနှစ်လုံး လူအုပ်အပေါ် ပစ်ချခဲ့ခြင်း ဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဆက်လက်ပြီး Mi-35 စစ်ရဟတ်ယာဥ် နှစ်စင်းထပ်မံရောက်ရှိလာပြီး ဒဏ်ရာရရှိထားတဲ့ လူအုပ်အပေါ် နောက်တစ်ကြိမ် ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် အနည်းဆုံး လူပေါင်း ၁၆၀ ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့ပြီး ၅၉ ဦးကိုသာ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ခွဲခြားသိရှိနိုင်တော့တယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

အစီရင်ခံစာအရ ရုရှားလုပ်ငန်းတွေကနေ လက်နက်နဲ့ ဆက်စပ်ပစ္စည်း ဒေါ်လာ ၄၀၆ သန်း၊ တရုတ်ကုမ္ပဏီတွေကနေ ဒေါ်လာ ၂၅၄ သန်းနဲ့ စင်္ကာပူလုပ်ငန်းတွေကနေ ဒေါ်လာ ၂၅၄ သန်း တင်သွင်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာစစ်အုပ်စု အိန္ဒိယကနေ စစ်လက်နက်ပစ္စည်း ဒေါ်လာ ၅၁ သန်း နဲ့ ထိုင်းကနေ ဒေါ်လာ ၂၈ သန်းဖိုး ပို့ဆောင်ထားပါသေးတယ်။

လက်နက်တင်ပို့တဲ့ လုပ်ငန်းတွေထဲမှာ ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့က နိုင်ငံပိုင်အဖွဲ့အစည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

“ဖော်ထုတ်တွေ့ရှိထားတဲ့ ဒေါ်လာ ၉၄၇ သန်းကျော် စစ်လက်နက်ကုန်သွယ်မှုဟာ မြန်မာစစ်တပ် ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေဆီ တိုက်ရိုက်လွှဲပြောင်းထားပါတယ်—ဥပမာ၊ စစ်လက်နက် ပစ္စည်း ဝယ်ယူရေး ညွှန်ကြားမှု ဦးစီးဌာန၊ ကာကွယ်ရေး စက်မှုလုပ်ငန်း ညွှန်ကြားရေးမှူးရုံး သို့မဟုတ် မြန်မာ့လေတပ်၊ တပ်မတော် အခြေခံလေ့ကျင့်ရေးကျောင်း စတဲ့ စစ်တပ်အောက်က သီးခြားဌာနခွဲတွေ စတာတွေကို အဝင်ပြထားပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပါထားတယ်။

“ဆိုလိုတာက စစ်တပ်ကိုယ်တိုင်က ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေမှာ လက်ခံသူအဖြစ် စာရင်းသွင်းထားတာကြောင့် ဒီစစ်လက်နက် ပစ္စည်းတွေ ဘယ်ရောက်သွားမလဲဆိုတာ ရှင်းလင်းနေပါပြီ” လို့ တွန် အင်ဒရူးစ်က ပြောပါတယ်။

ဆက်လက်ပြီး သူ့တွေ့ရှိချက်တွေကို သက်ဆိုင်ရာ အစိုးရတွေကို မျှဝေထားတယ်လို့ သိရပါတယ်။

အဲဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ရုရှားနဲ့ တရုတ် ကိုယ်စားလှယ်တွေက တွန်အင်ဒရူးစ်ဟာ သူ့လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး တရားဝင် လက်နက်ရောင်းဝယ်မှုကို သားပုပ်လေလွင့်ပြောနေတယ် လို့ တုံ့ပြန်ပါတယ်။

တချိန်တည်းမှာပဲ အိန္ဒိယကလည်း သူတို့ရဲ့ နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ လက်နက်စာချုပ်တွေဟာ ယခင်အစိုးရလက်ထက်က လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ကြောင်း ပြန်လည် ဖြေရှင်းပါတယ်။

ဆက်လက်ပြီး စင်ကာပူနဲ့ ထိုင်း အစိုးရပိုင် လုပ်ငန်းတွေကနေ မြန်မာစစ်အုပ်စုကို လက်နက်ရောင်းချထားတဲ့ အချက်အလက်တွေ မတွေ့ရတာကြောင့် လက်နက်ကုန်သည်တွေအနေနဲ့ အဲဒီ့နိုင်ငံတွေကို လက်နက်သယ်ဆောင်ရေး ကြားခံ နယ်မြေအဖြစ် အသုံးချနေပုံရတယ်လို့ Andrews က မှတ်ချက်ပေးခဲ့ပါတယ်။ အထူးသဖြင့် ဒီနိုင်ငံတွေရဲ့ ဘဏ်လုပ်ငန်းနဲ့ ပို့ဆောင်ရေးကဏ္ဍတွေကို အသုံးပြုနေတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အစီရင်ခံစာရဲ့ တွေ့ရှိချက်အရ စင်ကာပူအစိုးရအနေနဲ့ သူတို့ရဲ့ ပို့ကုန်ထိန်းချုပ်မှုကို ပြန်လည်သုံးသပ်နေတယ်လို့ သိရပါတယ်။

The Tanintharyi Times